ယဉ်ကျေးမှုအမွေအနှစ်တွေကို စစ်ကြေညာထားတဲ့ အာဏာသိမ်းစစ်ကောင်စီ

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ရွာမီးရှို့တာ၊ ရှေးဟောင်းပစ္စည်းတွေ ခိုးယူတာအပါအဝင် ရှေးဟောင်းယဉ်ကျေးမှုကို အမျိုးမျိုး ဖျက်ဆီးနေရာမှာ ဟန်လင်းရွာလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ခရစ်ယာန်ဘုရားကျောင်း။ KNDF

အာဏာသိမ်းစစ်ကောင်စီဟာ သူ့ကို လက်နက်ကိုင်ခုခံနေတဲ့ ‌ဒေသတွေက ကျေးရွာတွေကို အကြမ်းဖက်စီးနင်းပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေရုံသာမက သမိုင်းဝင်နေရာတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကိုပါ ဖျက်ဆီးပစ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

၂၀၂၁ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၂ နှစ်ဦးပိုင်းတွေမှာ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့က အိုးအိမ်အဆောက်အအုံတွေနဲ့ ဘုရားကျောင်းတွေကို စစ်သားတွေက မီးတင်ရှို့ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေကို စီးနင်းဝင်ရောက်ပြီး လက်ဝတ်ရတနာတွေ၊ အဆောင်အယောင် လက်ဖွဲ့ကြိုးတွေ၊ ချင်းရိုးရာ ဂျပ်ခုတ်လက်ရက်ထည်တွေ၊ ချင်းရိုးရာ ဗုံတွေကို ခိုးယူခဲ့ကြတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးယောမောင်က ပြောပါတယ်။

“ဒါတွေက တန်ဖိုးကြီးတယ်ဆိုတာ စစ်သားတွေက သိတယ်”

ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေအပြင် တိုက်ပွဲတွေကြောင့် တောရိုင်းတိရစ္တာန်ထိန်းသိမ်းရေး ဘေးမဲ့တောတွေ၊ အမျိုးသား ဥယျာဉ်တွေလည်း ပျက်စီးရပါတယ်။

မီးရှို့မှုတွေ၊ ပစ်ခတ်မှုတွေကြောင့် တစ်နိုင်ငံလုံးက ဘာသာရေးအဆောက်အအုံ ၁၃၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

လုယက် ဖျက်ဆီးတာဟာ ခုခံတော်လှန်မှု ပြင်းထန်တဲ့နေရာတွေက ဒေသခံတွေ စိတ်ဓာတ်ပျက်ပြားအောင် အကြမ်းဖက်ပြီး ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးဖို့ စစ်ကောင်စီရဲ့ စစ်ရေးရည်မှန်းချက်တစ်ခုလို့ ယူဆရပါတယ်။

ယဉ်ကျေးမှုအရ အရေးပါတဲ့ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးရတာတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီဒေသတွေကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ စီစဉ်နေပါတယ်။

အဖိုးတန်ရတနာ ကာကွယ်စောင့်ရှောက်ရေး

ပြီးခဲ့တဲ့ ဇွန်လမှာ NUG က "အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့" ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေမှာ ဒီနေရာဒေသတွေကို ထိန်းသိမ်းဖို့အတွက် အတိုင်ပင်ခံကောင်စီတွေ၊ တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။

NUG ရဲ့ မဟာဗျူဟာထဲမှာ သမိုင်းဝင် အထိမ်းအမှတ် နေရာဒေသတွေကို စောင့်ကြပ်ပြီး PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို အဲဒီနေရာတွေကနေ တိုက်ထုတ်တာ ပါဝင်ပါတယ်။ ဒါ့ပြင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို သမိုင်းဝင်နယ်မြေ ထိန်းသိမ်းရေး ပညာပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

