ငလျင်ကြောင့် မစိုးရိမ်ကျောင်းတိုက် ကိုးဆယ်ရာခိုင်နှုန်း ပျက်စီး၊ သံဃာ ၃၉ ပါး ပျံလွန်
2025.04.09
မြန်မာနိုင်ငံမှာ စာသင်သားဦးရေ ၂၀၀၀ ကျော်ရှိတဲ့ မန္တလေးမြို့က မစိုးရိမ်တိုက်သစ်ဟာ ပြင်းထန်တဲ့ငလျင်ဒဏ်ကို ခံလိုက်ရတဲ့အတွက် ကိုးဆယ်ရာခိုင်နှုန်းလောက်ပျက်စီးသွားလို့ စာဆက်သင်ပေးဖို့ မလွယ်တော့ဘူးလို့ မစိုးရိမ်နာယက စာချဆရာတော်တွေက မိန့်ပါတယ်။
မစိုးရိမ်တိုက်သစ်မှာ ကျောင်းဆောင်ပေါင်း ၃၀ ခန့်ရှိပြီး စာသင်သား ကိုရင်၊ဦးဇင်း ၂၀၀၀ ကျော်ရှိပါတယ်။ ငလျင်ကြောင့် အပါး ၂၀၀ လောက်သာရှိတော့ပြီး ကျန်တဲ့စာသင်သားတွေက နေရပ်တွေကို ပြန်ကြွသွားကြပြီလို့ ဆိုပါတယ်။
မစိုးရိမ်တိုက်သစ်က စာချဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသက လည်း မတ်လ ၂၈ ရက်နေ့က ပြင်းပြင်းထန်ထန်လှုပ်ခက်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် တိုက်သစ်က သံဃာတွေ ထိခိုက်မှုမရှိပေမယ့် စာဖြေသွားရင်း စာဖြေဌာနပြိုကျသွားတဲ့ထဲ ၂၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ RFA ကို မိန့်ပါတယ်။
"အသေပျောက်ထိခိုက်ပျက်စီးသွားတဲ့ကျောင်းတွေကတော့ ကျောင်းတိုင်းနီးပါးပါပဲ၊ ကျောင်းပုလေးတွေတောင် ပါသွားတာပေါ့နော်၊ အသစ်ဆောက်လက်စ၊ ဆေးသုပ်တန်းလန်းကြီးနဲ့ အဆောက်အအုံတောင်မှ နံရံတွေအပ်တာတို့၊ ကွဲတာတို့ ဖြစ်တာပေါ့နော်၊ ပြန်နေဖို့တော့ မလွယ်ဘူး၊ ရာခိုင်နှုန်းအနေနဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိပါတယ်၊အဲဒီအချိန်က ဓမ္မာစရိယစာမေးပွဲဖြေနေတဲ့အချိန်ဖြစ်တဲ့အတွက် ဒီတိုက်ထဲကနေ စာဖြေဌာနကို သွားဖြေနေရင်းနဲ့ စာဖြေဌာနပြိုကျတဲ့အထဲပါသွားတာကတော့ စာရင်းကောက်လို့ရရှိပြီး အတည်ပြုနိုင်တာက ၂၁ ပါးရှိပါတယ်။"
စာဖြေဌာနပြိုကျလို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ခြေပြတ်၊လက်ပြတ် ဦးဇင်း နဲ့ ကိုရင်တွေအပါဝင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ ဆေရုံတင်ထားရတဲ့ ဦးဇင်းနဲ့ ကိုရင် ၄၇ ပါးရှိတယ်လို့လဲ မိန့်ပါတယ်။
စာရင်းအတိကျကောက်လို့မရသေးတဲ့ ဦးဇင်းနဲ့ကိုရင်တွေလည်း ရှိနေပြီး သူတို့ကို ပျောက်ဆုံးစာရင်းထဲမှာ ထည့်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဒါပေမယ့် ဘယ်နှစ်ပါး ပျောက်ဆုံးနေတယ်ဆိုတာကိုတော့ မဖြေဆိုပါဘူး။
မစိုးရိမ်တိုက်သစ်က စာသင်သားတွေသတင်းသုံးနေထိုင်တဲ့ အထပ်မြင့် အဆောက်အအုံကြီး ပြိုကျသွားတဲ့အထဲ အပါး ငါးရာလောက် ပျံလွန်တော်မူသွားတယ်ဆိုတဲ့ သတင်းဟာ ကောလ ဟာလသာဖြစ်ပြီး ငလျင် သုံးကြိမ်လှုပ်မှ ပြိုကျသွားတာကြောင့် ပထမဆုံးအကြိမ်လှုပ်ပြီးကတည်းက စာသင်းသားကိုရင်၊ဦးဇင်းတွေဟာ အောက်ကို ဆင်းနှင့်ပြီးသားဖြစ်နေပြီလို့ ဆရာတော် ဦးဝီရသူ က မိန့်ကြားပါတယ်။
