ဒုက္ခသည်တွေပြန်လာရန် လုံခြုံမှုမရှိသေးဟု HRW အရာရှိပြောကြား
ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို HRW လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွန်ကြားရေးမှူး Phil Robertson အင်္ဂါနေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
-
2019-02-20 -
-
-
Your browser doesn’t support HTML5 audio
ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို HRW လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ဒု-ညွန်ကြားရေးမှူး Phil Robertson အင်္ဂါနေ့က လာရောက်လည်ပတ်ခဲ့ပါတယ်။သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
■ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ဒု-ညွန်ကြားရေးမှူး Phil Robertson ဖီလ်ရောဘတ်ဆန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ပြန်လာရေးအတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီရှိ RFA ဌာနချုပ်ကို အင်္ဂါနေ့ မနေ့က လာရောက်စဉ်မှာ သူက အခုလို ပြောကြားခဲ့တာပါ။
“အစိုးရနဲ့ တပ်မတော်က ရိုဟင်ဂျာတွေပြန်လာစေချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် လုံခြုံရေးအတွက် လိုအပ်သလို ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတဲ့ အာမခံချက်လည်း မရှိ၊ ရခိုင်ပြည်နယ်က သူတို့ ထားပေးမယ့် စခန်းမှာပဲနေရမယ်၊ စားဝတ်နေရေးအတွက် လွတ်လပ်စွာ သွားလာခွင့်လည်း မပေးဖူးဆိုတော့ လက်ရှိ ဒုက္ခသည်စခန်းကနေ နောက်ထပ် အလားတူစခန်းတခုကို ရွေ့ပြောင်းသလိုပဲဖြစ်နေမှာပေါ့။ သူတို့ကို အရင်က လူမဆန်ရက်စက်စွာ ပြုကျင့်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတွေရှိတဲ့ အသိုင်းအဝန်းရှိရာဒေသကိုပဲ ပြန်သွားရမှာဖြစ်နေတယ်။ သူတို့အတွက် လုံခြုံမှုမရှိဖူးဆိုရင် ပြန်ကြမှာ မဟုတ်ပါဖူး” လို့ ဆိုပါတယ်။
၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူလူမျိုး ၁ဝဝ ကျော်ကို အကြမ်းဖက်မွတ်စလင်တွေက သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီကိစ္စကို AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေက ဖေါ်ထုတ်ပြောဆိုခဲ့ကြပေမယ့် HRW ကတော့ တစုံတရာ ဖေါ်ပြခဲ့ခြင်း မရှိတာ ဘာကြောင့်လဲလို့ သူ့ကို ကျနော်မေးခဲ့ပါတယ်။
“အဲဒီဒေသကို သွားရောက်ကြည့်ရှုဖို့ ကျနော်တို့ တောင်းခံတာကို မြန်မာအစိုးရက ငြင်းဆိုခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ တဆင့်စကားနဲ့ ကြားရတာတွေ၊ အစိုးရပြောစကားတွေအပေါ် မူတည်ပြီး သတင်းတစ်ခုကို ထုတ်ပြန်မှာ မဟုတ်ဖူး” လို့ ပြောပါတယ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် ပဋိပက္ခကို ရှောင်လွဲဖို့ ကြိုးစားနေတယ်လို့လည်း ဖီလ်ရောဘတ်ဆန်က ပြောပါတယ်။
“ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေပုံက ရခိုင်ပြည်နယ်မှာတော့ ပြသနာရှိနေဆဲဖြစ်ပါတယ်။ အဲဒါကို ကျမတို့ ဖြေရှင်းနေဆဲပါ။ ဒါပေမယ့် တိုင်းပြည်ရဲ့ တခြား ဒေသတွေမှာ အခု လာပြီးမြုပ်နှံကြပါလို့ ကမ္ဘာကို ပြောနေသလိုပဲ။ လက်ရှိ ရခိုင်ပြည်နယ်ပြသနာမှာ တဖက်ဖက်ကို ခိုင်ခိုင်မာမာ ရပ်လိုက်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲ အတွက်ရမယ့် မဲ အရေအတွက်ကို ထိခိုက်နိုင်တယ်ဆိုတာ သူ သတိထားမိတယ်လို့ Phil Robertson ဖီလ် ရောဘတ်ဆန် က ပြောပါတယ်။ တဆက်တည်းမှာပဲ စိတ်မကောင်းစရာက သူ့ကို ရခိုင်ပဋိပက္ခမှာ ဦးဆောင်ဖြေရှင်းပေးမလားဆိုပြီး လူတိုင်းက မျှော်လင့်နေကြတာပါ။ ဒါပေမယ့် သူက အဲဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးချန်ပီယံ မဟုတ်တော့ဘဲ သူ့ အာဏာတည်မြဲဖို့ ဘာမဆိုလုပ်တဲ့သူ ဖြစ်နေပါပြီ” လို့ ဖီလ်ရောဘတ်ဆန် က ပြောပါတယ်။ တဆက်တည်းမှာပဲ ဆန္ဒသဘောထား လွတ်လပ်စွာထုတ်ဖေါ်ခွင့်နဲ့ ပတ်သက်လို့တော့
“NLD အစိုးရအာဏာရလာချိန်ကစပြီး အခုအချိန်အထိ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ တရားစွဲတဲ့အမှု ၁၄ဝ ကျော် ရှိပါတယ်။ ဒါဟာ ဆန္ဒသဘောထား လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ငြင်းပယ်တာဖြစ်ပြီး၊ မြန်မာလူမှုအသိုင်းအဝန်း တစ်ခုလုံးကို ဗိုင်းရပ်စ်ပိုးလို ပျံ့နံှ့နေပါပြီ။ အဲဒါကို အစိုးရက အားပေးနေတယ်” လို့ ပြောပါတယ်။
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့တော့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ လုံလောက်ခြင်းမရှိဖူးလို့ သူက ပြောပါတယ်။
“ဒီကိစ္စကို ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ လူသတ်မှုုကို အဓိကကြိုးကိုင်တဲ့ တပ်မတော်အရာရှိဟောင်းက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်။ အဲဒီလူဟာ လက်ရှိတပ်မတော်ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေနဲ့ အင်မတန်ကြီးမားတဲ့ အဆက်အသွယ်တွေ ရှိတယ်။ ကျနော်တို့ မသိမမြင်ရသေးတာတွေ ဒီအမှုနောက်ကွယ်မှာ အများကြီး ရှိနေသေးတယ်လို့ ကျနော်ထင်တယ်”
ဒါ့အပြင် ဒီလူသတ်မှုမှာ အရေးကြီးတဲ့ တရားခံတစ်ယောက်ကို စွဲချက်ပြင်ဆင်လျှော့ချပြီး အပြစ်ပေးခဲ့တယ်။ ဒါကြောင့် ဒီအမှုမှာ တရားဥပဒေနဲ့အညီ ထိုက်တန်တဲ့ပြစ်ဒဏ် စီရင်ခဲ့ပြီလို့ ကျနော်တို့ မယူဆပါဘူး။ လွတ်မြောက်နေတဲ့ အဓိကကြိုးကိုင်သူရဲ့နောက်ကွယ်က အဆက်အသွယ်တွေကို ကျနော်တို့ ရှာဖွေဖော်ထုတ်ဖို့လိုတယ်လို့ HRW ရဲ့ အာရှရေးရာ ဒု-ညွန်ကြားရေးမှူး Phil Robertson ဖီလ်ရောဘတ်ဆန်က RFA ကို ပြောကြားခဲ့ပါတယ်။