လောလောဆယ်မှာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရမယ့်နယ်မြေ ၅၉ နေရာ သတ်မှတ်ထားပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဟန်လင်းမြို့ဟောင်းနဲ့ ဗိဿနိုးမြို့ဟောင်း အပါအဝင် ဘုရားပုထိုးတွေ ကျောင်းတွေကိုပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြားကာလအုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ထားပါတယ်။ နေရာဒေသပေါင်း တစ်ရာဝန်းကျင် အဆိုပြုထားတယ်လို့လည်း အဖွဲ့က ပြောပါတယ်။

၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကယန်းသာယာ (တောင်) ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည့် ခရစ်ယာန်ဘုရားကျောင်း။ (Photo: Citizen journalist)

ဟန်လင်းကို ပျူခေတ်ကျေးရွာနဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ နယ်မြေအဖြစ် ၂၀၂၂ နှစ်ကုန်ပိုင်းက သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ ဇန်နဝါရီလမှာတော့ ဟန်လင်းရွာမှာ တပ်စွဲထားတဲ့ စစ်သားအယောက်တစ်ရာလောက်က အနီးအနားက ကန်ကြီးတောကျေးရွာက ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ နေအိမ် အလုံး ၅၀ ကို ဖျက်ဆီးခဲ့ပါတယ်။

“ဒါဟာ စစ်ရာဇဝတ်မှုပဲ” လို့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုအဖွဲ့ ပြောခွင့်ရသူ ဦးစိုးသူရထွန်းက ပြောပါတယ်။

“ဒါဟာ ဂျီနီဗာပဋ္ဋိညာဉ်နဲ့ ကျွန်တော်တို့အစိုးရ လက်မှတ်ရေးထိုးခဲ့တဲ့ တခြား သဘောတူညီချက်တွေကို ချိုးဖောက်တာ ဖြစ်ပါတယ်"

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ကျေးရွာတွေကို မီးရှို့တာတွေ ရှေးဟောင်းလက်ရာပစ္စည်းတွေ ခိုးယူတာအပါအဝင် ရှေးဟောင်းယဉ်ကျေးမှုကို အမျိုးမျိုး ဖျက်ဆီးနေရာမှာ ဟန်လင်းပျူကျေးရွာလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

အမွေအနှစ်ဆိုင်ရာ ကြားကာလအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နယ်မြေစာရင်းမှာ ပါနေပေမဲ့ အဲဒီနေရာက စစ်မြေပြင် ဖြစ်နေဆဲပါ။

“အချိန်ပြည့် ကာကွယ်စောင့်ရှောက်ဖို့ ဆိုတာ ကျွန်တော်တို့ဆီမှာ အင်အား အလုံအလောက် မရှိပါဘူး။ ဒါဟာ ခုထိ ကျွန်တော်တို့အတွက် ပြဿနာဖြစ်နေပါတယ်။ ဟန်လင်းမှာတောင် စစ်ကောင်စီက မကြာမဏ တိုက်ခိုက်ပါတယ်။ ကျွန်တော်တို့ ကာကွယ်ရေးတပ်တွေက ကာကွယ်ဖို့ ကြိုးစားပေမဲ့ အပြည့်အဝ မလုပ်ဆောင်နိုင်ပါဘူး” လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

တောရိုင်းတိရစ္တာန်တွေအပေါ် ကျရောက်လာတဲ့အန္တရာယ်

တိုက်ပွဲဖြစ်ပွားတာတွေနဲ့ ကျေးရွာတွေ ဖျက်ဆီးခံရတာတွေကြောင့် သဘာဝ တောရိုင်းတိရစ္တာန်တွေ ကျက်စားရာနေရာတွေလည်း ပျက်စီးရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဝိတိုရိယအမျိုးသားဥယျာဉ်ကို ဇီဝမျိုးစုံ မျိုးကွဲ ကြွယ်ဝတယ်လို့ အာဆီယံနဲ့ ယူနစ်စကိုအဖွဲ့က ချီးကျူးပြီး ဆယ်စုနှစ်နဲ့ချီပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက ဝိတိုရိယအမျိုးသားဥယျာဉ် အနီးပတ်လည်က ရွာတွေကို တိုက်ခိုက် တဲ့အတွက် နေရပ်ရွှေ့ပြောင်းရတဲ့ ဒေသခံတွေဟာ ဘဝရပ်တည်ရေးအတွက် ဖြည့်ဆည်းဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဆယ်စုနှစ်နဲ့ချီ ထိန်းသိမ်းလာရတဲ့ ဒီတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းအပေါ် အန္တရာယ် ကျရောက်လာနေတယ်လို့ ဦးယောမောင်က ပြောပါတယ်။

တစ်နေ့ကို ငှက်ကောင်ရေ နှစ်ရာလောက်အထိ သတ်ဖြတ်ခံနေရတယ်၊ ဘေးမဲ့ဥယျာဉ်မှာရှိတဲ့ ဝက်ဝံအကောင်ကြီးတွေနဲ့ မျိုးမပျောက်အောင် စောင့်ရှောက်ထားတဲ့ တောရိုင်းသတ္တဝါကို အမဲလိုက်နေတယ်လို့ သတင်းကြားတဲ့အကြောင်း ဦးယောမောင်က ပြောပါတယ်။

“ဒါဟာ အခုထက်ပိုပြီး ဆိုးလာမယ့်သဘော ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲ‌တွေ ဆက်ဖြစ်နေသရွေ့ အားလုံးက ရပ်တည်ရေးအတွက် ရုန်းကန်နေရမှာ”

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကရင်ပြည်နယ် လေးကော့ကော်မြို့အနီးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများမှ မီးခိုးလုံးများကို တွေ့ရစဉ်။ (Citizen Journalist)

စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာလည်း အလားတူ စိုးရိမ်စရာတွေ ပေါ်ပေါက်လာနေပါတယ်။

အထိခိုက်ဆုံးက တရားမဝင် သစ်ခုတ်လှဲတဲ့အတွက် သစ်တောမြေကျုံ့သွားတဲ့ အလောင်းတော်ကဿပ အမျိုသားဥယျာဉ် ဖြစ်တယ်လို့ NUG သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ အကြံပေးဖြစ်တဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလအုပ်ချုပ်ရေးအဖွဲ့က ဦးဟင်နရီ (အမည်လွှဲ) က ပြောပါတယ်။

ဒီနယ်မြေတွေကို ဘယ်လို အကောင်းဆုံးနည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမလဲလို့ အုပ်ချုပ်ရေးအဖွဲ့တွေကို ပညာပေးချိန်၊ NUG လက်အောက်ခံမဟုတ်တဲ့ PDF တွေနဲ့ နယ်မြေလုံခြုံရေး စောင့်ကြည့်နေချိန်မှာ လေကြောင်းက တိုက်ခိုက်တာတွေ အပါအဝင် ပိုမိုခက်ခဲရှုပ်ထွေးတာတွေ ပေါ်ပေါက်လာတယ်လို့ ပြောပါတယ်။

“ယဉ်ကျေးမှု အမွေအနှစ်နယ်မြေတွေနဲ့ နှိုင်းယှဉ်ရင် သဘာဝအမွေအနှစ် နေရာတွေလည်း ပိုပြီး အကြီးအကျယ်ပျက်စီးရပါတယ်”

“တချို့နေရာတွေက အလွန်ဝေးလံတဲ့အတွက် ထိန်းချုပ်ဖို့ အတော်ခက်ပါတယ်။ အကန့်အသတ်တွေ ရှိနေတယ်လို့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက ပြောတာ အမြဲကြားရပါတယ်။ အခက်အခဲတွေ ပြဿနာတွေ အများကြီးပါ”

