လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရေးယူဖို့ မြန်မာကို ဂျပန် တိုက်တွန်း
မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အရေးယူမှုတွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်ပါလို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။
-
ဦးခင်မောင်စိုး
2019-10-21 -
-
-
Your browser doesn’t support HTML5 audio
မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်လပ်သော စုံစမ်းရေးကော်မရှင်က ထောက်ခံတင်ပြထားတဲ့ အချက်တွေနဲ့အညီ လိုအပ်တဲ့ အရေးယူမှုတွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်ပါလို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရှင်ဇို အဘေးက ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
တိုကျိုမြို့က အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်ကနေ စွန့်ခွာထွက်ပြေးသွားခဲ့ရသူတွေ သူတို့ မူလနေရပ် ပြန်လည်သွားရောက်နိုင်ရေးအတွက် လိုအပ်တဲ့အနေအထားတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ မလွဲမသွေ လိုအပ်ပါတယ်လို့လည်း ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။
အခုလို ဂျပန်ဝန်ကြီးချုပ်ရဲ့ ရခိုင်ပြည်နုယ်အရေး ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို မှန်မှန်ကန်ကန် ဖြစ်အောင် ဖြေရှင်းဆောင်ရွက်မယ်။ လိုအပ်သလို အရေးယူဖို့ သူမအနေနဲ့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး ဆိုပြီး ပြန်လည်ပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျပန်ဘုရင်မင်းမြတ် နန်းတက်ပွဲအတွက် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးကြိုးပမ်းမှုတွေကို လေးစားကြောင်း ထပ်မံပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲ့ကဏ္ဍပေါင်းစုံ တိုးတက်ရေးအတွက် ဂျပန်နိုင်ငံက အစွမ်းကုန် ဆက်လက် ကူညီမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောကြားချက်တွေ အတွက် အားတက်မိတယ်လို့ိ NLD ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးထွန်းခင် (BROUK) ကတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ စကားတွေကို ကြိုဆိုပေမယ့် မြန်မာအစိုးရနဲ့ တပ်မတော်က လက်တွေ့ဆောင်ရွက်မှာလားဆိုတာကို သူသံသယ ဖြစ်မိတယ်လို့ RFA ကို ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစု နေထိုင်ရာဒေသတွေရဲ့ ငြိမ်းချမ်းရေးအတွက် ဂျပန်အစိုးရက ခန့်အပ်ထားတဲ့ မြန်မာအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ လက်တွဲပြီး ဂျပန်နိုင်ငံက ဆက်လက်ကူညီမှာဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ မစ္စတာ ဆာဆာကာဝါရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုပါတယ်။
ဒါ့အပြင် သီလဝါ စီးပွားရေးအထူးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေးအတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အဘေးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို နန်းတက်ပွဲ တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းနဲ့ မကြာခင်က တိုက်ခိုက်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့မှုတွေအတွက် စာနာမိပါကြောင်း ပြောကြားတယ်လို့လည်း သိရပါတယ်။