အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ K3C တိုင်းရင်းသားအဖွဲ့တွေ ဘာတွေဆွေးနွေးခဲ့လဲ

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းကူညီဖို့ အတည်ပြုပြီးနောက် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ K3C လို့ခေါ်တဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာပြည်သူတွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းထောက်ပံ့ဖို့ အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

K3C လို့အမည်ပေးထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ တွေ့ဆုံခဲ့တာပါ။

ဒေသတွင်း ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေကို တင်ပြခဲ့တယ်လို့ KNPP အထွေထွေ အတွင်းရေးမှူး ခူပလူးရယ်က ပြောပါတယ်။

“အဓိက ကတော့ ဒေသတွင်းမှာ နောက်ဆုံးအခြေအနေလေးတွေကို သူက သိချင်တဲ့သဘောပါပဲ။ ဒီပြည်တွင်းမှာ ကျွန်တော်တို့ နေရာဒေသတွေမှာ အခက်အခဲတွေ ဘာတွေဖြစ်နေသလဲဆိုတဲ့ အခြေအနေလေးတွေကို သူမေးတာပေါ့လေ။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကတော့ ကျွန်တော်တို့ဒေသမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ အနေအထားတွေနဲ့ နည်းလမ်းသစ်နဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးဖို့ တင်ပြခဲ့တယ်”

စစ်ရေးနဲ့ နိုင်ငံရေး နောက်ဆုံးအခြေအနေတချို့လည်း ဆွေးနွေးခဲ့ပေမယ့် အသေးစိတ် ထုတ်မပြောပါဘူး။

"ကျွန်တော်တို့ ကိုယ်စားလှယ်တွေကတော့ ကျွန်တော်တို့ဒေသမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ အနေအထားတွေနဲ့ နည်းလမ်းသစ်နဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးဖို့ တင်ပြခဲ့တယ်"

ဒဲရစ်ချောလက်ကတော့ မြန်မာနိုင်ငံသားတွေအတွက် လုံခြုံစိတ်ချပြီး ကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်နိုင်ဖို့ နိုင်ငံတကာအကူအညီတွေ ဘယ်လိုတိုးပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြောင်း သူ့ရဲ့ Twitter ခေါ် X လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး (KIO) နဲ့ (KNU) ခေါင်းဆောင်တွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသေးစိတ် မဖြေနိုင်သေးဘူးလို့ ငြင်းဆိုပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ကို အီးမေးလ်နဲ့ရော ဖုန်းနဲ့ပါ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ ဒီဆွေးနွေးပွဲဟာ အမေရိကန် ဘားမားအက်ရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုလို့ သုံးသပ်ပါတယ်။

“ဘားမားအက်ပေါ်လာပြီးနောက်မှာ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘဏ္ဍာငွေလျာထားတဲ့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ သုံးလို့ရမယ့်ဟာကို ဘယ်လိုပုံစံနဲ့ ထောက်ပံ့ကူညီလို့ရမလဲဆိုတဲ့ဟာမျိုး တွေ့ဆုံတဲ့သဘောဖြစ်မယ်”

အမေရိကန်အထက်လွှတ်တော် ဘတ်ဂျက်ခွဲဝေရေးကော်မတီရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံကို အမေရိကန်အစိုးရပေးမယ့် အကူအညီထဲမှာ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ပံ့ရေး အကူအညီအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း သတ်မှတ်ထားပါတယ်။ လက်နက်မဟုတ်တဲ့ အကူအညီနဲ့ နည်းပညာအကူအညီတွေအတွက် ဒေါ်လာ ၂၅ သန်း သတ်မှတ်ထားပါတယ်။ တခြားကဏ္ဍ ငါးခုအတွက် ဒေါ်လာ ၂၁ သန်း အသုံးပြုသွားမှာပါ။

အသေးစိတ်ထောက်ပံ့ရေးနဲ့ ပတ်သက်လို့ အမေရိကန်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ဒီအကူအညီဟာ စစ်အုပ်ချုပ်ရေးကို ဖြုတ်ချဖို့အထိ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ဒီလိုပေးလိုက်တဲ့အတွက်ကြောင့် မီးပုံကို ဓာတ်ဆီလောင်းသလိုတော့ ဖြစ်မယ်။ သို့သော် ဒီဟာက ဝုန်းကနဲပဲ တောက်မယ်။ ဒီပမာဏက ကျွန်တော်တို့ နိုင်ငံတော်မှာ တာဝန်ယူနေတဲ့ အစိုးရကို တစ်ခုခု ဒုက္ခရောက်အောင် လုပ်လို့ မရပါဘူး”

စစ်ကောင်စီကတော့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနည်းပါးအောင် နည်းမျိုးစုံနဲ့ လုပ်နေတယ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားလေ့ရှိတဲ့ စစ်ကောင်စီပြန်ကြားရေး အဖွဲ့ရဲ့ ဗိုက်ဘာကတစ်ဆင့် မတ်လ ၂၉ ရက်နေ့က တုံ့ပြန်ပါတယ်။ ဒါဟာ အမေရိကန်အစိုးရကျင့်သုံးနေတဲ့ တရုတ်နိုင်ငံပေါ် ဝိုင်းပတ်ထိန်းချုပ်ရေးမူဝါဒအတွက် မြန်မာကို အသုံးချနေတာလို့ စွပ်စွဲပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Twitter/ Derek Chollet)

K3C ရဲ့မဟာမိတ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ အမေရိကန်ရဲ့အကူအညီဟာ အတိုက်အခံတွေဆီကနေတစ်ဆင့်ပဲ တိုက်ရိုက်စီးဆင်းဖို့ လိုအပ်တယ်လို့ RFA ကို ပြောပါတယ်။

“လက်ရှိ မြန်မာတစ်နိုင်ငံလုံးကို စစ်အုပ်စုကပဲ ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ NUG နဲ့တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေဆိုတာလည်း ခြောက်ဆယ်ရာခိုင်နှုန်းလောက် ရှိနေပြီ။ အဲဒီအတွက်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးတဲ့အခါမှာလည်း စစ်အုပ်စုကနေတစ်ဆင့် ပေးအပ်တယ်ဆိုတာမျိုးထက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NUG နဲ့ချိတ်ဆက်ပြီး ပေးအပ်မှသာလျှင် လိုအပ်နေတဲ့ပြည်သူလူထုဆီကို တိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်”

အမေရိကန်အစိုးရရဲ့ ဘားမားအက်အရ လက်နက်မဟုတ်တဲ့ အကူအညီနဲ့ နည်းပညာအကူအညီတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ပေးမယ်လို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် အကူအညီတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို ပေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org