ခိုလှုံစရာရှာဖွေ

ယဉ်ကျေးမှုနဲ့ သမိုင်းဝင် ထင်ရှားတဲ့နေရာတွေဆိုရင် အတိုက်အခိုက်မခံရဘဲ လုံခြုံမယ်ထင်ပြီး အရပ်သားတွေက အဲဒီနေရာတွေမှာ ခိုလှုံဖို့ ကြိုးစားလေ့ ရှိတယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

“အဲဒီနေရာတွေမှာ နေရင် အကာအကွယ်ရမယ်ဆိုပြီး နေချင်ကြတယ်။ ဘုရားစေတီတွေ၊ ဘုရားကျောင်းတွေဆိုရင် မတိုက်ခိုက်ကြဘူးလို့ လူတွေက ထင်နေကြတယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ တိုက်ခိုက်ခံရတာတွေ ပိုများလာတယ်လို့ အုပ်ချုပ်ရေးနဲ့ အကျိုးဆောင်အဖွဲ့တွေက ပြောပါတယ်။ ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်း ဘုရားကျောင်းလေးကျောင်း မီရှို့ခံရပြီး အဲဒီထဲက ဘုရားကျောင်းတစ်ကျောင်းမှာ ခိုလှုံနေတဲ့ ရွာသားလေးဦး သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အရောက်မှာတော့ ဖျက်ဆီးခံရတဲ့ဘုရားကျောင်း ၁၂ ကျောင်းကနေ ၃၆ ကျောင်းရှိလာပြီး ဗုဒ္ဓဘာသာ ဘုရားတွေပါ ဖျက်ဆီးခံရတာ များလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“ဒါက စစ်ကောင်စီရဲ့ မဟာဗျူဟာ တစ်ခုပါ။ ဒေသတစ်ခုနားကို ချဉ်းကပ်လာရင် သူတို့က အဓိက သုံးနေရာကို အရင်သွားတယ်။ ပထမ တစ်နေရာက ဘုန်းကြီးကျောင်း ဒါမှမဟုတ် ဘုရားရှိခိုးကျောင်းပဲ" လို့ သူက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဓမ္မာရုံတွေဟာ အများအားဖြင့် မြို့လယ်မှာရှိတတ်ပြီး ခြံစည်းရိုးလည်းရှိတဲ့အတွက် မြို့ကို အပေါ်စီးက မြင်ရတဲ့ အဲဒီနေရာတွေမှာ စစ်ကောင်စီက တပ်စခန်းချတတ်ကြတယ်လို့ ကိုဗညားက ဆက်ပြောပါတယ်။

“အဲဒီအဆောက်အအုံတွေကို အင်အားသုံးပြီး ဝင်စီးတာ။ ဒါကြောင့် အဲဒီနေရာတွေကို အရင်ဆုံး ပစ်တာ"

လောလောဆယ်မှာတော့ ယဉ်ကျေးမှုအမွေအနှစ်တွေ မှေးမှိန်ပျောက်ကွယ်မှာကိုရော ဘဝအသက်မွေးဝမ်းကြောင်းအတွက်ပါ စိုးရိမ်မှုတွေ များလာနေပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီရဖို့ တိုက်တွန်းတာတွေလည်း ပိုများလာနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကရော ရှေးဟောင်းသုတေသနဌာနကပါ မှတ်ချက်ပေးဖို့ ငြင်းပါတယ်။

“ဒီ တိုင်းရင်းသားယဉ်ကျေးမှုတွေကို အထောက်အထား ပြုစုတာ၊ မှတ်တမ်းတင်ထားတာ မရှိ၊ ထိန်းသိမ်းစောင့်ရှောက်တာ ဘာမှ မရှိဘူး" လို့ ဦးယောမောင်က ပြောပါတယ်။

“ဒီအတိုင်းဆိုရင် တစ်ချိန်မှာ ဒါတွေဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုပဲ ပျောက်ကွယ်သွားတော့မှာ"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org