အာဏာရှင်ဟောင်း ဦးသန်းရွှေ သမက်ကို စစ်ကောင်စီ ဖမ်းဆီး
2024.10.24

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်မှု ပျက်ပြားအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်ရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သူ့ကို အောက်တိုဘာလ ၂၃ ရက်နေ့က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
ဒေါက်တာနေစိုးမောင်ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ အချစ်ဆုံးမြေးဖြစ်တဲ့ ဖိုးလပြည့် (ခေါ်) ကိုနေရွှေသွေးအောင်ရဲ့ ဖခင်ဖြစ်ပါတယ်။ ဒီအပြင် အာဏာရှင်ဦးနေဝင်းလက်ထက်မှာ ကာကွယ်ရေးဒုဝန်ကြီး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်တင်စိန်ရဲ့ သားလည်းဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း စစ်ဆေးတပ်မှာ ဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ်ကနေ အငြိမ်းစားယူခဲ့သူပါ။ စစ်တပ်အာဏာသိမ်းချိန် ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာတော့ ဆန္ဒပြပြည်သူတွေကို ဆေးပညာနဲ့ ကူညီခဲ့ပါတယ်။
အခုလိုမျိုး အာဏာရှင်ဟောင်းရဲ့ ဆွေမျိုးတစ်ဦးကို ဖမ်းဆီးလိုက်တာဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူသာလျှင် အဓိပတိအာဏာရှင်ဖြစ်တယ်ဆိုတာကို ပြသလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူသာ အဓိပတိ၊ သူသာ လက်သစ်အာဏာရှင်ဖြစ်နေတာမို့ အေးနေဝင်းတို့ အုပ်စုတောင် အသံတိတ်နေတာ ကြာပြီ။ ဖိုးလပြည့်တို့လည်း ငြိမ်ကုတ်နေတာ ကြာပါပြီ။ အခုက သူ့ရာဇပလ္လင်ကို လာကိုင်လှုပ်မဲ့သူမှန်သမျှ ကြူငုတ်မကျန်လုပ်နေတာပါ့”
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဝေဖန်သူတွေကို ဖမ်းဆီးထောင်ချမှုတွေရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်နဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးအရေးယူထားပါတယ်။