တိုက်ပွဲတွေကြောင့် မြန်မာ ၁၅၀၀ ကျော် အိန္ဒိယကို ထွက်ပြေးခိုလှုံ
2024.07.27

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ပြီးခဲ့တစ်ပတ်ကျော်က မြန်မာဒုက္ခသည် ၁၅၀၀ ကျော် တိမ်းရှောင်လာတယ်လို့ The Statesman သတင်းက ဇူလိုင် ၂၇ ရက်က ဖော်ပြပါတယ်။
ဒီဒုက္ခသည်တွေဟာ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်တွေ စစ်ကောင်စီနဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတာလို့လည်း ရေးသားထားပါတယ်။
အိန္ဒိယပြည်ထဲရေးဌာနရဲ့ အချက်အလက်တွေအရ ဒီတစ်ခေါက်ရောက်လာသူတွေနဲ့ဆို မီဇိုရမ်မှာ လာရောက် ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် သုံးသောင်းခွဲကျော်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာ မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင် ငါးခုမှာ နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းပဋိပက္ခတွေကြောင့် မီဇိုရမ်မှာ မြန်မာဘက်က ဒုက္ခသည်တွေ လာခိုလှုံနေကြတာပါ။ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေက ကူကီ-ဇိုမီ၊ ချင်းနဲ့ ဘောမ် လူမျိုးများစွာကို မီဇိုရမ်မှာ လာရောက်ခိုလှုံဖို့ လှုံ့ဆော်ပေးနေတယ်လို့လည်း ရေးသားထားပါတယ်။
မြန်မာဟာ မီဇိုရမ်ပြည်နယ်နဲ့ ၅၁၀ ကီလိုမီတာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ၃၁၈ ကီလိုမီတာ နယ်စပ်စည်းရိုးမခြားဘဲ ထိစပ်နေတာကြောင့် အခုလို ဒုက္ခသည်တွေ အလွယ်တကူ ဝင်ရောက်လာတာလို့လည်း ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရနဲ့ အခြားအရပ်ဖက်အဖွဲ့အစည်းတွေက မြန်မာဒုက္ခသည်တွေကို နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့နေတယ်လို့လည်း The Statesman သတင်းက ရေးသားထား ပါတယ်။