"တိုက်ကြီးပြိုတဲ့အခါလူတွေက သံဃာတွေပိပြီးဘာညာပေါ့နော်၊ ကောလဟာလတွေလည်း ကြားသိရပါတယ်၊တကယ်တမ်းကြတော့ အဲဒီတိုက်ကြီးက အင်မတန်ဒုထည်အားကောင်းပြီးတော့ ခိုင်ခံ့တဲ့အတွက်ကြောင့် ပထမအကြိမ်ငလျင်လှုပ်ရုံနဲ့ မပြိုပါဘူး၊ ပထမအကြိမ်ငလျင်လှုပ်တဲ့အချိန်မှာ သံဃာတွေက အကုန်လုံး အောက်ကိုဆင်းသွားကြပြီ၊ ဒုတိယအကြိမ်မှာလည်းအဲဒီတိုက်ကြီးက မပြိုပါဘူး၊ တတိယအကြိမ်ကြမှ အဲဒီတိုက်ကြီးက ပြိုသွားတဲ့အတွက်ကြောင့် မစိုးရိမ်တိုက်သစ် အတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့သူတောင် မရှိသလောက်ပဲနော်၊ ဆွမ်းချက်အဖွဲ့တွေ မူးတာတို့၊ တက်တာတို့ သတိလစ်မေ့သွားတာတို့၊ ဦးဇင်းလေးတွေ ထိပ်ပေါက်ခေါင်းကွဲ အနည်းငယ်လေးတွေ ဖြစ်တာတို့ ဒီလောက်ပဲရှိတာပါ၊"
ငလျင်ကြောင့် မစိုးရိမ်တိုက်သစ်က နာရီစင်ကြီး လုံးဝပျက်စီးသွားခဲ့ပြီး ရေဂါလံ လေးသောင်းဆန့် ရေကန်ကြီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။
မစိုးရိမ်မူလတိုက်ဟောင်း မှာလည်း ငလျင်ကြောင့် ကျောင်းဆောင်တွေ ပြိုကျပျက်စီးခဲ့ပြီး သံဃာ ၁၈ ပါးပျံလွန်တော်မူခဲ့သလို လူပုဂ္ဂိုလ် ဧည့်သည် ငါးယောက်သေဆုံးခဲ့ပါတယ်။ ငလျင်လှုပ်ပြီး ၁၀ ရက်ကျော်ကြာတဲ့အချိန်အထိ လူမှုကူညီရေးအသင်းတွေနဲ့ပဲ ပျက်စီးတဲ့အဆောက်အအုံတွေကို ရှင်းလင်းဖြေရှင်းနေရပြီး ခက်ခဲမှုတွေ ရှိနေတယ်လို့ ဆရာတော် ဦးနိပုဏက မိန့်ပါတယ်။
"နာယကဆရာတော်အားလုံးဘေးကင်းပါတယ်၊ စာသင်းသားတွေထဲကတော့ ၁၈ ပါးလောက် ပျံလွန်တော်မူသွားတယ်၊ နောက်လူပုဂ္ဂိုလ် ဧည့်သည်တွေထဲကတော့ ငါးယောက်ပေါ့၊ အသက်ရှုံးဆုံး သွားပါတယ်။ကယ်ဆယ်ရေးမှာ လူမှုကူညီရေးကပဲ များပါတယ်၊ သူတို့တွေလည်း ပြေးလွှား လာပြီးတော့ ကယ်ဆယ်ရတာဆိုတော့ ပစ္စည်းကတော့မစုံဘူးပေါ့ဗျာ၊ အဲလိုအခက်ခဲကတော့ ရှိခဲ့တာပေါ့ဗျာ။"
မစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း) ကို လွန်ခဲ့တဲ့ ၁၁၇ နှစ်လောက်က ဒါယကာတစ်ဦးထဲက လှူဒါန်းတည်ဆောက်ခဲ့တာဖြစ်ပြီး ကျောင်းဆောင် ၁၂ ဆောင်လုံး လုံးလုံးလျားလျား ပျက်စီးသွားခဲ့တယ်လို့ ဆရာတော် ဦးနိပုဏက မိန့်ပါတယ်။
ကျောင်းဆောင်တွေပျက်စီးသွားတဲ့နောက် ပရိယတ္တိစာပေတွေကို ဆက်သင်ကြားနိုင်ဖို့ ယာယီကျောင်းဆောင် လေးတွေဆောက်လုပ်ပြီး ဆက်လက်သင်ကြားပေးသွားရင်း ပျက်စီးသွားတဲ့ကျောင်းဆောင်တွေကို ပြင်ဆင်သွားမယ်လို့ မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော်တွေက မိန့်ပါတယ်။