စစ်ခေါင်းဆောင်နဲ့ သံဃာတစ်ပါးပြောဆိုချက် ဒီမိုကရေစီလှုပ်ရှားသူတွေ ကန့်ကွက်

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေက သံဃာအပါး ၅ဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း သြဂုတ်လဆန်းက ပြောဆိုခဲ့သလို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ဒီရက်ပိုင်းအတွင်း WPA အဖွဲ့က ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေး တစ်ခုမှာလည်း မြန်မာ သံဃာတစ်ပါးက မြန်မာပြည်မှာ သံဃာအပါး ၅ဝ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ မိန့်ကြားသွားခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပသည့် နိုင်ငံတကာ ငြိမ်းချမ်းရေး အခမ်းအနားမှာ ဆရာတော် ဦးသောဘိတက ဟောပြောနေသည်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ် Phot: စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် - IBEC ဆရာတော် - Dr.Ven.SOBHITA

RFA က ရရှိထားတဲ့သတင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ သံဃာ ၅၆ ပါးရှိပြီး သတ်ဖြတ်ခံရတဲ့ သံဃာက ငါးပါးရှိပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီပြန်လည်ရရှိရေး တိုက်ပွဲဝင်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ သံဃာ ၅၂ ပါးကို သတ်ဖြတ်ခဲ့တယ်လို့ သြဂုတ်လ ၁ ရက်နေ့က ပြောကြား ခဲ့သလို WPA- World Peace Award အဖွဲ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး အခမ်းအနားမှာလည်း မြန်မာသံဃာ တစ်ပါးဖြစ်တဲ့ ဦးသောဘိတက မြန်မာနိုင်ငံမှာ သံဃာအပါး ၅ဝ ကျော် သတ်ဖြတ် ခံခဲ့ရကြောင်း အလားတူ ဟောပြောသွားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ဆရာတော် မင်းသုညက အခုလို ပြောဆိုချက်တွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပြီး မိမိတို့ ဒီမိုကရေစီ လိုလားသူတွေအနေနဲ့ ကန့်ကွက်ရမှာ ဖြစ်တယ်လို့ မိန့်ကြားပါတယ်။

“သံဃာ ၅ဝ ကျော်ပေါ့နော်၊ စစ်အာဏာရှင်ဘက်က သတ်တဲ့ သတင်းတွေကို ဦးပဉ္စင်းတို့ ခိုင်ခိုင်မာမာ ရတယ်ပေါ့။ ပခုက္ကူ ကဆရာတော်တစ်ပါး ဆိုရင် ဆရာတော်ကြီး ကျောင်းကို အဲဒီ ပျူစောထီးတို့ စစ်တပ်ကလူတွေ ရောက်လာတယ်။ ရောက်လာပြီး ဆရာတော်ကြီးကို လူဝတ်လဲခိုင်းတယ်။ ဆရာတော်ကြီးက လူဝတ်မလဲဘူး ငါလည်း ဘာမှ မဟုတ်တာမလုပ်တာ၊ ငါ စာချနေတာဆိုတော့ ဆရာတော်ကြီးကို လျှာမရှည်နဲ့ ဆိုပြီး အဲထဲက တစ်ယောက်က ပစ်လိုက်တာ မျက်လုံးကို ဖောက်ထွက်သွားတာ။ ပြီးလည်းပြီးရော စစ်တပ်ကနေ ဆရာတော့် ရုပ်ကလာပ်ကို လာသယ်သွားပြီး ကျည်ဆန် တွေ ဘာတွေ ခွဲထုတ်တာပေါ့။ ပြီးတော့ အင်ကြင်းကျောက် ရတဲ့ ဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုံတူရုပ်တု ရုပ်ပုံ လုပ်တယ်ဟေ့ ဆိုပြီးတော့ အဲဆရာတော် ကိုလည်း သူတို့ ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့တာပဲ။ ကျောင်းကိုပါ မီးရှို့ သွားတာ ပေါ့။ အဲဒါတွေ သူတို့လုပ်ပြီးတဲ့ အခါမှာ မင်းအောင်လှိုင်က သံဃာ ၅ဝ ကျော်သတ်တယ် ဆိုပြီးတော့ PDF တွေကို လွှဲချတယ်ပေါ့။ ဆွီဒင် စတော့ဟုမ်းမှာ IBEC ဦးသောပိတကနေ ပြီးတော့ အဲဒီ အခမ်းအနားတစ်ခုမှာ ပရိုဂျက်တာနဲ့ ပါထိုးပြီးတော့ ဒီ သံဃာအပါး ၅ဝ ကျော်ကို သတ်တယ်ဟေ့ဆိုပြီးတော့ မင်းအောင်လှိုင်နည်းတူ ထည့်ပြီး ပြောသွားတယ်။ စစ်အာဏာရှင်တွေ စစ်မိစ္ဆာတွေ ဘက်ကနေပြီးတော့ အမျိုးစုံ ဝါဒဖြန့်နေတယ်၊ စစ်မိစ္ဆာရဲ့ ဝါဒဖြန့်မှုတွေကို လုံးဝ မယုံကြည်ကြဖို့ ညီညီညာညာနဲ့ အားလုံး အားသွန် ခွန်စိုက် ကြိုးစားကြပါလို့ ဦးပဉ္စင်းအနေနဲ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်”

