ဥရောပပါလီမန်ဆုံးဖြတ်ချက် NUG အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ကြောင်း သုံးသပ်

NUG နဲ့ CRPH တို့ဟာ မြန်မာနိုင်ငံကို အမှန်တကယ် ကိုယ်စားပြုနိုင်တဲ့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အစည်းများဖြစ်ကြောင်း ဥရောပသမဂ္ဂပါလီမန်က ဆုံးဖြတ်ချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုတရားဝင် ဆုံးဖြတ်လိုက်တာဟာ အာဏာသိမ်းစစ်ကောင်စီ ရဲ့အုပ်ချုပ်မှု တရားမဝင်ကြောင်း ဆုံးဖြတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ့ အရေးလှုပ်ရှားနေသူတွေက သုံးသပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များကို တွေ့ရစဉ်။ Photo: NUG

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ ဥရောပသမဂ္ဂအီးယူရဲ့ ဥရောပပါလီမန်အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး resolution ဆုံးဖြတ်ချက်တစ်ရပ်ကို ဥရောပလီမန်အမတ်တွေက မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မိမိကိုယ်ကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး၊ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ အရေးပေါ် အခြေအနေ ကြေညာထားတာ တရားမဝင်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့သာလျှင် မြန်မာပြည်သူတွေရဲ့ ဆန္ဒအရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ အာဆီယံနဲ့ အာဆီယံ အထူးသံအနေနဲ့ NUG နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ရထားတဲ့ သဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းဖို့ ဥရောပပါလီမန်က တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန် အစိုးရကနေ တရားဝင် အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းနေတဲ့ Campaign for New Myanmar အဖွဲ့က Michael Haack က အခုလို ကမ္ဘာပေါ်မှာ သြဇာအာဏာအရှိဆုံး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အီးယူရဲ့ပါလီမန်ကနေ NUG ကို မြန်မာနိုင်ငံကို အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရဖြစ်ကြောင်း တရားဝင်ဆုံးဖြတ်လိုက်တာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

“ဥရောပပါလီမန်ကနေ အခုလို ကြေညာလိုက်တာဟာ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့အုပ်ချုပ်မှုဟာ တရားမဝင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။ အီးယူကနေ အခုလို တရားဝင်အသိအမှတ်ပြုလိုက်တာကြောင့် အခြားနိုင်ငံတွေကလည်း အလားတူ လိုက်လုပ်ကြဖို့ အချက်ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ NUG ကို တရားဝင် အသိအမှတ်မပြုနိုင်သေးရင်တောင် အရင်ကထက် ပိုပြီး အလေးအနက် ထားလာမယ်။ ပိုပြီးထိတွေ့ ဆက်ဆံလာကြလိမ့်မယ်။ တစ်ဘက်မှာလည်း အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို နိုင်ငံတကာဆွေးနွေးပွဲတွေ အခမ်းအနားတွေမှာ တက်ရောက်ဖို့ ခွင့်မပြုတော့တာတွေ ဖြစ်လာပါလိမ့်မယ်။ အမေရိကန် နိုင်ငံဟာဆိုရင် NUG ကို တရားဝင် အသိအမှတ်ပြုဖို့ တွန့်ဆုတ်နေခဲ့တာ ကြာပါပြီ။ အခုလို အီးယူက အသိအမှတ်ပြုလိုက်တဲ့အတွက် အမေရိကန် အစိုးရအနေနဲ့လည်း NUG ကို ပိုပြီး လက်ခံလာဖို့ ဖြစ်နိုင်ခြေများလာပါတယ်”

အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် Carlton College တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာထွန်းမြင့်ကတော့ ဒီ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတဲ့ လုပ်ရပ်တွေ တိုးချဲ့လုပ်ဆောင်ဖို့ အထောက်သလိုပဲ အနာဂတ်မှာ ဆက်လုပ်မယ့် ပိုမိုပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေအတွက် လမ်းခင်းပေးလိုက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ Nickey Diamond ကတော့၊ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အစကတည်းက နိုင်ငံတကာမှာ သံတမန်ရေးအရ အားပေးထောက်ခံမှု မရတဲ့အတွက် အခုလို NUG ကို တရားဝင် အသိအမှတ်ပြုလိုက်တာ အံ့သြစရာမရှိပေမယ့် NUG အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အခုအပတ်အင်္ဂါနေ့ကပဲ ပြင်သစ်နိုင်ငံအထက်လွှတ်တော်ဟာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့ပြီး နောက်တနေ့မှာတော့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမယ့် Burma Act ဥပဒေကို အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေ မတိုင်ခင် အောက်တိုဘာ ၄ရက်နေ့က ကျင်းပတဲ့ အာဆီ အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေဟာ အာဆီယံ အထူးသံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ဖော်ပြောကြားခဲ့ပြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပေးမှာ မဟုတ်ကြောင်း၊ မလေးရှားနိုင်ငံအနေနဲ့ အာဆီယံနဲ့ ရထားတဲ့ five point consensus သဘောတူညီချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ NUG နဲ့ တွေ့ဆုံးဆွေးနွေးဖို့ စဉ်းစားနေကြောင်း ပြောခဲ့ပါတယ်။

အခုလို NUG အစိုးရကို အသိအမှတ်ပြုကြောင်းနဲ့ အာဏာသိမ်း စစ်ကောင်စီကို တရားမဝင်အဖြစ် သတ်မှတ်ပြီး အပြစ်ပေးအရေးယူမယ့် လုပ်ရပ်တွေ ချမှတ်တဲ့ နိုင်ငံတွေ တိုးပွားလာတဲနောက် မြန်မာစစ်ခေါင်းဆောင်တွေဆီကနေ စီးပွားရေးအကျိုးအမြတ်ရနေတဲ့ နိုင်ငံအချို့ပဲ ထိတွေ့ဆက်ဆံမှု ကျန်ခဲ့လိမ့်မယ်လို့ Carleton College တက္ကသိုလ်က ဒေါက်တာ ထွန်းမြင့်က သုံးသပ်ပါတယ်။

အောက်တိုဘာလ ၇ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဥရောပပါလီမန်ရဲ့ resolution ဆုံးဖြတ်ချက်ထဲမှာ မြန်မာ့တပ်မတော်က ဖေဖော်ဝါရီလ ၁ရက်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crime against humanity ဖြစ်မြောက်ပြီး၊ ဒီလုပ်ရပ်တွေကို ဥရောပ ပါလီမန် အမတ်များမှ ရှုတ်ချကြောင်း၊ တပ်မတော်ဟာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဘာသာရေးနဲ့ လူမျိုးရေးလူနည်းစုတွေကို ဆက်လက်ပြီး တိုက်ခိုက်နေတာအပေါ်မှာလည်း ရှုတ်ချကြောင်းနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထန်းသိမ်းထားသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org