ရန်ကုန်က စက်ရုံအချို့မှာ အချိန်ပိုမဆင်းလို့ အလုပ်ဖြုတ်ခံရသူ ၁၀၀ ကျော်ရှိလာ
ရှောင်တခင်ခွင့် လုံးဝယူလို့မရတဲ့အပြင် အလုပ်ပျက်ရင် အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ ရက်မှန်ကြေးပါ အဖြတ်ခံနေရပြီး အချိန်ပိုဆင်းရင်လည်း အပြန်အကြို/ပို့ (ဖယ်ရီ)ကို အဆင်ပြေမယ့်နေရာအထိ လိုက်မပို့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
-
RFA Burmese
2022-12-17 -
-
-
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့က စက်ရုံ၊ အလုပ်ရုံတွေမှာ အချိန်ပိုမဆင်းလို့ အလုပ်ဖြုတ်ခံရသူ ၁၀၀ ကျော်ရှိလာပြီလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ရဲ့ စာရင်းအရ သိရပါတယ်။
ဒါ့အပြင် ပုံမှန်ပေးရမယ့် ခွင့်ရက်တွေမပေးတာမျိုး စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ ပိုများလာနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမား ၃၀၀ ခန့်ရှိတဲ့ ရွှေပြည်သာက Non Stop အထည်ချုပ်စက်ရုံမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်က ကျန်းမာရေးကြောင့် အချိန်ပိုမဆင်းလို့ဆိုပြီး အလုပ်အထုတ်ခံ လိုက်ရတယ်လို့ စက်ရုံအလုပ်သမား မမိုးမိုးက RFA ကို ပြောပါတယ်။
"OT ကို ၁၀ နာရီအထိ ဆင်းခိုင်းတာကို မဆင်းနိုင်တာတို့ ၈ နာရီအထိ ဆင်းခိုင်းတာကို မဆင်းနိုင်တာတို့ ဆိုရင်လည်း အလုပ်ထုတ်တာတွေ ဘာတွေရှိတယ်ဗျ"
“ သူတို့အလုပ်သိမ်းချိန်က ၄ နာရီခွဲ သတ်မှတ်ထားတာ။ ကျမ ၄ နာရီခွဲနောက်ပိုင်းမှာ ကျန်းမာရေးမကောင်းလို့ မလုပ်နိုင်လို့ ပြန်ဖို့အတွက်ကိုလည်း အထည်ချုပ်လုပ်သား ခေါင်းဆောင် (All Super) ကို လိုက်ရှာတယ်။ သူ့ကို မတွေ့တော့ ပြန်ဖို့အတွက်ကို ကျမတို့လိုင်းထဲက လိုင်းခေါင်းဆောင် (Leader) ကို နေမကောင်းလို့ ပြန်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ သောကြာနေ့မှာ အလုပ်ထုတ်ခဲ့တယ်ဆိုတာကို ဘယ်သူမှမပြောဘူး။ ကျမ စနေနေ့ အလုပ်သွား ဆင်းတော့မှ ၈ နာရီ ၁၅ မိနစ်လောက်မှာ သူဌေးမကိုယ်တိုင် ကျမကို အလုပ်ကထုတ်လိုက်တာပါ။ မနေ့က အချိန်ပို မဆင်းလို့ ဒီနေ့ကစပြီး အလုပ်မဆင်းနဲ့ဆိုပြီး ပြောလိုက်တာ ”
အလုပ်ထုတ်ခံရပြီး နောက်တစ်ရက်မှာ နေ့စားလပေးပုံစံမျိုးနဲ့ စက်ရုံဘက်က နေစားခနဲ့ လစာ လာရှင်းခိုင်း ခဲ့ပေမယ့် နေ့စားအလုပ်သမား မဟုတ်တာကြောင့် သွားမရှင်းခဲ့ဘူးလို့ မမိုးမိုးက ဆိုပါတယ်။
ရွှေပြည်သာမှာရှိတဲ့ နောက်ထပ် စက်ရုံအလုပ်သမားတစ်ဦးကတော့ အလုပ်သမားအခွင့် အရေးဖြစ်တဲ့ ရှောင်တခင်ခွင့်နဲ့ ဆေးခွင့်တွေ မရတဲ့အပြင် အလုပ်ပျက်မိတာနဲ့ ခံစားခွင့် အားလုံးကို စက်ရုံဘက်က အကုန်ဖြတ်တယ်လို့ RFA ကို ပြောပါတယ်။
“ရှောင်တခင်ခွင့်၊ ဆေးခွင့် အဲဒါတွေအကုန်လုံး မရဘူးပေါ့နော်။ အဲဒီလိုခွင့်တွေ မပေး ဘူး။ မပေးတဲ့ကြားထဲမှာ ကျနော်တို့က အလုပ်ပျက်တယ်ဆိုလို့ရှိရင် ရက်မှန်ကြေးတွေ ဖြတ်တယ်။ Day ကြေးတွေဖြတ်တယ်။ ဂရိတ်ကြေး တွေပေါ့နော်။ ကိုယ့်ရဲ့ ကျွမ်းကျင် တဲ့ကြေးတွေ အကုန်ဖြတ်ချပစ်လိုက်တယ်။ EC စာချုပ် မချုပ်ရသေးတော့ အစ်ကိုရာ ကျနော်တို့ကို အဲဒီလို ပြောတာပေါ့နော်။ စက်ရုံမှာ ဒီခွင့်တွေမရဘူးလို့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့က အဲဒီခွင့်တွေ လိုချင်တယ်လို့ ပြောတယ်။ သူတို့ စက်ရုံမှာ မပေးဘူးပေါ့နော်”
ရှောင်တခင်ခွင့် လုံးဝယူလို့မရတဲ့အပြင် အလုပ်ပျက်ရင် အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်နဲ့ ရက်မှန်ကြေးပါ အဖြတ်ခံနေရပြီး အချိန်ပိုဆင်းရင်လည်း အပြန်အကြို/ပို့ (ဖယ်ရီ)ကို အဆင်ပြေမယ့်နေရာအထိ လိုက်မပို့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