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့် ကလည်း အခုလို ပြောကြားမှုတွေကို သူတို့အစိုးရအနေနဲ့ သတိပြုမိကြောင်းနဲ့ စစ်ကောင်စီ ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကို သေးသိမ်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေရာမှာ သံဃာတွေကိုလည်း အသုံးချနေတယ်လို့ ဝေဖန်ပါတယ်။

“IBEC ဆရာတော်ပေါ့လေ၊ ဒီဆရာတော်က ဟိုတစ်လောက ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့မှာ ကျင်းပတဲ့ ပွဲတစ်ခုတက်လာပြီးတော့ အဲမှာ presentation တစ်ခုလုပ်သွားတယ် ပေါ့လေ။ အဲဒါကို ကျနော်လည်း အစအဆုံး နားထောင်ပြီးပါပြီ။ သူပြောသွားတာတွေ အကုန်လုံးက နံပါတ် ၁ အချက်အလက်တွေ လွဲမှားတယ်ပေါ့ဗျာ။ နံပါတ်၂ အချက် ကတော့ ပြည်တွင်းက လှုပ်ရှားဆောင်ရွက်နေကြတဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သံဃာတွေကို သတ်ပါတယ်ပေါ့လေ။ ဆိုတော့ ဒီအခြေအနေတွေဟာ မှားယွင်းတဲ့ အချက်အလက်တွေကို နိုင်ငံတစ်ခုမှာ ပုံဖျက်ဖို့အတွက် ကြိုးစားတာပေါ့။ အဲတော့ IBEC ဆရာတော်ရဲ့ သူပြောဆို သွားတာတွေ၊ သူ့ကျောင်းထဲမှာ ကျောင်းသား လေးတွေကို ပြောဆိုတာ အကုန်လုံးသည် စစ်ကောင်စီရဲ့ မောက်စ်ပိစ် အနေနဲ့ပေါ့ဗျာ ပြောဆိုနေတာတွေ တစ်လျှောက်လုံး လုပ်နေတာ သတိထားမိတယ်။ ဒါဟာ မမှန်မကန် သတင်း အချက်အလက်တွေ ဖြန့်ဝေနေတာ။ ထူးခြားတာကတော့ ဒီ IBEC ဆရာတော် ပြောသွားတာတွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့က ဒီစစ်ကောင်စီ နေပြည်တော် အကြမ်းဖက် ဂိုဏ်းခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ပြောသွားတာနဲ့ တစ်ထပ်တည်း ဖြစ်နေတယ်။ PDF တွေက သံဃာတွေ ၅ဝ ကျော် သတ်တယ်ဆိုတာ။ ဟုတ်လည်း မဟုတ်ဘူး ဒီအချက်အလက်တွေက။ ဒါဟာ တစ်ပုံစံတည်း မင်းအောင်လှိုင်ပြောတဲ့ စကားလုံးအတိုင်းကို သူက ပြောသွားတယ်၊ တင်ပြပြီး နိုင်ငံတကာ အလယ်မှာ လိမ်ညာပြီးတော့ ဝါဒဖြန်တာပေါ့လေ။ အဲတော့ ဒီ PDF တွေက သံဃာတွေ သတ်တယ် ဆိုတာ ကျနော်တို့ စာရင်းတွေအရ မရှိဘူး။ ဒီစစ်ကောင်စီကသာလျှင် ဒီဘုန်းကြီးတွေကို ဖမ်းတယ်၊ သတ်တယ်၊ နှိပ်စက်တယ် သံဃာ အပါး ၅ဝ ကျော် ရှိတယ် ဖမ်းဆီးထိန်းသိမ်း ထားတာ။ သတ်ဖြတ်ထားတာဆိုရင် ငါးပါးကျော်ရှိတယ်။ စစ်ကောင်စီ ကိုယ်တိုင် သတ်ဖြတ်ထားတာ။ စစ်အကြမ်းဖက် သမားတွေ။ ဒီလိုမျိုး အကြမ်းဖက် သမားတွေရဲ့ အမှားတွေကို ပြောင်းပြန် လုပ်ပြီးတော့ အခုလိုမျိုး စစ်ကောင်စီရဲ့ အလိုကျ ဝါဒဖြန့်ချိမှု တွေဟာ နွေးဦးတော်လှန်ရေး အတွက်ကော၊ ပြည်သူပြည်သားတွေ အတွက်ကော အင်မတန်မှ အန္တရာယ်ကြီးတယ်။ သူတစ်ပါးတည်း မဟုတ်ပဲနဲ့ အခြားသော နာမည်ကြီး ဆရာတော်တွေ၊ ဗုဒ္ဓဘာသာခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ အခုလိုမျိုး စစ်ကောင်စီ အလိုကျ စစ်ကောင်စီကို အလုပ်အကျွေးပြုနေတာက အင်မတန် ကိုမှ စိတ်မကောင်း မချမ်းမြေ့စရာဖြစ်တယ်။ ဒါတွေဟာ အလွန် သတိထားရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်”

