ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်မှုတွေ ပိုများလာ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး ကို လူတစ်စုက တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက်မှာ ဒုက္ခသည်တွေက လုံခြုံရေး ပိုပြီး စိုးရိမ်ထိတ်လန့်နေကြတယ်လို့ တမ်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်က ပြောပါတယ်။

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် တွေ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ။ Photo: Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ထဲက ခေါင်းဆောင်တချို့ကို ရာဇဝတ်မှုဂိုဏ်းတွေနဲ့ အာဆာလက်နက်ကိုင်အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ကြောက်ရွံ့မှု၊ မလုံခြုံမှုတွေနဲ့ နေထိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး ကို လူတစ်စုက တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက်မှာ ဒုက္ခသည်တွေက လုံခြုံရေး ပိုပြီး စိုးရိမ်ထိတ်လန့်နေကြတယ်လို့ တမ်ခါလီ ဒုက္ခသည်စခန်းက ကိုခင်မောင်က ပြောပါတယ်။

“အခြေအနေအတော်ဆိုးနေပါတယ်။ လူသတ်မှုတွေ အမြဲတမ်းဖြစ်ပေါ်နေတာ။ အဓိကက Repatriation ပါ။ Repatriation ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင် ပိုပြီးတော့ ဆိုးသွားမှာပါ။”

အောက်တိုဘာ ၁၅ ရက်နေ့က စခန်း အမှတ် ၁၃ အုပ်ချုပ်ရေးမှုး မိုဟာမက် ယူဆွတ် နဲ့ မိုဟာမက် အန်ဝါတို့ကို ရိုဟင်ဂျာ တစ်ဒါဇင်ကျော်က တိုက်ခိုက်သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီအမှုမှာ ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA ပါဝင်ပတ်သက်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း ရိုဟင်ဂျာ ခေါင်းဆောင် မိုဟစ်ဘူလာ သတ်ဖြတ်ခံခဲ့ရပါတယ်။ မိုဟစ်အူလာ သတ်ဖြတ်ခံရပြီး တစ်လမပြည့်ခင်မှာပဲ ဘာလူခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ၆ ဦး သတ်ဖြတ်ခံရပါတယ်။ ဒါ့အပြင် စခန်းတွင်း မူးယစ်ဂိုဏ်းတွေရဲ့ အန္တရာယ်လည်း ဒုက္ခသည်တွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

အခုလို စခန်းတွင်းဝင်ရောက် သတ်ဖြတ်မှုတွေနေဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ကို ပြန်လိုကြကြောင်း၊ မြန်မာအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်စေလိုတယ်လို့ ကိုခင်မောင်က ပြောပါတယ်။

ရိုဟင်ဂျာတွေ တောင်းဆိုထားတဲ့ သူတို့အတွက် လုံခြုံရေးကို အာမခံချက်ပေးဖို့၊ နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ သူတို့ပိုင်ဆိုင်မှုတွေ ပြန်လည်ပေးဖို့နဲ့ ကိုယ့်ရွာမှာပဲ ပြန်နေရဖို့တွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ နေရပ်ပြန်ရေးအစီအစဉ်ထဲမှာ ထည့်သွင်းဖြည့်ဆည်းပေးဖို့လည်း ကိုခင်မောင်က တောင်းဆိုပါတယ်။

နောက်ထပ် အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးကလည်း သူတို့ဒုက္ခသည်စခန်းတွေမှာ အာဆာအဖွဲ့ဝင်တွေ ဝင်ရောက်သလို ဒုက္ခသည်တွေကို ခြိမ်းခြောက်တာတွေလည်း ရှိတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

