ဒေါက်တာနေစိုးမောင်ကိုဖမ်းဆီးမှု စစ်ခေါင်းဆောင်ရဲ့ စိတ်မလုံခြုံမှုကြောင့်လို့ ရှုမြင်

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.10.26
ဒေါက်တာနေစိုးမောင်ကိုဖမ်းဆီးမှု စစ်ခေါင်းဆောင်ရဲ့ စိတ်မလုံခြုံမှုကြောင့်လို့  ရှုမြင် ဦးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်က မန္တလေးမြို့ ကျုံးပတ်လမ်းတွင် တွေ့ရစဉ်။
Dr.Nay Soe Maung/Facebook

စစ်ကောင်စီဟာ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက သူတို့ကို လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတယ်လို့ ယူဆရသူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးအရေးယူအမှုဖွင့်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသူ နှစ်ရာကျော် ဖမ်းဆီးခံ ထားရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အတွက် လှုပ်ရှားနေတဲ့ အသံ - Athan အဖွဲ့က အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လူထုလှုပ်ရှားမှုမှာပါဝင်သူတွေရဲ့ ပြောကြားချက်တွေကို လူမှုကွန်ရက်မှာ မှတ်ချက်ပေးသူတွေ၊ ဖြန့်ဝေသူတွေကို နေ့စဉ်ဖမ်းဆီးနေတဲ့အကြောင်း ဖော်ပြပါတယ်။

အခုတော့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာ နေစိုးမောင်ကိုပါ နိုင်ငံတည်ငြိမ်မှု ပျက်ပြားအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်ရေးသားတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူ လိုက်ပြန်ပါတယ်။

ဒါဟာ ဝဋ်လည်တာပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“လုံးဝ မတို့မထိရဲတဲ့ အုပ်စုတွေပေါ့နော်၊ တို့လိုက် ထိလိုက်တယ်ဆိုတော့ တော်တော်အံ့အားသင့်တယ်၊ ဝဋ်လည်တယ်ဆိုတာ ဒီလိုပါ၊ ဗိုလ်နေဝင်းကို ဆရာအရင်းကို ဗိုလ်နေဝင်းက ပြတ်ပြတ်သားသားပေါ့၊ သေသည်အထိပေါ့၊ ဆေးတောင်ကုမပေးဘူး၊ အသုဘလည်း ဘယ်သူမှလိုက်မချရဘူး၊ လာလည်းမတွေ့ရဘူး၊ အဲလောက်ထိ ရက်ရက်စက်စက် ဆရာအရင်းကို လုပ်တယ်ဆိုတော့ အော် သူတို့တွေက ဒီလိုပါပဲလား လူသားချင်းစာနာထောက်ထားမှုလေးတောင် သူတို့အချင်းချင်းလည်း မရှိပါလားဆိုပြီး တော်တော်အံ့အားသင့်ခဲ့တယ် အဲတုန်းကလေနော်၊ ဗိုလ်နေဝင်းကို ချစ်လို့တော့ မဟုတ်ဘူး၊ စိတ်မကောင်းတော့ မဖြစ်ပါဘူး၊ မင်းအောင်လှိုင်က ဗိုလ်သန်း‌ရွှေကို စပြီးထိလိုက်တဲ့အခါကျတော့ တရားပါစွဲ ဦးမယ်ဆိုတဲ့အခါကျတော့ အော် ဗိုလ်သန်းရွှေလည်း ဝဋ်လည်တာ ဘဝတောင် မကူးပါလား မြန်လိုက်တာ၊ အဲလိုလည်း တွေးတယ်ပေါ့နော်”

ဒီအဖြစ်အပျက်ဟာ အာဏာရူးသွပ်သူတွေရဲ့ လက္ခဏာတွေပဲလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ကိုနေဘုန်းလတ်က သုံးသပ်ပါတယ်။

“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စိတ်မလုံခြုံမှုကို ပေါ်လွင်စေတဲ့ အဖြစ်အပျက်တွေလို့ပဲ ပြောနိုင်ပါတယ်၊ ဘယ်သူ့စကားမှလည်း သူနားမထောင်ချင်တော့ဘူး၊ ဘယ်သူ့ကိုမှလည်း သူအယုံအကြည် မရှိဘူး၊ နောက်ပြီးတော့ ဆတ်ဆတ်ထိမခံဘူးပေါ့နော်၊ ဒီလိုစိတ်အခြေအနေတွေကို ပေါ်လွင်စေတာပေါ့ဗျာ၊ ဒါအာဏာရူးသွပ်သူတွေရဲ့ အသွင်အပြင် လက္ခဏာတွေပါပဲ"

