စစ်ကောင်စီကို အရေးယူပေးဖို့ ILO ညီလာခံမှာ တောင်းဆို
စစ်ကောင်စီက လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာအချက်တွေ ချိုးဖောက်နေတာကို ILO အနေနဲ့ သက်သေအထောက်အထားတွေနဲ့တကွ အတည်ပြုထားပြီး ဖြစ်ပါတယ်။
-
RFA Burmese
2024-06-14 -
-
-
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ၁၁၂ ကြိမ်မြောက် ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပနေပါတယ်။
အဲဒီညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်ပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်တွေ တက်ရောက်နေကြပါတယ်။
စစ်ကောင်စီက လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာအချက်တွေကို ချိုးဖောက်နေတာကို ILO အနေနဲ့ သက်သေအထောက်အထားတွေနဲ့တကွ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ မြန်မာကိုယ်စားလှယ်တွေက တောင်းဆိုနေကြတာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကတော့ အဲဒီညီလာခံကို ကိုယ်တိုင်တက်ရောက်နေသူဖြစ်ပြီး ကိုယ်တိုင်ဆွေးနွေး တင်ပြတောင်းဆိုနေသူ ဖြစ်ပါတယ်။
"လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဖို့နဲ့ အဓမ္မလုပ်သားစေခိုင်းမှုပေါ့၊ အဲဒီမှာ ပိုဆိုးလာတာက စစ်မှုမထမ်းမနေရ ဥပဒေပေါ်လာပြီးတဲ့နောက်ပိုင်းမှာ လူငယ်တွေကို အတင်းအဓမ္မ စစ်သားအဖြစ်စုဆောင်းတဲ့ကိစ္စတွေက ပိုပိုဆိုးလာတဲ့အတွက်ကြောင့်မို့လို့ ဒါတွေကို အမြန်ဆုံးရပ်တန့်ဖို့ရယ်၊ သူတို့ကျူးလွန်မှုတွေကို ILO ယန္တယားထဲမှာ ဘယ်လိုအရေးယူလို့ရမလဲဆိုတာကို ဆွေးနွေးကြတယ်၊ ဆွေးနွေးကြတဲ့ အချိန်မှာတော့ နိုင်ငံတွေအားလုံးက အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်တွေ အကြမ်းဖက်မှုတွေ ဒါတွေ အကုန်လုံး မေးခွန်းမထုတ်ဘူး၊ အရေးယူချင်တယ်၊ သူတို့စဉ်းစားတဲ့ပုံက ဘာလဲဆိုရင် အဓိက ILO ရဲ့ အရေးယူတဲ့ပုံက ဘာလဲဆိုရင် ဆန်ရှင်ပဲ၊ ILO ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းရဲ့ အပိုဒ် ၃၃ အရ ဆုံးဖြတ်ပြီးသွားရင် အဲဒီနောက်ဆက်တွဲက ဘာလဲဆိုရင် ဆန်ရှင်ပဲပေါ့နော်၊ ဆန်ရှင်မှာ အလုံးစုံ ပိတ်ဆို့ရေးရယ်၊ ပြီးတော့ ကုလသမဂ္ဂကနေပြီးတော့ ကုလသမဂ္ဂအေဂျင်စီတွေက သူတို့နဲ့ လူသားစာနာအကူအညီတွေ လုပ်နေတဲ့ကိစ္စတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်နေတဲ့ကိစ္စတွေ ဒါတွေ အကြမ်းဖက်စစ်တပ်နဲ့ လုပ်နေတာတွေ ရပ်တန့်ဖို့အတွက်ပေါ့နော် အဲဒါတွေလုပ်တဲ့ ဆန်ရှင်ပေါ့"
ILO ရဲ့ပြဋ္ဌာန်းချက်တွေကို အဖွဲ့ဝင်အနေနဲ့ လိုက်နာပါမယ်လို့ လက်မှတ်ရေးထိုးထားခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်ကောင်စီလက်ထက်မှာတော့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုတဲ့ အချက်တွေကို ချိုးဖောက်နေပါတယ်။ ဒါတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့က ILO ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့လေ့လာစစ်ဆေးတွေ့ရှိချက်တွေကို အတည်ပြုထားပြီး ဖြစ်ပါတယ်။
စစ်တပ်ဟာ ပြည်သူ ၄,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာ၊ လူပေါင်း ၂၆,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့တာတွေကိုလည်း အဲဒီအတည်ပြုချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီကလည်း ဆိုပါတယ်။
"ILO Constitution Article 33 အရက ဒီလိုမျိုး Commission of Inquiry ရဲ့ Recommendation ကို မလိုက်နာတာမျိုးပေါ့နော်၊ ဒါမျိုးတွေကို Article 33 နဲ့ အရေးယူရမယ်ပေါ့၊ ဒီလိုအရေးယူတဲ့နေရာမှာ နည်းလမ်းမျိုးစုံတော့ရှိပါတယ်၊ ဘယ်လိုပဲဖြစ်စေ Article 33 အရ စကစအပေါ် ထိရောက်တဲ့ အရေးယူမှုမျိုး ပြုလုပ်ဖို့အတွက်ကို ကျွန်တော်တို့တွေ တောင်းဆိုထားပါတယ်၊ နိုင်ငံတကာကလည်း စကစကို စီးပွားရေးအရ အရေးယူတာတွေ၊ သံတမန်နည်းအရ အရေးယူတာတွေ နည်းမျိုးစုံရှိနေတယ်၊ ဒါကြောင့်လည်း ILO အနေနဲ့ ပြတ်ပြတ်သားသားအရေးယူဖို့ လိုပါတယ်"
လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် စစ်အစိုးရလက်ထက်တုန်းကလည်း ခုလို အရေးယူမှုမျိုးလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ ထွက်ခွာသွားခဲ့တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။
အမည်မဖော်လိုတဲ့ အလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးကလည်း စစ်ကောင်စီအပေါ် အရေးယူရာမှာ ပြည်သူတွေအပေါ်ထိခိုက်မှုကင်းတဲ့ အရေးယူမှုမျိုးလုပ်စေချင်တယ်လို့ ပြောပါတယ်။
"စကစကို အရေးယူဖို့အတွက် အလုံးစုံပိတ်ဆို့ရေးထက် စကစကို တိုက်ရိုက်အကျိုးပြုနေတာတွေကို ပိတ်ဆို့အရေးယူမှုလုပ်ဖို့ပဲ တောင်းဆိုတယ်၊ ဘာကြောင့် ဒီလိုပြောဆိုရသလဲဆိုရင် အထည်ချုပ်လို အမျိုးသမီး ၉၀ ရာခိုင်နှုန်းကို ကိုယ်စားပြု အလုပ်ပေးထားနိုင်တာမျိုးကို ပိတ်ဆို့တာမျိုးကိုတော့ လက်မခံပါဘူး၊ လက်ရှိပြည်တွင်းမှာ ဘက်ပေါင်းစုံက ဖိနှိပ်မှုတွေအပြင် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေ ရင်ဆိုင်နေရချိန်မှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ပြည်သူလူထုအတွက် ပိုကျပ်တည်းလာမဲ့ ဒုက္ခရောက်မဲ့ တောင်းဆိုမှုကိုတော့ ကျွန်တော်တို့ဘက်က မထောက်ခံပါဘူး၊ ပြည်သူတွေကိုမထိခိုက်တဲ့ တောင်းဆိုမှုမျိုးကိုပဲ လိုလားပါတယ်"
ခုလို ILO ညီလာခံမှာ စစ်ကောင်စီကိုအရေးယူပေးဖို့ တင်ပြတောင်းဆိုတာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။