စီးပွားရေးအရ ကျရှုံးနိုင်ငံဖြစ်လာနိုင်ကြောင်း လေ့လာသူတွေပြော

မြန်မာမှာ ငွေကြေးဖောင်းပွမှု အကြီးအကျယ် မြင့်တက်နေတာကြောင့် ကျရှုံးနိုင်ငံဖြစ်လာနိုင်တယ်လို့ စီးပွားရေးသုံးသပ်သူတွေက သတိပေးပါတယ်။

၂၀၂၁ ခုနှစ်အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြစ်အတွင်းတွင် ကွန်တိန်နာတင် သင်္ဘောတစ်စင်းကို တွေ့ရစဉ်။ YE AUNG THU / AFP

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန် လက်ရှိ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု အကြီးအကျယ် မြင့်တက်နေတာကြောင့် နောက် ခြောက်လ ဒါမှမဟုတ် တစ်နှစ်အတွင်းမှာ စီးပွားရေးအရ ကျရှုံးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက သတိပေးပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၁၃၄၀ ကျပ်သာ ရှိခဲ့ရာကနေ အခု ၂၀၂၃ ဇူလိုင် ၆ ရက် ဒီနေ့မှာ ပြင်ပ‌ပေါက်ဈေး တစ်ဒေါ်လာကို ၃၀၆၅ ကျပ်ထိ သုံးဆနီးပါး ဈေးမြင့်တက်‌နေပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၁ သိန်းကျော်သာ ရှိခဲ့ရာကနေ ဇူလိုင် ၆ ရက် ဒီနေ့မနက် China Xinhua သတင်းရဲ့ ဖော်ပြချက်အရ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်အထိ မြင့်တက်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု၊ နိုင်ငံတကာငွေကြေးလဲလှယ်မှု အခက်အခဲ၊ လောင်စာဆီနဲ့ အခြေခံစားကုန်က အစ ဈေးမြင့်တက်မှု၊ စစ်ကောင်စီရဲ့ ငွေရေးကြေးရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုနဲ့ မကြာခဏ မူဝါဒပြောင်းလဲမှုတွေကြောင့် အခုလို ကြီးမားတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်ရတာလို့ စီးပွားရေးသုံးသပ်သူတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ဝက်အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ ပထမ နှစ်ဝက်အတွင်း ကုန်ထုတ်လုပ်မှုပမာဏ (GDP) အနည်းငယ် တိုးတက်လာတယ်လို့ ဖော်ပြပါတယ်။ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ကုန်ထုတ်လုပ်မှုပမာဏ ၁၀ ရာခိုင်နှုန်း လျော့နည်းနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်း တည်ငြိမ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အဝင်ကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)

ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကိန်းဂဏန်းအချက်အလက်ရဖို့ လက်ရှိ အုပ်ချုပ်နေသူတွေနဲ့လည်း ဆက်ဆံရတာကြောင့် သက်သက်ညှာညှာ ဖော်ပြထားတာလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP (Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်း က ပြောပါတယ်။

"ယေဘုယျအားဖြင့် ကမ္ဘာ့ဘဏ်တို့ဘာတို့ အဖွဲ့အစည်းတွေက သူတို့က ပြည်တွင်းထဲမှာ လည်း လုပ်တယ်။ အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်ရဖို့လည်း ပုံမှန်ဆက်ဆံရေး ရှိတယ်ပေ့ါဗျာ။ ရှိတဲ့အခါကျတော့ သူတို့သုံးသပ်ချက်တွေက နည်းနည်းလေး ညှာညှာတာတာလုပ်ကြတာ များတယ်ဗျ။ ဒီအစီရင်ခံစာကို သူတို့ကို တရားဝင် ကြေညာတာပေါ့ဗျာ။ ထုတ်ပြန်တဲ့ ပွဲကလည်း UMFCCI မှာ လုပ်တာပါ။ အဲလို အနေအထားမှာကျတော့လည်း တချို့ကိန်းဂဏန်းတွေက ဖော့ပြီးတော့ ဖော်ပြတာမျိုးလည်း ရှိနိုင်ပါတယ်"

