အလုပ်သမားပြဿနာ ရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုးရကို တောင်းဆို
ရန်ကုန်တိုင်းအတွင်း တရုတ်လုပ်ငန်းရှင်တွေ အဓိက လုပ်ကိုင်နေတဲ့ စက်ရုံငါးခုမှာ ဥပဒေပါ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေတာတွေကို တင်ပြဖို့အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးရှေ့မှာ အလုပ်သမားတွေ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
-
အောင်သိင်္ခ
2019-10-22 -
-
-
ရန်ကုန်တိုင်းအတွင်း တရုတ်လုပ်ငန်းရှင်တွေ အဓိက လုပ်ကိုင်နေတဲ့ စက်ရုံငါးခုမှာ ဥပဒေပါ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ထုတ်ပယ် နေတာတွေကို တင်ပြဖို့အတွက် အလုပ်သမား အများအပြားက ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးရှေ့မှာ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် အလုပ်ရှင် အလုပ်သမား ပြဿနာကို ဝင်ရောက်ဖြေ ရှင်းပေးခဲ့ပေမယ့် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်တွေကို ချိုးဖောက်ပြီး အလုပ်ထုတ်ပယ်တာ၊ အလုပ်ရှင် အလုပ်သမား စာချုပ် ချိုးဖောက်တာတွေရှိတယ်လို့ တိုင်းအစိုးရ အဖွဲ့ ရုံးရှေ့ ရောက်လာတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေထဲက တရုတ်နိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းရှင်တွေ အများစုဟာ မြန်မာပြည်ရဲ့ အလုပ်ရှင် အလုပ်သမား ဥပဒေပါအချက်တွေကို ချိုးဖောက်တာများတယ်လို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့က မမိုးစန္ဒာမြင့် က ပြောပါတယ်။
ဒီနေ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို လာရောက်တဲ့ စက်ရုံတွေဟာ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက SDI အထည်ချုပ် စက်ရုံ၊ ကိုင်ချန်၊ Young Clothing 2၊ မြန်မာလပ်ကီးနဲ့ အမေရိကန်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Natural Garment အထည်ချုပ်စက်ရုံတို့ဖြစ်ပြီး တခြားအထည်ချုပ်စက်ရုံတချို့မှာ လုပ်ကိုင်နေသူ အများအပြား ကလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ရှိတဲ့နေရာကို လာရောက် တောင်းဆိုတာဟာ ဒုတိယအကြိမ်ဖြစ်ကြောင်း အလုပ်သမားတွေက ပြောပါ တယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းထားပေမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခံခဲ့ရကြောင်း ကိုင်ချန်အထည်ချုပ် စက်ရုံက မနိုင်နိုင်မော်က ပြောပါတယ်။
မနိုင်နိုင်မော်ဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့ကနေ လာရောက်လုပ်ကိုင်တာဖြစ်ပါတယ်။ စက်ရုံကို ဆန္ဒပြ ခဲ့ပြီးနောက် မကြာခင်ရက်ပိုင်းကမှ ချောင်းရိုက်ခံလိုက်ရတယ်လို့ မနိုင်နိုင်မော်က ပြောပါတယ်။
အမေရိကန်နိုင်ငံသားပိုင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Natural Garment အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးက စက်ရုံရဲ့ ချိုးဖောက်မှုတွေကို မြို့နယ်ရုံးတွေက လုပ်ဆောင်ပေးမှု အားနည်းတယ်လို့ ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
အထည်ချုပ်စက်ရုံ အလုပ်သမားတွေအပြင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်ငါးဈေးက ငါးတောင်းအလုပ်သမားတွေ လည်း သူတို့အခွင့်အရေးအတွက် ဝန်ကြီးချုပ်ရှိတဲ့ အစိုးရရုံးကို လာရောက် တောင်းဆိုနေကြပြီး တွေ့ခွင့်မပေးမချင်း မပြန်ဘူးလို့ ပြောနေကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို RFA က ဆက်သွယ်မေးမြန်း ချိန်မှာ သူ့ရဲ့ကိုယ်ရေးအရာရှိက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့အဖို့ တွေ့ဆုံဖို့ မရှိဘူးလို့ ပြောပါတယ်။