မန္တလေးမြို့မှာ ၂၀၂၁ခုနှစ် မတ်လက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ သံဃာတော်များကို တွေ့ရစဉ် ( photo: AFP)

လွတ်မြောက်နယ်မြေ တစ်နေရာရှိ အာဏာရှင်စနစ် ဆန့်ကျင်သူ အရှင်ဝါယမ ကလည်း ဦးသောဘိတ မိန့်ကြားခဲ့တာတွေဟာ မြတ်စွာဘုရားရဲ့ သွန်သင်ဆုံးမချက်နဲ့ ကိုက်ညီခြင်း မရှိဘူးလို့ မိန့်ပါတယ်။

“ဗုဒ္ဓလည်း ဆုံးမခဲ့တယ်။ အမှားနဲ့ အမှန် ပေါ်ပေါက်လာခဲ့လို့ရှိရင် သေချာ စနစ်တကျ စုံစမ်းပြီးတော့မှ အဂတိ တရားလေးပါး ကင်းရှင်းစွာဖြင့် အမှန်တရား ဘက်ကသာ ရပ်တည်ရမယ်လို့ ဗုဒ္ဓဟောပြောချက်ရှိသလို ယနေ့ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ ဒေါက်တာ မာတင် လူသာကင်းက ပြောထားတဲ့ စကား ရှိတယ်။ လောကထဲမှာ အမှားနဲ့ အမှန်နဲ့ ပေါ်ပေါက်လာတဲ့ အခါမှာ ဘယ်ဘက်မှ မပါဘူးတိုတာဟာ အမှားဘက်ယိုင်တဲ့ အမှားဘက် ယိမ်းတဲ့ စကားသာလျှင် ဖြစ်တယ်တဲ့။ ဒါကြောင့်မို့လို့ သောဘိတဟာ သူဟာ ရဟန်းဖြစ်ပြီး ဗုဒ္ဓရဲ့ အဆုံးအမနဲ့လည်း ကင်းကွာတယ် အဲတော့ ဆိုလိုတာက ထိုပုဂ္ဂိုလ်ဟာ လှည့်ပြီးတော့ ပရိုဂျက်တာတွေနဲ့ထိုး တိုင်းပြည်မှာ အခု PDF ကလေး တွေက ဗုဒ္ဓသာသနာကို ဒီလို ဖျက်ဆီးနေပါတယ်ဆိုတော့ ရဟန်းအသွင်ကို ဆောင်ထား ပြီးတော့မှ အဂတိလေးပါး ကင်းရှင်းခြင်းဆိုတာကို တစ်စက်မှ မကျင့်သုံးဘဲနဲ့ အမှားဘက် ကနေ တိုင်းပြည်ကို ဒုက္ခပေးတဲ့ ပုဂ္ဂိုလ်ဘက်က ပါဝင်ပြီးတော့ ကမ္ဘာ လှည့်ပြီး လိမ်လည် လှည့်ဖြားနေခြင်းသာ ဖြစ်တယ်လို့ ဦးပဉ္စင်းတို့ ပြောရမှာဖြစ်ပါတယ်”

မြန်မာပြည်သူအများစုဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး သံဃာတွေကို အလွန်ကိုင်းရှိုင်း ကြည်ညို ကြတဲ့အတွက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာတည်မြဲရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ပြည်တွင်း ပြည်ပ အထင်လွဲမှားမှုတွေ ဖြစ်ပေါ်အောင် သံဃာတွေကို အသုံးချနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org