မြောက်ခင်ရန်းရွာ လူငယ်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရမှု IIMM စိစစ်နေ
ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ လူငယ်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရမှု ကျူးလွန်သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့ မြန်မာစစ်တပ်ထံ (IIMM) က မေ ၂၇ မှာ တောင်းဆိုလိုက်ပါတယ်။
-
RFA Burmese
2024-05-28 -
-
-
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စိစစ်နေပြီး ကျူးလွန်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေပေးဖို့ စစ်ကောင်စီကို မေလ ၂၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
စစ်ဝတ်စုံနဲ့ လက်နက်ကိုင် လူတစ်စုက အရပ်ဝတ်နဲ့ လူငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး မသေမချင်း မီးရှို့ သတ်ဖြတ်နေတဲ့ ရုပ်သံဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က အွန်လိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
IIMM အနေနဲ့ အဲဒီဒေသက တပ်တွေနဲ့ တပ်မှူးတွေရဲ့ အချက်အလက်တွေ၊ အဲဒီလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနဲ့ ဆက်ဆံပုံ အခြေအနေတွေ၊ ဗီဒီယိုမှာမြင်တွေ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့ မြန်မာ စစ်တပ်ထံ တောင်းဆိုတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တာတွေ၊ မီးရှို့သတ်တာတွေ ဒါတွေတောက်လျှောက် သူတို့ လုပ်ခဲ့တယ်"
အဲဒီလူငယ်နှစ်ဦးက ယောကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် ကိုသားထောင်တို့ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အခြေစိုက် ထားတဲ့ မြောက်ခင်ရန်းရွာကို ယောကာကွယ်ရေးတပ် (YDF) နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က သွားရောက်တိုက်ခိုက်ချိန်မှာ သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် မြောက်ခင်ရန်းရွာ ဆေးရုံရှေ့ ကုက္ကိုလ်ပင်အောက်မှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ နယ်မြေခံ လုံခြုံရေးတပ် ပျူစောထီးတွေက မီးရှို့သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို အားလုံးသိစေချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က မီးရှို့ပြီးတော့ ရေထဲကနေ မျှောလိုက်တယ်။ သူတို့က ကျွန်မတို့ ရွာရဲ့ အထက်ဘက်က။ မြင်လည်း မြင်လိုက်ရတယ်။ အဲဒါကြောင့် ကျွန်မတို့က ပိုလို့ ခံစားရတာပေါ့လေ။ ဒေါသတွေလည်း ဖြစ်ရတယ်။ ခံလည်း ခံစားရတယ်။ ကျွန်မတို့က လက်တွေ့မြင်လိုက်ရတာ။ ရက်ရက်စက်စက် လုပ်ထားတာကို။ ကျွန်မတို့ဆိုလည်း အဲလိုပဲ ပြောမိမှာပါရှင့်။ ဖော်ထုတ်ပေးဖို့ ကြားရတာ ဝမ်းသာတယ်။ မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးရင်တော့ ကျွန်မတို့ကလည်း ဝမ်းသာမိမှာပါရှင့်"
အဲဒီလူငယ်နှစ်ဦးရဲ့ မိသားစုတွေဟာ လက်ရှိ တောတောင်တွေထဲမှာ စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
