အိန္ဒိယကာကွယ်ရေးအတွင်းဝန်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံမှု ဒုက္ခသည်တွေ စိုးရိမ်
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဂရီဒါ အရာမနီ က စစ်ကောင်စီခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
-
RFA Burmese
2023-07-18 -
-
-
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဂရီဒါ အရာမနီ (Giridhar Aramane) က စစ်ကောင်စီခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ အဲဒီတွေ့ဆုံပွဲ မှာ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေလို တရားမဝင်နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုတွေနဲ့ ပတ်သက်တာတွေ ဆွေးနွေး သလို၊ နယ်စပ်တစ်လျှောက်မှာ အန္တရာယ်ရှိတဲ့ ဘယ်လှုပ်ရှားမှု မျိုးကိုမှ ခွင့်မပြုဖို့ နှစ်ဖက်လုံးက ထပ်ပြီး ကတိပြုခဲ့ကြတယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီ တွေ့ဆုံပွဲအကြောင်း ဒီနေ့အထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဖြစ်တဲ့ မဏိပူရ်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက၊ ကသည်းနဲ့ ကူကီး လူမျိုးတွေ အဓိကရုဏ်းဖြစ်ခဲ့ပြီး အခြေအနေတင်းမာနေပါတယ်။ အဲဒါကြောင့် နယ်စပ်လုံခြုံရေးအတွက် ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ အိန္ဒိယအရေးကျွမ်းကျင်သူတွေက ပြောကြပါတယ်။ အဲဒီ မဏိပူရ်ပြည်နယ်မှာလည်း မြန်မာပြည်က စစ်ဘေးဒုက္ခသည် ငါးထောင်လောက်ရောက်နေပါတယ်။
“အိန္ဒိယကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်အစိုးရဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ရေလိုက်ငါးလိုက် မဟာမိတ်ဆက်ဆံရေး လုပ်တာတော့ တွေ့နေကျပါ"
ဒါကြောင့် နှစ်နိုင်ငံတွေ့ဆုံပွဲကနေ မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ India for Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခွါ က RFA ကို ပြောပါတယ်။
“စကစနဲ့ အိန္ဒိယတာဝန်ရှိသူတွေ တွေ့ဆုံတာကြောင့် သက်ရောက်မှုတွေက ရှိပါတယ်။ မဏိပူရ် ပဋိပက္ခက နေပြီးတော့ အခု ပဋိပက္ခဖြစ်တဲ့ နယ်မြေအများစုက ကျွန်တော်တို့ စစ်ဘေးရှောင် ငါးထောင် ဝန်းကျင်လောက် ရှိတယ်လို့ ခန့်မှန်းရတဲ့ နေရာတွေမှာ ဖြစ်တယ်ဆိုတော့ တချို့တွေက မြန်မာပြည်ဘက်ခြမ်းမှာ ပြန်ပြီး ထွက်ပြေးတိမ်းရှောင် တဲ့သူရှိသလို၊ နီးစပ်ရာပြည်နယ်တွေမှာလည်း ပြန်ပြီး တိမ်းရှောင်နေရတဲ့ အနေအထား မျိုးမှာရှိတယ်”
အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်က လူဦးရေ ခြောက်သောင်းကျော်ဟာ မြန်မာ့မြေနဲ့ ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ် တွေမှာ ခိုလှုံနေရတာပါ။
မီဇိုရမ်ဘက်မှာတော့ ပြည်နယ်အစိုးရက မြန်မာဘက်က စစ်ဘေးဒုက္ခသည်တွေကို ယာယီနေထိုင်ခွင့် ကတ်တွေ ကိုင်ဆောင်ခွင့်ပြုပြီး အကူအညီပေးထားတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံလို့ သူတို့အတွက် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ မဏိပူရ်ပြည်နယ်မှာတော့ အရင်ကတည်းက ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် နှစ်ဖက်တွေ့ဆုံပွဲကြောင့် ဒုက္ခသည်တွေပိုပြီး အခက်အခဲ ဖြစ်မှာစိုးရိမ်ရ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ယောက်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းတော့ကြားတယ်။ ဒီဘက်ခြမ်း မီဇိုရမ်ဘက်မှာတော့ စိုးရိမ်ဖို့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီဇိုရမ်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ ဒုက္ခသည်တွေကို လက်ခံပြီးသား ဆိုတော့။ မဏိပူရ်နယ်စပ်ဘက်ကတော့ နည်းနည်းစိုးရိမ်ရတယ်ပေါ့နော်။ တမူး တစ်လျှောက်ပေါ့”