ရွှေပြည်သာမြို့နယ်က အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ကိုဇင်ဝေအောင်ကလည်း အခုနောက်ပိုင်း အလုပ်သမားအခွင့်အရေး အပြည့်အဝမရလို့ လာရောက်တိုင်တန်းသူတွေ ပိုများလာပြီး လက်ရှိသုံးခုကို ဖြေရှင်းပေးနေရတယ်လို့ RFA ကို ပြောပါတယ်။
“စက်ရုံတွေမှာ ခွင့်တွေဘာတွေယူတယ် နောက်ပြီးတော့ OT ကို ၈ နာရီ ၁၀ နာရီအထိ ဆင်းခိုင်းတယ်။ မဆင်းနိုင်ရင် အလုပ်ဖြုတ်တာတွေတော့ ရှိတယ် ဒီဘက်တွေမှာက။ လုပ်သက်ခွင့်တွေ၊ ရှောင်တခင်ခွင့်တွေ၊ ဆေးခွင့်တွေ ယူရင်လည်း သူကမပေးဘူး။ တစ်လမှာ တစ်ရက်လောက် ယူရင်တောင်မှ သူတို့က အလုပ်ထုတ်တာတွေ ဘာတွေလည်းရှိတယ်။ OT ကို ၁၀ နာရီအထိ ဆင်းခိုင်းတာကို မဆင်းနိုင်တာတို့ ၈ နာရီအထိ ဆင်းခိုင်းတာကို မဆင်းနိုင်တာတို့ ဆိုရင်လည်း အလုပ်ထုတ်တာတွေ ဘာတွေရှိတယ်ဗျ။ ကျနော်တို့ဆီကို လာပြီး အကူအညီတောင်းလို့ ကျနော်တို့ ဖြေရှင်းနေရတာတွေ ရှိတယ်”
အလုပ်သမားတွေဟာ လက်ရှိ တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ သာရရှိပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ အလုပ်လုပ်ကြရပါတယ်။
အချိန်ပိုဆင်းရရင်တော့ တစ်နာရီကို ကျပ် ၁၂၀၀ ရရှိပြီး စနေ၊ တနင်္ဂနွေအပါအဝင် အစိုးရရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းခိုင်းရင် ကျပ် ၉၆၀၀ ရရှိကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့အပြင် အခြေခံ ရပိုင်ခွင့်တွေပါ မရတော့ဘူးလို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ပြန်ကြားရေးတာဝန်ခံ မအိက RFA ကိုပြောပါတယ်။
(Photo: RFA)
“အာဏာမသိမ်းခင်က အလုပ်သမားတွေရရှိထားတဲ့ အခွင့်အရေးတွေ အကုန်လုံး ဆုံးရှုံးသွားပြီလို့ ပြောလို့ ရပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အလုပ်သမားတွေက အခြေခံရပိုင်ခွင့်တွေတောင် မရတော့ဘူးပေါ့။ လုပ်ခလစာ ဆိုလို့ရှိရင်လည်း ၄၈၀၀ လို့သာပြောတယ်။ မရတဲ့စက်ရုံတွေလည်း ရှိလာတယ်။ လခစား အလုပ်သမား တွေ ၄၈၀၀ အပြည့်အဝနဲ့ ရက်အပြည့် (Day) ကြေး၊ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ကျွမ်းကျင်ကြေးတွေ ပေးနေရတဲ့ အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးရှာပြီး အလုပ်ထုတ်တယ်။ လုပ်ခလစာ အပြည့်အဝမပေးချင်လို့ ထုတ်လိုက်တာ။ ထုတ်ပြီးသွားရင် ကျွမ်းကျင်အလုပ်သမားတွေက အလုပ်လက်မဲ့ ဖြစ်လာတယ်။ ဖြစ်သွားကြတော့ ရရာအလုပ်တွေ၊ စက်ရုံတွေ အလုပ်လိုက်လျှောက် တယ်။ ခုနက အလုပ်သမားတွေကို ထုတ်လိုက်တဲ့ စက်ရုံကလည်း အဲဒီလူတွေကို ပြန်ခေါ်တယ်။ ဘယ်လိုခေါ်လဲဆိုတော့ နေ့စားနဲ့ ပြန်လုပ်လို့ရတယ်ဆိုပြီး ပြန်ခေါ်တာ”
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အလုပ်ရုံနဲ့အလုပ်သမား စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နာမည်ကြီး အမှတ်တံဆိပ် Adidas ဖိနပ်တွေချုပ်တဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် မြန်မာ ပေါင်ချိန် စက်ရုံမှာလည်း အောက်တိုဘာလက လုပ်ခလစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေထဲကမှ ဦးဆောင်သူ ၂၆ ဦး အလုပ်ကနေ အပြီးထုတ်ခံထားရပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ကထုတ်ပြန်တဲ့ ၂ဝ၂၂ ခုနှစ် အတွက် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် အလုပ်သမားတွေအတွက် ဘာအာမခံချက်မှ မရှိဘူးလို့လည်း ITUC က မှတ်ချက် ပြုထားပါတယ်။