ကမ္ဘာ့ဘဏ်ရဲ့ ဖော်ပြချက်တွေအရ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပေမယ့်၊ ၂၀၂၂ ခုနှစ်မှာ ၃ ရာခိုင်နှုန်း ဝန်းကျင်ပဲ တိုးတက်ခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ကုန်ထုတ်လုပ်မှုပမာဏနဲ့ ပတ်သက်ပြီး အပြုသဘော ပြောဆိုထားပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်နာလန်ထမှုဟာ မခိုင်မာသေးသလို Covid-19 ကူးစက်မှုကာလ မတိုင်ခင်အခြေအနေကို ပြန်ရောက်ဖို့ အလှမ်းဝေးသေးတယ် ဆိုတာမျိုးကိုတော့ ဖော်ပြထားတယ်လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာ စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ဆီမှာ စီးပွားရေးလုပ်ရတာ စိန်ခေါ်မှုပေါင်းစုံပေါ့နော်၊ ပထမတစ်ချက်က ငွေကြေးဖောင်းပွမှုပြဿနာ၊ နောက်တစ်ခါ ဒေါ်လာ၊ နိုင်ငံခြားသုံးငွေ ခက်ခဲတဲ့ ပြဿနာပေါ့နော်။ နောက်တစ်ခါကျတော့ ကျွန်တော်တို့ ပို့ကုန်သွင်းကုန် တင်သွင်းရတဲ့ အခက်အခဲလေးတွေပေါ့နော်၊ နောက် လျှပ်စစ်မီးလို ပြဿနာတွေဆိုလည်း ကုန်ထုတ်လုပ်တဲ့သူတွေအနေနဲ့ကလည်း လျှပ်စစ်မီး ပြတ်တောက်တဲ့အတွက် ကုန်ကျစရိတ်တွေ ထပ်ပြီး မြင့်လာတဲ့အတွက် သူတို့ရောင်းချရတဲ့အခါမှာလည်း အဲဒီကုန်ကျစရိတ်ပေါ်မှာ ထပ်ပြီးပေါင်းတာပေါ့။ အဲဒီအတွက် အခက်အခဲတွေကတော့ ဒါသူတို့မှန်းဆထားသလိုပဲ တော်တော်လေးတော့ ရုန်းကန်နေရပါတယ်"

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုအခက်အခဲ အကျပ်အတည်းတွေကြားမှာ စီးပွားရေးလုပ်ကိုင်ရတာကို ကျင့်သားတောင်ရနေပြီလို့ သူက ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒကန့်သတ်ချက်တွေကြောင့် အကျပ်အတည်းတွေကို ရင်ဆိုင်နေရပေမယ့် လုပ်ငန်းက ရပ်ထားလို့ မရတာကြောင့် ဖြစ်အောင်တော့ ဆက်လုပ်နေရတယ်လို့ ရန်ကုန်မြို့က သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"လောလောဆယ်ကတော့ ကုန်စည်စီးဆင်းရေးအတွက်ကို ထုတ်ပြန်ထားတာလေးတွေ က ကျပ်သွားတာ ရှိတယ်။ ပြန်လည်ဖြေလျှော့တာ ရှိတယ်ဆိုတော့ အဲဒီကြားထဲမှာ လုပ်တော့ လုပ်နေကြရတာပဲ၊ သွားတော့ သွားနေကြတာပဲလေ။ အခက်အခဲလေးတွေ ကတော့ ရှိတယ်။ တချို့ကိစ္စတွေဆိုရင် တင်းကျပ်လိုက်တဲ့ အခါကျတော့မှ ကားတွေက ဘယ်လောက်ဖြစ်သွားတာတွေ ရှိတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ စီးပွားကူးသန်းတို့၊ သက်ဆိုင်ရာဌာနတွေကို တင်ပြလိုက်ပြီးတော့ ဖြေလျှော့လို့ အဆင်ပြေသွားတာတွေ ရှိတယ်။ အဲတော့ တိုးလိုက်၊ ဆုတ်လိုက်ပဲ သွားနေရတာပဲ။ ကုန်စည်ကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ်လေ၊ ကုန်စည်တွေ ကတော့ သွားနေ၊ လာနေရမှာပဲ။ ရပ်တန့်သွားတဲ့ အဆင့်ထိတော့ မရှိပါဘူး"

မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခ၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေ ဆက်ရှိနေပြီး အိမ်ထောင်စုတွေရဲ့ ဝင်ငွေရရှိမှု အားနည်းနေသေးသလို စားနပ်ရိက္ခာနဲ့ အာဟာရဖူလုံမှုကလည်း စိုးရိမ်စရာ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၂၇ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"Failed State ဆိုတာ နိုင်ငံရေးလည်း မဟုတ်ဘူး၊ စီးပွားရေး ကျဆင်းသွားရင် တိုင်းပြည် နစ်နာမယ်၊ လူသူ ဒုက္ခရောက်ပါလိမ့်မယ်"

အမေရိကန်အခြေစိုက် စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ဌေးကတော့ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု အကြီးအကျယ် မြင့်တက်လာတာ ကြောင့် နောက် ခြောက်လ ဒါမှမဟုတ် တစ်နှစ်အတွင်း စီးပွားရေးအရ ကျရှုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

"လက်ရှိအခြေအနေမှာ ကုန်စျေးနှုန်းကြီးမြင့်တဲ့ ပြဿနာကို ရင်ဆိုင်နေရပြီ။ အဲဒီအရှိန်နှုန်းက တက်တက်လာတဲ့အခါမှာ Hyperinflation လို့ခေါ်တဲ့ အကြီးအကျယ် ငွေကြေးဖောင်းပွမှုက ဖြစ်နေပါပြီ။ Hyperinflation ဖြစ်တဲ့ အဆင့်ကနေပြီးမှ ကာလတစ်ခုရောက်ရင် ကာလဆိုတာ မကြာတော့ပါဘူး၊ ခြောက်လ၊ တစ်နှစ်လောက် မှန်းပါတယ်ခင်ဗျ။ အဲဒါပြီးသွားရင် Deflation ကို တိုင်းပြည်က ဦးတည်သွားတော့မယ်၊ ကျုံ့သွားမယ်ပေါ့ဗျာ။ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကျုံ့တွလာပြီး မတက်နိုင်တဲ့အခါ ကျတော့ တိုင်းပြည်ရဲ့ Business Cycle အဆင့်ကနေပြီးမှ တိုင်းပြည်စီးပွားရေး ကပ်ဆိုက်တာမျိုး ဖြစ်မယ်။ ဒါကြောင့် တချို့ကပြောတယ်၊ Failed State ဆိုတာ အဲဒါကိုပြောတာ။ Failed State ဆိုတာ နိုင်ငံရေးလည်း မဟုတ်ဘူး၊ စီးပွားရေး ကျဆင်းသွားရင် တိုင်းပြည် နစ်နာမယ်၊ လူသူ ဒုက္ခရောက်ပါလိမ့်မယ်။ ကျွန်တော်တို့က အဲလိုသုံးသပ်လို့ရတဲ့ အနေအထား ရှိပါတယ်ခင်ဗျ"

ဒီမတိုင်ခင် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက် ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ စားသောက်ကုန်နဲ့ လောင်စာဆီဈေး မြင့်တက်မှု၊ ပြည်သူတွေရဲ့ ဝယ်လိုအား ကျဆင်းမှုတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာ ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းနေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေနဲ့ ကမ္ဘာဘဏ်ထုတ်ပြန်ချက်အပေါ် အမြင်သဘောထား သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက် နေပြည်တော်မှာလုပ်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေး မှာတော့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စီးပွားရေးပြန်လည် ဦးမော့လာပြီး ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး အတက်အကျ ဖြစ်ရတဲ့အကြောင်းအရင်းဟာ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတော်ရငွေ၊ ပို့ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာ၀ဘေးဒဏ်ကျရောက်မှု၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်၊ စီမံကိန်း အကောင်အထည်ဖော်ရာမှာ လိုအပ်ချက်တွေနဲ့ အဓိကသက်ဆိုင်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org