ဇေကမ္ဘာ ဦးခင်ရွှေကို စစ်ကောင်စီ အမှုဆင် ဖမ်းဆီးတာလို့ ဝေဖန်သူတွေပြောကြား

နာမည်ကျော် စီးပွားရေးသမား ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူ့ရဲ့သား ဦးဇေသီဟ တို့ဟာ ရှေးဟောင်းအဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဖျက်ဆီးခဲ့တဲ့ ကိစ္စကြောင့် ပုဒ်မ ၂၄ နဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က ဇေကမ္ဘာကုမ္ပဏီရုံးခန်းမှာ တွေ့ရသည့် ဦးခင်ရွှေ။ Photo - Reuters

နာမည်ကျော် စီးပွားရေးသမား ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူ့ရဲ့သား ဦးဇေသီဟ တို့ကို မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့တာဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၄ ဧကခန့်ရှိတဲ့ ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်ကိစ္စနဲ့ ပတ်သက်ပါတယ်။ ရှေးဟောင်းအဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဖျက်ဆီးခဲ့တဲ့ ကိစ္စကြောင့် ပုဒ်မ ၂၄ နဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့ပါတယ်။

ဝေဖန်သူတွေကတော့ မြန်မာပြည်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်မှာ သူတို့နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်သူ၊ သူတို့အာဏာကို ထိပါးနိုင်သူ ဒါမှမဟုတ် သူတို့အတွက် အကျိုးစီးပွားရရှိနိုင်သူတွေကို ဥပဒေပုဒ်မ တခုခုတပ်ပြီး ဖမ်းဆီးအရေးယူမှု၊ ယာယီထိန်းသိမ်းမှု၊ အပြစ်ရှာပြီး တာဝန်က ထုတ်ပယ်မှုမျိုးတွေ ပြုလုပ်လေ့ရှိတာကို ထောက်ပြကြပါတယ်။

“စစ်အစိုးရတွေမှာ ဥပဒေဆိုတာ ကြားကောင်းအောင်သာ ကြည့်ကောင်းအောင်သာ တပ်လိုက်တာ၊ စစ်အာဏာရှင်စနစ် ခိုင်မြဲရေးအတွက် လုပ်ရပ်တစ်ခုပဲလို့ မှတ်ချက်ပေးချင်တယ်။”

ဥပမာအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်ဦးကို ၁၉၇၇ ခုနှစ်က ပုဂ္ဂိုလ်ရေးအရ အပြစ်ရှာပြီး ထုတ်ပယ်မှု၊ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ ခမည်းခမက်တော်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သန်းခေါင်ယံအာဏာသိမ်းပွဲလို့ နာမည်ကျော်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားမှုတွေဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝ၂၁ ခုနှစ် အာဏာသိမ်းကာစမှာ ထိပ်သီးစီးပွားရေးသမားတချို့ကို အကျယ်ချုပ်သဘောထားပြီး မေးမြန်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ နိုင်ငံရေးသမား ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ ဦးကြီးမြင့် က စစ်တပ်ရဲ့ ဓလေ့စရိုက်ကိုသိတဲ့ သူ့အနေနဲ့ အခုလို ဦးခင်ရွှေကို ဖမ်းဆီးအရေးယူမှုအတွက် အံ့သြခြင်း မရှိပါဘူးလို့ RFA ကို ပြောပါတယ်။