သူတို့ ဒုက္ခသည်တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာ ခိုလှုံနေထိုင်နေတာ ၅ နှစ် ရှိလာနေပြီဖြစ်ပြီး ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့ရတာကြောင့် နေရပ်ကိုပဲ ပြန်ချင်နေကြတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် နေရပ်ပြန်ရေးအစီအစဉ်ကို အမြန်ဆုံးဖြစ်စေချင်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတာ၊ သူတို့တွေ နေရပ်ပြန်ချင်ကြတယ်ဆိုတာတွေ သိရကြောင်း၊ ဒါပေမဲ့ မြန်မာပြည် ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် သူတို့တွေ နေရပ်ကို အန္တရာယ်ကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ဖို့ အရေးကြီးတယ်လို့ မြန်မာ ရိုဟင်ဂျာအသင်း ရဲ့ ဥက္ကဌ ဦးဇော်မင်းထွဋ်က ပြောပါတယ်။

“ အရင်ထဲက မြန်မာအစိုးရက သူတို့ကိုပြန်လည်လက်ခံဖို့ပြောထားပေမယ့်လည်း ဒီရခိုင်ဒေသကြီးက ဘာမှ ပြောင်းလဲမလာပဲနဲ့ အရင်ထက်ကိုပိုပြီးတော့ ဆိုးရွားသလိုဖြစ်နေတာကြီးကို ကျွန်တော်တို့က အင်မတန်မှ စိုးရိမ်နေတယ်။ ဗမာအကြမ်းဖက်စစ်တပ်နဲ့ AA နဲ့တိုက်ပွဲတွေက ရိုဟင်ဂျာတွေ အထူးသဖြင့်နေထိုင်နေတဲ့ ဒေသတစ်ဝိုက်မှာဖြစ်နေတဲ့အတွက် သူတို့ရဲ့လုံခြုံစိတ်ချရမှုကိုအာမခံနိုင်အောင်၊ သူတို့ရဲ့ မူရင်းဒေသမှာ သူတို့ရဲ့ အခွင့်အရေးတွေကိုပြန်လည်ရရှိလာနိုင်အောင် ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မှ ဒီလူတွေကိုပြန်ပို့ပေးဖို့အတွက် ကြိုးစားကြရမှာဖြစ်တယ်။”

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဦးလှသိန်းက ဘူးသီးတောင် မောင်တောကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လက်ခံမယ့်အကြောင်းနဲ့ ပြန်လည်လက်ခံရေးကိစ္စ အဆင်သင့်ဖြစ်နေပြီး ပြန်လာမယ့်သူတွေကို တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင် စတဲ့ ဒုက္ခသည်စခန်းတွေကတစ်ဆင့် သူတို့ရဲ့ မူလ နေရပ်ကို ပို့ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လက RFA ကို ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်ကလည်း လက်ရှိ မြန်မာစစ်ကောင်စီက ၂ဝ၁၇ နိုဝင်ဘာမှာ လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ သဘောတူထားပြီး ရခိုင်ပြည်နယ်မှာ အဆောက်အဦးတွေ ဆောက်နေကြောင်း အောက်တိုဘာ ၂ဝ ရက်နေ့က ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေဆီက အထောက်အထားစာရွက်စာတမ်းတွေကို တောင်းဆိုတဲ့အတွက် နေရပ်ပြန်ပို့ရေးအစီအစဉ်ကို ရှုပ်ထွေးစေတယ်လို့ ဆိုပါတယ်။

အရင်က နေရပ်ပြန်ရေးအစီအစဉ် နှစ်ကြိမ် လုပ်ခဲ့ပြီး ရိုဟင်ဂျာတွေက မြန်မာအာဏာပိုင်တွေကို အယုံအကြည် ကင်းမဲ့တာကြောင့် အစီအစဉ်တွေ ပျက်သွားခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ ရေရှည်တည်တံ့တဲ့ အစီအစဉ်တစ်ခုခုကို လုပ်ချင်တယ်လို့ အဗ္ဗဒူမိုမန်က ပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံတောင်ဘက် Cox's Bazar ခရိုင်မှာ ဒုက္ခသည်စခန်းဖွင့်ပြီး ရိုဟင်ဂျာ တစ်သန်း နှစ်သိန်းကျော်ကို လက်ခံထားပါတယ်။ အများစုဟာ ၂ဝ၁၇ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org