အိန္ဒိယမြေပြိုမှုမှာ လူရာနဲ့ချီ သေဆုံး၊ မြန်မာတွေ ဘေးကင်း

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က မိုးများပြီး မြေပြိုကျလို့ လူပေါင်း နှစ်ရာကျော်သေဆုံးပြီး နှစ်ရာကျော်ပျောက်ဆုံးနေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောထားပါတယ်။

အိန္ဒိယနိုင်ငံ Wayanad ခရိုင်မှာ မိုးကြီးပြီး မြေပြိုကျခဲ့သည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်။ AFP

အိန္ဒိယနိုင်ငံရဲ့ အကျော်ကြားဆုံး ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်သည့် ကီရာလာတောင်ပိုင်း ကမ်းရိုးတန်းမှာ မိုးကြီးတာကြောင့် ဇူလိုင် ၃၀ ရက်နေ့အစောပိုင်းမှာ Wayanad ခရိုင်က တောင်ကုန်းတွေ ပြိုကျခဲ့ပြီး လူတွေကို မြေမြှုပ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။

လူဦးရေ နှစ်ရာလောက်သေဆုံးပြီး၊ နောက်ထပ် နှစ်ရာကျော် ပျောက်ဆုံးနေတယ်လို့ သြဂုတ်လ ၃ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ် ရေလွှမ်းမိုးမှုပြီးနောက် လူအသေအပျောက် အများဆုံး အဖြစ်အပျက်တစ်ခုလို့ ဆိုပါတယ်။ ဒေသတွင်း သတင်းဌာန Asianet TV ကတော့ လူ သုံးရာကျော် သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။

အဲဒီပြည်နယ်မှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်ကနေ ကျောင်းသွားတက်နေတဲ့ မြန်မာနိုင်ငံသား တစ်ရာဝန်းကျင်လောက် ရှိပါတယ်။ ဒါပေမဲ့ မြေပြိုတဲ့နေရာနဲ့ မြန်မာကျောင်းသားတွေ နေထိုင်တဲ့နေရာဟာ မိုင် ၂၀ ကျော်ဝေးတာကြောင့် ထိခိုက်မှု မရှိခဲ့ဘူးလို့ အဲဒီကိုရောက်နေတဲ့ မြန်မာကျောင်းသားတစ်ဦးက RFA ကို ဆက်သွယ်ပြောလာပါတယ်။

မတူပီမှာ အင်တာနက်နဲ့ဖုန်းလိုင်းဖျက်ခံထားရတာကြောင့် မိဘတွေ စိတ်ပူနေမှာ စိုးရိမ်ပြီး RFA ရေဒီယိုကတစ်ဆင့် ဆက်သွယ်အသိပေးစေချင်တာကြောင့် သူက ဆက်သွယ်လာတာပါ။

“မတူပီဘက်မှာကျတော့ အခုလိုင်းလဲမကောင်းဘူး။ ဖုန်းခေါ်လို့လည်း မရဘူး။ အင်တာနက်လည်း မရတဲ့အခါကျတော့ တောရွာမှာနေတဲ့ မိဘတွေက ကိုယ့်သားသမီးတွေ နေကောင်းကြလား။ သူတို့ဘယ်လို ဖြစ်မလဲ စိုးရိမ်နေကြလို့လေ။ အဲ့ဒါကြောင့်မို့လို့ RFA ကနေပြီးတော့မှ ဒီကီရာလာမှာ ကျောင်းနေတဲ့ကျောင်း တက်သူတွေ နေကောင်းကြတယ်ဆိုတာ မိဘတွေဆီကို ပို့ပေးစေချင်တာပေါ့နော်”

ဒေသအာဏာပိုင်တွေကတော့ ကယ်ဆယ်ရေးတွေဆက်လက်နေပြီး အသက်ရှင်လျှက်ပြန်တွေ့သူတွေလည်း ရှိနေပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့ကနေ သမ္မကျမ်းစာကျောင်းတက်နေသူ မြန်မာနိုင်ငံသား Hra Tlei က “အလောင်းတွေက ၃၀၀ ကျော်လောက်ရသွားပြီ။ သူတို့ခန့်မှန်းတာကတော့ ၅၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းတာပေါ့” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ပြီးခဲ့သည့် နှစ်ရက်မှာ တောင်စောင်းကျေးရွာတွေနဲ့ လက်ဖက်နဲ့ ဖာလာခြံတွေမှာ နေကြတဲ့ လူပေါင်း ၁,၆၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

လူပေါင်း ၉,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေရာချထားတယ်လို့လည်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲတွေကြောင့် မြန်မာ ၁၅၀၀ ကျော် အိန္ဒိယကို ထွက်ပြေးခိုလှုံ

အိန္ဒိယ - မြန်မာ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ်က ရိဒ်နယ်စပ်ဂိတ် ယာယီပိတ်


ဒီမြေပြိုမှုကြောင့် အဆောက်အအုံ ၃၅၀ နီးပါး ပျက်စီးခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြေပြိုမှုဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ Mundakkai နဲ့အနီးဆုံးမြို့ဖြစ်တဲ့ Chooralmala ကိုဆက်ထားတဲ့ ပင်မတံတားရေထဲ မျောသွားတာကြောင့် ကယ်ဆယ်ရေးအတွက် အဟန့်အတား တွေကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

တံတားမပြီးခင်မှာ အလုပ်သမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက မိုင်ပေါင်းများစွာကို ခြေလျင်သွားပြီး အလောင်းတွေကို သယ်ခဲ့ကြရတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org