ရိုဟင်ဂျာတွေ မြန်မာနိုင်ငံက ထွက်ပြေးရတာ လေးနှစ်ပြည့်ပြီ
ဒီနေ့ဟာဆိုရင် လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရတဲ့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်တွေ လေးနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2021-08-24 -
-
-
၂၀၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာ အရပ်သား ပြည်သူအမြောက်အများ သေဆုံးပြီး၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ အခုဆိုရင် လေးနှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမယ့်၊ ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာ တွေ နေရပ်ပြန်နိုင်ရေးက အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Refugee International အဖွဲ့က ဒန်နီယယ် ဆော်လဗန် ကတော့ လွန်ခဲ့တဲ့လေးနှစ်က ဒီအချိန်မှာ မြန်မာနိုင်ငံဘက်ကက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို တဖွဲဖွဲနဲ့ရောက်လာတာကို ကိုယ်တွေ့မြင်ခဲ့ရတဲ့နောက်၊ ထွက်ပြေးလာသူတွေဆီက နယ်မြေရှင်းလင်းရေးလုပ်တဲ့ တပ်ဖွဲ့တွေက ရွာတွေကို မီးရှို့တာ၊ ထွက်ပြေးသူတွေကို ပစ်ခတ်သတ်ဖြတ်တာ တွေ ကျူးလွန်တဲ့ဖြစ်ရပ်တွေကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။
ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ အခက်အခဲ အမျိုးမျိုးကြုံနေရပြီး၊ အမြန်ဆုံးနေရပ်ကို ပြန်ချင် နေကြတဲ့အကြောင်း သာရင်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်က RFA ကို ပြောပြခဲ့ပါတယ်။
NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ ရိုဟင်ဂျာတွေ လူမျိုးတုန်း ထိခိုက်နစ်နာရတဲ့ ဖြစ်ရပ်တွေအတွက် အသိအမှတ်ပြုသလို၊ NUG အစိုးရအနေနဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေ အိမ်ပြန်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့အကြောင်း ပြောသွားပါတယ်။
ယူကေနိုင်ငံ အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင်က စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ် မရေရာပေမယ့်၊ မြန်မာပြည်သူတွေအကြားမှာ ရိုဟင်ဂျာတွေအပေါ် ကိုယ်ချင်းစာလက်ခံမှုတွေ တိုးလာတာ အားသာချက်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ရှုမြင်ပုံတွေ ပြောင်းလဲလာ တဲ့အထဲမှာ အထင်ရှားဆုံးကတော့ ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံ NLD ပါတီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မူဝါဒနဲ့ အဖွဲ့ဝင်တွေရဲ့ သဘောထားတွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ NUG ဝန်ကြီးတစ်ဦးဖြစ်တဲ့ နော်စူဇန်နာ လှလှစိုးက အရင် အစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် တားဆီးနိုင်ခြင်းမရှိတဲ့အတွက် ရိုဟင်ဂျာတွေအပေါ် တောင်းပန်လိုကြောင်း ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မသဉ္စာရွှန်းလဲ့ရည်က အခုအချိန်မှာ မြန်မာပြည်သူတွေ အကြားမှာ ရိုဟင်ဂျာတွေအပေါ် ရှုမြင်ပုံ ပြောင်းလဲလာကြောင်း ပြောပါတယ်။
မြန်မာပြည်သူတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လာရင် နားလည်သဘောပေါက်မှုနဲ့ လက်ခံမှုတွေ တိုးလာပေမယ့် ရိုဟင်ဂျာတွေနဲ့ ပတ်သက်လာရင် double standard လို့ခေါ်တဲ့ မတူနဲ့ စံနှုန်းနဲ့ ကျင့်သုံးလေ့ရှိတယ်လို့ ကရင်ပြည်နယ်က Transgender အရေး တက်ကြွလှုပ်ရှားသူ မယာယာပါ က သုံးသပ်ပြောဆိုပါတယ်။
Refugee International အဖွဲ့က ဒန်နီယယ် ဆော်လဗန်ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ် မှု ကျူးလွန်ရာရောက်တဲ့ဖြစ်ရပ်တွေ လေးနှစ်ပြည့်တဲ့အချိန်မှာ ဒီဖြစ်ရပ်တွေကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခေါ်ဝေါ်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုကြောင်း ပြောပါတယ်။