ဂမ်ဘီယာနဲ့ မြန်မာကိစ္စ လေ့လာသူတွေ အမြင်
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာအစိုးရကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့က ဖေ့စ်ဘွတ် လူမှုစာမျက်နှာမှာ မြန်မာတပ်မတော်နဲ့ စစ်တပ်က ရေးသားခဲ့တဲ့ အချက်အလက်တွေ ထုတ်ပြန်ပေးရေး ဖေ့စ်ဘွတ်ကုမ္ပဏီကို တောင်းခံပေးဖို့ အမေရိကန် တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။
-
ခင်မောင်စိုး
2020-06-16 -
-
-
မြန်မာအစိုးရကို ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့က ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ မြန်မာတပ်မတော်နဲ့ စစ်တပ်က ရေးသားခဲ့တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးရေးအတွက် ဖေ့စ်ဘွတ်ကုမ္ပဏီကို တောင်းခံပေးဖို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ ခရိုင်တရားရုံးမှာ ဇွန်လ ၈ ရက်နေ့က တင်ပြလျှောက်ထားခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံဘက်က အကျိုးဆောင်ရှေ့နေတွေက ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ အခုလို လျှောက်ထားခဲ့တာကို ဖေ့စ်ဘွတ်ကုမ္ပဏီက သိရှိကြောင်း ပြောကြားခဲ့ပါတယ်။
ခရိုင်တရားရုံးကတော့ တစုံတရာ ဆုံးဖြတ်ကြေညာခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးစင်တာက ဥပဒေအကြံပေးအရာရှိ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ကတော့ အခုလို ဂမ်ဘီယာနိုင်ငံကိုယ်စား ရှေ့နေတွေက တောင်းခံထားတဲ့ မြန်မာ့တပ်မတော် အရာရှိတွေ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တဲ့အချက်အလက်တွေထဲမှာ vသတ်ဖြတ်မှုအတွက် ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိမယ်လို့ သူမထင်ပါဘူး။ ဒါပေမယ့် အမှုတခုအတွက် အချက်အလက်များများ တင်နိုင်လေ ကောင်းလေလေဆိုတဲ့ သဘောနဲ့ ဆောင်ရွက်တာလို့ပဲ ယူဆပါတယ်လို့ RFA ကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် ကတော့ တပ်မတော်အရာရှိတွေရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တဲ့အချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဂမ်ဘီယာဘက်က အခုလိုတောင်းခံတာဖြစ်တယ်လို့ ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဒါဟာ ပြည်တွင်းရေးဝင်စွက်မှုဖြစ်တယ်၊ တပ်မတော်ဟာ နိုင်ငံတခုမှာ လုံခြုံရေးကိုတာဝန်ယူရတယ်၊ ပုဂ္ဂိုလ် တဦးချင်းပေါ်မှာ ခိုင်လုံတဲ့ တရားစွဲနိုင်ပေမယ့် အဲဒီအချက်အလက်တွေကို သက်သေခံအဖြစ်သုံးပြုဖို့အတွက် နိုင်ငံတကာဥပဒေက အဲလောက်ထိခွင့်ပြုလိမ့်မယ်လို့ သူမထင်ပါဘူးလို့ RFA ကို ပြောပါတယ်။
ဒေါက်တာအင်ဒရူးကလည်း အခုလို ဂမ်ဘီယာဘက်က လုပ်ဆောင်ချက်ဟာ မြန်မာအစိုးရကို သိက္ခာကျဆင်းအောင် လုပ်ဆောင်ချက်ဖြစ်ပြီး ဒီအမှုဟာ မြန်မာနိုင်ငံအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိဘဲ အဆုံးသတ်သွားလိမ့်မယ်လို့ ပြောပါတယ်။ ဂမ်ဘီယာရှေ့နေတွေက ဝါရှင်တန် ခရိုင်တရားရုံးမှာ လျှောက်ထားခဲ့တာနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။