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကတော့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှီဟာခရိုင် ယောင်လင့်ရွာအနီးမှာ ချင်းတော်လှန်ရေး ရဲဘော်သုံးဦးနဲ့ ချင်းဒေသခံတစ်ဦး စုစုပေါင်းလေးဦးကို အာသံရိုင်ဖယ် (Assam Rifles) တပ်နဲ့ တွီပြောင်ရဲတပ်ဖွဲ့ (Tuipang Police) ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က ဇူလိုင် ၁၃ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံသား ချင်းလူမျိုးလေးဦးကို မြန်မာငွေသိန်းနှစ်ရာကျော်၊ စကားပြောစက်၊ ဆိုင်ကယ်သုံးစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ အသံရိုင်ဖယ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဏိပူရ်ပြည်နယ်မှာတော့ မြန်မာစစ်ဘေးဒုက္ခသည်နှစ်ရာနီးပါးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးခဲ့ ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က မြန်မာဘက်က စစ်ဘေး ဒုက္ခတွေအတွက် မိုးရေးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးနားမှာ ယာယီစစ်ဘေး ဒုက္ခသည် စခန်းလုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ မဏိပူရ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခကြောင့် အဲဒီအစီအစဉ်ကို ရပ်နားထားပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေလည်း အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ ဆလိုင်းဒိုခွါက RFA ကို ပြောပါတယ်။
“အခုလောလောဆယ်အခြေနေရကတော့ မဏိပူရ်အစိုးရကလည်း မီဇိုရမ်လို ပုံစံမျိုး ကျွန်တော်တို့ မြန်မာ စစ်ဘေးရှောင်တွေကို လက်ခံပေးဖို့ ဆိုတဲ့ဟာ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့အချိန်မှာ ပဋိပက္ခ ဖြစ်သွားတဲ့အနေအထားဆိုတော့ လုပ်ငန်းစဉ်တွေကို အကုန်ရပ်တန့်ရတဲ့အနေအထား ဖြစ်တယ်။ မြန်မာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီးတော့ မဏိပူရ်အစိုးရရဲ့ ဆောင်ရွက်ချက်ကိုလည်း မသိနိုင်ဘူး”
ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ်ကစပြီး မီဇိုရမ်ပြည်နယ်၊ ဆီဟာရားမြို့မှာရှိတဲ့ မြန်မာစစ်ဘေး ဒုက္ခသည်တွေကို အဲဒီပြည်နယ်က အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မာယာ သရွတ်လီရာ ပိုင် (Mara Thyutlia Py) အဖွဲ့က ဦးဆောင်ပြီး ကိုယ်ရေးအချက်အလက်တွေ နဲ့ လက်ဗွေ၊ မျက်ကြည်လွှာ မှတ်တမ်းနဲ့ ဓာတ်ပုံတွေကို ကောက်ယူခဲ့ပါတယ်။ ဒါက အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက မီဇိုရမ် ပြည်နယ်တစ်ခုလုံးကို ကောက်ခိုင်းတာ လို့လည်း ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်ကို ၂၀၂၂ နိုဝင်ဘာကနေ အခုနှစ်ဧပြီလအထိ ခြောက်လအတွင်း စစ်လက်နက် ပစ္စည်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုးတင်ပို့ခဲ့တယ်လို့ Justice For Myanmar အဖွဲ့က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အိန္ဒိယအစိုးရဟာ စစ်ကောင်စီကို မိတ်မပျက်ဆက်ဆံနေတာလို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက သုံးသပ်ပါတယ်။
“အိန္ဒိယကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်အစိုးရဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ရေလိုက်ငါးလိုက် မဟာမိတ် ဆက်ဆံရေး လုပ်တာတော့ တွေ့နေကျပါ။ ဒါပေမဲ့ တော်လှန်ရေးမှာ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်တဲ့စီမံချက်တွေနဲ့ ပတ်သက်ပြီး မရှိသလောက်လို့ ပြောရမှာပေါ့။ သတ်မှတ်ထားတဲ့ စည်းမျဉ်းအောက်မှာ ကျွန်တော်တို့လိုက်နာရင် အဲ့လောက်ထိ စိုးရိမ်စရာမရှိဘူးလို့ ထင်ပါတယ်”
မြန်မာစစ်ဘေးဒုက္ခသည်တွေကတော့၊ အိန္ဒိယအစိုးရက သူတို့ကို မြန်မာပြည်ဘက် ပြန်ပို့မှာကို စိုးရိမ်နေကြသလို မဏိပူရ်ရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ လူမျိုးပဋိပက္ခတွေကြားမှာ ကြားညပ်မှာကို စိုးရိမ်နေကြပါတယ်။