IIMM ရဲ့ ထုတ်ပြန် ချက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တယ်လို့ ယူဆရတဲ့ အမှုတွေအပါအဝင် ရာဇဝတ်မှုအမြောက်အမြားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေပေးဖို့ မြန်မာစစ်တပ်ထံ တောင်းဆိုခဲ့ပေမဲ့ ဒီနေ့အထိ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ IIMM တောင်းဆိုချက်ဟာ ဒီအမှုကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ကို ရှင်လင်းခွင့်ပေးတဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ကိုယ့်အစိုးရတစ်ရပ်က ကိုယ့်လူကို ပြန်သတ်တာ။ ကိုယ့်ပြည်သူ ပြည်သားကို ပြန်သတ်တဲ့ နေရာမှာ ကိုယ်တိုင်သတ်တယ်၊ အားပေးတယ်။ အခုကိစ္စက အားပေးတာ။ သူဖွဲ့စည်းထားတဲ့ ပျူစောထီးတွေက သတ်တာလေ။ ဒါကြောင့်မို့လို့ စစ်တပ်တွေလည်း ပါတယ်။ အဲဒါကြောင့်မို့ အတိအကျ ဒါတွေကို ခင်ဗျား ပြောပါ။ ဘယ်သူတွေပါလဲ အဲဒီတုန်းက၊ ဘယ်လိုဖြစ်တာလဲ ရှင်းပါလို့ သူတို့ကို ရှင်းလင်းခွင့်ပေးတာပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ရရှိထားတဲ့ အထောက်အထားတွေနဲ့ ဆက်ပြီးတော့ တရားရုံးကတော့ ကုလသမဂ္ဂတရားရုံးက ဆက်သွားမှာပဲ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ မြင်ပါတယ်"
ဒီအမှုကို စစ်ကောင်စီက မရှင်းလင်းဘူးဆိုရင် ကုလသမဂ္ဂလုံခြုံကောင်စီကို တင်ပြီး အဲဒီကနေ ICC အထိ အမှုဖွင့် တရားစွဲဆိုခံရနိုင်တယ်လို့ ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီဟာ သူတို့ရဲ့ ကျူးလွန်မှုတွေကို ဘယ်တုန်းကမှ ဝန်ခံဖူးတာမရှိတဲ့အတွက် IIMM ရဲ့ တောင်းဆိုမှုကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်တာတွေ၊ မီးရှို့သတ်တာတွေ ဒါတွေတောက်လျှောက် သူတို့ လုပ်ခဲ့တယ်ပေါ့နော်။ အဲဒါတွေ လုပ်သူတွေက စစ်အုပ်စုရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ ရှိတယ်ပေါ့နော်။ ပျူစောထီးလို့ ခေါင်းစဉ်တပ်ထားတဲ့ လက်ပါးစေ အစုအဖွဲ့တွေပေါ့နော်။ ဒါတွေက လုပ်ခဲ့ပေမဲ့ ဘယ်တုန်းကမှ ဝန်ခံတဲ့ အလေ့အထ မရှိခဲ့ဘူး။ ဒါတွေဟာ တော်လှန်ရေးအင်အားစုတွေ၊ PDF တွေ၊ တိုင်းရင်သား တော်လှန်ရေးအဖွဲ့တွေ လုပ်တယ်ဆိုပြီးတော့ တကယ့်ကိုပဲ ဘယ်လောက်ပဲ သက်သေ ထင်ရှားထင်ရှား ဗြောင်လိမ်ဗြောင်စားပဲ လုပ်ခဲ့တာလေ"
နည်းပညာခေတ်မှာ ဒီသက်သေအထောက်အထားတွေကို ဖုံးကွယ်ဖို့ မဖြစ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။
NUG အနေနဲ့လည်း ရနိုင်သမျှ သက်သေအထောက်အထားတွေကို ရှာဖွေစုဆောင်နေပြီး ကျူးလွန်ခဲ့သူတွေကို ပြည်တွင်းဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ တစ်ချိန်မှာ အရေးယူနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်တောင်းဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
IIMM ကတော့ သူတို့စုဆောင်းရရှိထားတဲ့အထောက်အထားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ တာဝန်ရှိသူတွေအပေါ် အမှုတည်ဆောက်ရာမှာ အသုံးပြုမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်နဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတို့ရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်းထားသလိုလူမဆန်တဲ့ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သူတွေ အပါအဝင် ကျူးလွန်သူတွေ အပြစ်ပေးခံရတာကနေ ကင်းလွတ်နေတဲ့ သံသရာကို ချိုးဖျက်နိုင်ဖို့၊ မြန်မာနိုင်ငံသား တွေအတွက် တရားမျှတမှု ရရှိလာဖို့ ရည်မှန်းဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။