“သူ့ရဲ့အာဏာတည်မြဲရေးအတွက် ပုံသဏ္ဍန်မျိုးစုံ နဲ့ အင်အားပိုကောင်းလာအောင် တောင့်လာအောင် သူ့ကို ရိုသေလေးစားလာအောင် စစ်အာဏာရှင်က ဒီလိုပဲ လုပ်ရတာပဲ။ အဲလိုလုပ်တဲ့အခါ လူတွေမထင်တဲ့သူကို လုပ်ပြလိုက်တဲ့အခါ ပိုပြီး သြဇာကြီးလာသလို၊ ဥပမာ သူရရွှေမန်းသား တိုးနိုင်မန်းကို အာဏာသိမ်းခါစမှာ ဆန္ဒပြတဲ့သူတွေကို အကူအညီပေးလို့ဆိုပြီး ၃ လ ဖမ်းချုပ်ထားတယ်။ ဖမ်းချုပ်ပြီးတော့ ခံဝန်ချက် နဲ့ တိုးနိုင်မန်းက ထွက်သွားတယ် အဲလိုတောင် ဖြစ်ခဲ့တယ်။ သူတို့အတွင်းမှာတော့ အသေးအဖွဲ၊ သူတို့ရဲ့ တကယ့် မဟာရည်မှန်းချက်ကြီးက နိုင်ငံရေးအရ သူ သမ္မတဖြစ်မယ် ဆက်အုပ်ချုပ်မယ်၊ အဲဒါဖြစ်ဖို့အတွက် နည်းဗျူဟာအနေနဲ့ ဘာမဆိုလုပ်မယ်။ စစ်အစိုးရတွေမှာ ဥပဒေဆိုတာ ကြားကောင်းအောင်သာ ကြည့်ကောင်းအောင်သာ တပ်လိုက်တာ၊ ဒါကြောင့်မို့ စီးပွားရေးကိစ္စတွေက မကြာခင် သူတို့ချင်း ဒီတိုင်းပဲ လွှတ်မလား၊ ထောင်ပဲ ချဦးမလား၊ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်မှာ သေချာတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင်တော့ ဟာ သူတို့ချင်းတော့ ကွဲနေကြပြီလို့။ ကွဲတာမဟုတ်ဘူး အစထဲက သူတို့က ဘာအရည်အချင်းမှ ရှိတာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ် ခိုင်မြဲရေးအတွက် လုပ်ရပ်တစ်ခုပဲလို့ မှတ်ချက်ပေးချင်တယ်။ သူတို့ကို ပို ရိုသေလေးစားလာအောင် သူတို့အတွင်းစည်းကို ပိုပြီး စည်းလုံးညီညွတ်အောင်ပေါ့၊ အကြောက်တရား နဲ့ ညီညွတ်အောင်လုပ်တာ။”

“ဇေကမ္ဘာ ဦးခင်ရွှေက အင်မတန်ချမ်းသာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ စည်းစိမ်ဥစ္စာကို ငွေပြတ်နေတဲ့ စစ်ကောင်စီအနေနဲ့ အားကျတာမျိုးလည်း ရှိနိုင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုရှိ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေကလည်း အာဏာရှင်တွေက ဟန်ပြဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးလေ့ရှိတဲ့အတွက် အခုလို ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ ပြောစကားတွေကို အယုံအကြည်မရှိပါဘူးလို့ ဝေဖန်ပါတယ်။

“အဓိက အချက်က နိုင်ငံရေးပဲ၊ ၁၉၉ဝ တုန်းက အမတ်တစ်ဦး ဆိုရင် သူ့အိမ်မှာ ဖန်ခွက်ထဲထဲ့ထားတဲ့ ဒေါ်လာအကြွေပြား မတ်စေ့ တွေ့လို့ဆိုပြီး အရေးယူခဲ့တာ၊ အမှန်တော့ NLD မို့လို့ အရေးယူခဲ့တာ။ ဒါ ဥပမာတစ်ခုပေါ့နော်။ အလားတူပဲ ကျန်တဲ့ကိစ္စတွေမှာလည်း အဆင်မပြေ မတည့်တဲ့အခါမှာ အကြောင်းရှာပြီး ပုဒ်မတပ်ပြီး သူတို့လုပ်ကြတဲ့ ထုံးစံက အစဉ်အလာရှိပြီး ဖြစ်တဲ့အတွက် အခုကိစ္စကလဲ သူတို့နဲ့ နိုင်ငံရေးအရ အဆင်မပြေတာလို့ပဲ နားလည်တယ်။ ကျနော်တို့နိုင်ငံမှာကလည်း ဒီလို ဥပမာတွေက များတာကိုး။ လူတွေကလည်း စစ်ကောင်စီ ဘာပြောပြော မယုံကြဘူး ဆိုတာ ရှိပြီးသား။ သို့သော်လည်းပဲ အာဏာကို လက်နက်နဲ့ ကိုင်ထားတဲ့သူတွေဟာ ဘာကိုဖြစ်ဖြစ် သူတို့လုပ်ချင်တာ အကုန်လုပ်တယ် လုပ်နေတယ် နောင်ကိုလည်းပဲ ဒီလူတွေရှိနေရင် ဒီလိုအဖြစ်တွေ ဆက်ရှိနေဦးမှာပဲလို့ ကျနော်ကတော့ ထင်ပါတယ်။”

