Danny Fenster ကို ဖမ်းဆီးထားမှု အမေရိကန်နဲ့ ညှိနှိုင်းချင်လို့ ဖြစ်ကြောင်း သတင်းသမားတွေဝေဖန်
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် အမှုနှစ်မှု ထပ်တိုးလိုက်ပါတယ်။ လက်ရှိ အမှုငါးမှုနဲ့ ရင်ဆိုင် နေရတဲ့ Danny Fenster ကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်မယ်ဆိုရင် ထောင်ဒဏ်နှစ် ၅၀ လောက်အထိ ကျခံရနိုင်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
-
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2021-11-10 -
-
-
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် Danny Fenster ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် အမှုနှစ်မှု ထပ်တိုးလိုက်ပါတယ်။ လက်ရှိ အမှုငါးမှုနဲ့ ရင်ဆိုင် နေရတဲ့ Danny Fenster ကို အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်မယ်ဆိုရင် ထောင်ဒဏ်နှစ် ၅၀ လောက်အထိ ကျခံရနိုင်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ တဖက်ကလည်း သူ့ကို ဖမ်းထားတာဟာ အမေရိကန်နိုင်ငံနဲ့ နိုင်ငံရေးကစားကွက်တခုလုပ်နေတာဖြစ်တယ်လို့ ဝေဖန်သူတွေလည်းရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့နောက် လွန်ခဲ့တဲ့ ငါးလက အဖမ်းခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက် Frontier Myanmar က ဦးဆောင်ညွှန်ကြားရေးမှူး အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster ကို ပုဒ်မ ၃ ခုနဲ့ အရေးယူခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက အမှုနှစ်မှု ထပ်တိုးခံလိုက်ရပါတယ်။ သူ့ကို ခုလိုအမှုတွေ ထပ်တိုးလိုက်တာ သူကိုယ်တိုင်မသိခဲ့ရဘူးလို့ Danny Fenster ရဲ့ရှေ့နေ ဦးသန်းဇော်အောင် က RFA ကို ပြောပါတယ်။
"ကျွန်တော်သိတာက မနေ့ကမှ ပန်းပဲတန်းတရားရုံးတရားခွင်မှာ အမှုကိစ္စနဲ့ပတ်သက်ပြီး တာဝန်ကျရဲက အနောက်ပိုင်းခရိုင်တရားသူကြီးကို တင်ပြသွားတာဖြစ်ပါတယ်။ တရားသူကြီးက ထပ်တိုးအမှုနှစ်မှုအတွက် ရက်ချိန်းပေးလိုက်ပါတယ်"
"ကျွန်တော်မြင်တာက Danny Fenster ကို ပြန်ပေးဆွဲထားသလို အမေရိကန်အစိုးရနဲ့ ညှိနှိုင်းချင်လို့ လုပ်တာလို့မြင်ပါတယ်။"
Danny Fenster ကိုအမှုထပ်တိုးလိုက်တာက အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅၀(က)နဲ့ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၂၄ (က) တို့ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ကို စွဲထားတဲ့အမှုတွေဟာ Myanmar Now သတင်းတွေ မှာ ဖော်ပြချက်အပေါ် တာဝန်ရှိတယ်လို့ပြောတာကြောင့် သူဟာ Myanmar Now သတင်းဌာနကနေ ၂၀၂၀ သြဂုတ်လမှာ Frontier Myanmar ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တဲ့အကြောင်း သက်သေခံတွေနဲ့ ခုခံချေပခဲ့တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။
"၂၀၂၀ သြဂုတ်လထဲက Myanmar Now က ထွက်လိုက်တာပေါ့နော်။ အဲဒါကို အစိုးရကို အခွန်ဆောင်ထားတဲ့ ပြေစာသက်သေတွေနဲ့ တင်ပြထားပါတယ်။"
တကယ်က Myanmar Now မှာ ဖော်ပြခဲ့တဲ့ သတင်းတွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်နောက်ပိုင်း သတင်းတွေကို ရည်ညွှန်းပြီး Denny Fesnster ကို စွဲချက်တင်တာဖြစ်တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။ ဒါပေမဲ့ သူ့ကို ဘာကြောင့် အမှုဖွင့်တယ်ဆိုတာနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာ မပေးပါဘူး.. Danny Fenster ကို ဖမ်းခဲ့တာဟာ နိုင်ငံရေးအရ ဖြစ်နိုင်တယ်လို့ သတင်းသမားတစ်ဦး ဖြစ်တဲ့ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။
" တကယ်တမ်းကျတော့ နိုင်ငံရေးအရလုပ်နေတယ်လို့ပဲ မြင်ပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပြီး ဓားစာခံ သဘောမျိုး ဖြစ်နေတယ်လို့ မြင်ပါတယ်"
အလားတူပဲ အာဏာသိမ်းချိန်က အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုနေသန်မောင်ကတော့ စစ်ကောင်စီဟာ အမေရိကန်အစိုးရနဲ့ ညှိနှိုင်းချင်တာကြောင့် Danny Fesnster ကို ပြန်ပေးဆွဲထားတဲ့ သဘောလို့ သုံးသပ်ပါတယ်။
" Danny Fesnster က အမေရိကန်နိုင်ငံသားဖြစ်တယ်။ ကျွန်တော်မြင်တာက Danny Fenster ကို ပြန်ပေးဆွဲထားသလို အမေရိကန်အစိုးရနဲ့ ညှိနှိုင်းချင်လို့ လုပ်တာလို့မြင်ပါတယ်။"
Danny Fenster ကို အခုစွဲဆိုထားတဲ့ အမှု ၅ မှုနဲ့ အပြစ်ဒဏ်တွေကို ချမှတ်လိုက်ရင် ထောင်ဒဏ်အနှစ် ၅ဝ ကျော် ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေဦးသန်းဇော်အောင်က ပြောပါတယ်။ အခုလို Danny Fesnster ကို ဖမ်းဆီးထားတဲ့အပေါ် အမေရိကန်နိုင်ငံရဲ့ သဘောထားကို သိရှိနိုင်ဖို့ RFA က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခုချိန်ထိ ပြန်ကြားခြင်း မရှိသေးပါဘူး။