ဒီဖြစ်စဥ်က တပ်တွင်းမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားစေတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“တပ်တွင်းမှာ ဖိုးလပြည့်ဆိုတာကလည်း ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေး အနွယ်တွေ အမျိုးတွေ အားလုံးကလည်း ဖိုးလပြည့်ကို သံယောဇဥ်ရှိကြတယ်၊ ချစ်ကြတယ်၊ သူတို့တွေ စစ်တပ်ကနေ ဖယ်ရှားခံလိုက်ရတာ ထိတောင်မှပဲ ချစ်ပြီးသား၊ အဲတော့ သူတို့မှာ အခိုင်အမာ နောက်ခံအင်အားရှိတယ်ပေါ့နော်၊ ဒီအာဏာသိမ်းတဲ့ ဟာကိုတော့ အောင့်သက်သက်နဲ့ လက်ခံနေရတဲ့သူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် ရုန်းမထွက်နိုင်တဲ့သူတွေလည်း ရှိတယ်၊ မင်းအောင်လှိုင်ရဲ့ အနေအထားက ကျန်တဲ့သူတော်လှန်ရင်တောင်မှပဲ တစ်မျိုးပေါ့နော်၊ ကိုယ့်အချင်းချင်းက ကိုယ့်လာပြောရင်တော့ ပိုဆိုးမယ် စံနမူနာပြလုပ်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆရာရဲ့ သမက်ကို သူဖမ်းလိုက်တာလေ၊ ဒီဖြစ်စဥ်က တပ်တွင်း အဖွဲ့နှစ်ခုကွဲသွားစေတယ်၊ အရင် ဦးသန်း‌ရွှေကို သဘောကျတဲ့သူတွေနဲ့ အခုမင်းအောင်လှိုင်ကို အားမလိုအားမရဖြစ်ပြီး မကြိုက်တဲ့သူတွေကြားထဲမှာ အားပြိုင်မှုတစ်ရပ် ဖြစ်သွားတဲ့ပွဲလို့ ပြောရမှာဖြစ်ပါတယ်၊ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲ စောင့်ကြည့်ရမှာပေါ့"


ဆက်နွှယ်သော သတင်းများ

အာဏာရှင်ဟောင်း ဦးသန်းရွှေ သမက်ကို စစ်ကောင်စီ ဖမ်းဆီး

ဒေါက်တာနေစိုးမောင်နဲ့အတူ ဆရာဝန်လူငယ် ၁၁ ယောက်ကိုစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီ ထောင်ဆယ်နှစ်ချ


ဒေါက်တာနေစိုးမောင်ဟာ NLD ဒုခေါင်းဆောင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည် ဆွမ်းကျွေးပွဲသွားခဲ့ပါတယ်။

ဒါ့အပြင် ဒေါက်တာဇော်မြင့်မောင်ကို လေးစားတဲ့အကြောင်းနဲ့ Live Free ဆိုတဲ့ စာတန်းပါ အနီရောင် တီရှပ်ကို ဝတ်ပြီး မန္တလေးကျုံးဘေးမှာ ရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ အောက်တိုဘာလ ၈ ရက်နေ့က တင်ခဲ့ပြီးနောက်ပိုင်း အဖမ်းခံလိုက်ရတာပါ။

ဒေါက်တာ နေစိုးမောင်ဟာ ဒီမိုကရေစီလိုလားသူတစ်ယောက် မဟုတ်ဘဲ အခွင့်အရေးသမားသာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အငြိမ်းစားတပ်အရာရှိဟောင်းတစ်ယောက်က ဝေဖန်ပါတယ်။

“သူက ဒီမိုကရေစီကို လိုလားတယ်လို့ ပြောလို့လည်း မရပါဘူး၊ တပ်ထောက်ခံသူတွေဆိုတာကလည်း ဒီမိုကရေစီကို ဆန့်ကျင်ပြီးတော့ အာဏာရှင်စနစ်ကို ထောက်ခံနေသူတွေ မဟုတ်ပါဘူး၊ အခွင့်အရေးသမားတွေ ဆိုတာ မဟုတ်ပါဘူး၊ ပြောရရင်တော့ ဒီ ဒေါက်တာနေစိုးမောင်တို့ကမှ တကယ့်ကို အခွင့်အရေးသမားပေါ့နော်၊ သူ့ရဲ့အဖေ ဗိုလ်ချုပ်တင်စိန် ကိုယ်တိုင်ရော၊ သူ့ရဲ့သား ဖိုးလပြည့်ကိုယ်တိုင်ကလည်း မြေးအကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ သားသမီးတစ်ဦးသဖွယ် ဆက်ဆံခံရတယ်၊ အားလုံးက အရေးပေးခံရတယ်၊ အဲခါမှာ သူတို့အခွင့်အရေးတွေကိုပေါ့နော်၊ သူများထက်ပိုပြီးတော့ ယူခဲ့တယ်၊ သူက ဒီအချိန်မှာ သူ့ရဲ့သားကိုပေါ့နော် အခုမားကို့စ်အုပ်စုပေါ့နော်၊ ပြန်ပြီးတော့ ဖိလစ်ပိုင်မှာ နေရာရသလို ဒီလူကလည်း တစ်နေ့မှာတော့ သားဖြစ်တဲ့ ဖိုးလပြည့်ကို နိုင်ငံရေးစင်ပေါ်တင်ချင်လို့ အရင်တုန်းက သူ့ယောက္ခမ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အရိပ်ကို ခွာချင်လို့ သက်သက် အခွင့်အရေးသမားအနေနဲ့ လုပ်နေတယ်လို့ပဲ ယူဆတယ်"

ဦးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်က ကျန်းမာရေးအခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ (Photo: Dr.Nay Soe Maung/Facebook)
ဦးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်က ကျန်းမာရေးအခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ (Photo: Dr.Nay Soe Maung/Facebook)

အလားတူ စစ်ကောင်စီဟာ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရဲ့ ပြောရေးဆိုခွင့်တာဝန်နဲ့ ပြန်ကြားရေး ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်ကိုပါ မမှန်မကန် သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က၊ တပ်မတော်သားနဲ့ အစိုးရဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က တို့နဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၉ မှာ ထောင်ဆယ်နှစ် ချခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ဒေါက်တာနေစိုးမောင်နဲ့ ဦးရဲထွဋ်တို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ သင့်၊ မသင့်ဆိုတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းထဲမှာတော့ သူတို့ နှစ်ယောက်လုံးကို ထည့်ထားပြီး စစ်အာဏာသိမ်းသုံးနှစ်ခွဲကျော်အတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၅၈ဝ) ရှိသွားပြီလို့ AAPP က အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။