NUG အစိုးရရဲ့ နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်မြင့်ကတော့ ငွေကြေးအခက်အခဲတွေ့နေတဲ့ စစ်ကောင်စီဟာ ငွေကြေးချမ်းသာသူတွေကို ပစ်မှတ်ထားပြီး ငွေရှာနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီစစ်ကောင်စီလက်ထက်မှာက ဥပဒေပုဒ်မတွေ ဘယ်လိုတပ်တပ် တကယ်တမ်းဖမ်းတာက အဲဒီဥပဒေနဲ့ ဖမ်းတာ ဟုတ် မဟုတ်ဆိုတာ သံသယဖြစ်စရာ အများကြီးရှိတယ်။ ပြန်ပြီး နောက်ကြောင်းကို ကြည့်မယ်ဆိုရင် ဒါဟာ နိုင်ငံရေးနဲ့လည်း ပတ်သက်နိုင်တယ်။ သူရဦးရွှေမန်း နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ က ခမည်းခမက် တော်တယ်၊ ဦးရွှေမန်းကိုလည်း အရင်တုန်းက ဗိုလ်ချုပ်ကြီးရွှေမန်းကိုပေါ့နော် စစ်တပ်က သိပ်မကြည်လင်ဘူး၊ ဘာကြောင့်လည်းဆိုတော့ ဒီ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ် NLD အစိုးရကာလမှာ NLD နဲ့ ပူးပေါင်းဆောင်ရွက်တာရှိတယ်၊ နောက်ပြီး ဇေကမ္ဘာ ဦးခင်ရွှေက အင်မတန်ချမ်းသာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ စည်းစိမ်ဥစ္စာကို ငွေပြတ်နေတဲ့ စစ်ကောင်စီအနေနဲ့ အားကျတာမျိုးလည်း ရှိနိုင်ပါတယ်။ တခြားမကြည့်နဲ့ သူတို့သိမ်းလိုက်တဲ့ ဇေကမ္ဘာ ရှေးဟောင်းပြတိုက်ကြီးတစ်ခုတင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းပစ္စယတွေကလည်း အင်မတန် တန်ဖိုးကြီးတာတွေ ဖြစ်ပါတယ်။ ဒါတွေအားလုံးခြုံကြည့်မယ်ဆိုရင် နိုင်ငံရေးလည်း ပါသလို စီးပွားရေးအရ အကျိုးအမြတ်လိုချင်လို့ ဆိုလိုတာက ငွေတွေကို သိမ်းပိုက်ချင်လို့၊ အခုလောလောဆယ်မှာ သူဌေးတွေကို လိုက်ပြီး လုပ်နေတဲ့သဘောမျိုးလို့ ယူဆလို့ ရပါတယ်။”

အခုလို ဇေကမ္ဘာ ဦးခင်ရွှေကို ပြီးခဲ့တဲ့ ၆ နှစ်က ကိစ္စတခုနဲ့ အကြောင်းပြ ဖမ်းဆီးလိုက်တာဟာ ချဲ့ကားအမှုဆင်မှုသပ်သပ်ဖြစ်တယ်လို့ ပြည်တွင်းရှိ တခြားထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာ ပြောဆိုလျက်ရှိပြီး စစ်ကောင်စီအနေနဲ့ ကျန်သူတွေကိုလည်း အခုလို အကြောင်းရှာ အရေးယူမှုတွေ ဆက်လက်ပေါ်ပေါက်လာနိုင်တဲ့အရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org