ရန်ကုန်မှာ ကိုရိုနာကူးစက်မှု ဆက်လက်တိုးမြင့်နေဆဲ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်မှာ သံသယလူနာတွေအတွက် သီးခြားထားရှိရေးစခန်း တွေ ဖွင့်လှစ်ဖို့ မြို့နယ်တချို့မှာ ပြင်ဆင်နေပါပြီ။ တချို့မြို့နယ်တွေမှာ နေရာအခက်အခဲကြောင့် သံသယလူနာတွေကို အိမ်မှာ သီးခြားနေထိုင်ဖို့ ပြန်လွှတ်နေရတာတွေ ရှိနေတာပါ။

Photo: Reuters

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်မှာ သံသယလူနာတွေအတွက် သီးခြားထားရှိရေးစခန်းတွေ ဖွင့်လှစ်ဖို့ မြို့နယ်တချို့မှာ ပြင်ဆင်နေပါပြီ။ တချို့မြို့နယ်တွေမှာ နေရာအခက်အခဲကြောင့် သံသယလူနာတွေကို အိမ်မှာ သီးခြားနေထိုင်ဖို့ ပြန်လွှတ်နေရတာတွေ ရှိနေတာပါ။

တနင်္လာနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သောင်း ၁ ထောင်ကျော်သွားပါပြီ။ သေဆုံးသူက ၂၅၆ ယောက်ရှိပါတယ်။ ၂၄ နာရီအတွင်း လူနာသစ် ၈၉၇ ယောက် တွေ့ရှိခဲ့တာဖြစ်တဲ့အတွက် ကူးစက်ခံရသူနှုန်းက မြင့်တက်လာနေတာပါ။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေကို ထားမယ့်နေရာ မလုံလောက်တဲ့ ပြဿနာကို အဓိက ရင်ဆိုင်လာရပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ သံသယလူနာတွေကိုသာ ဆေးရုံတွေက လက်ခံနိုင်ပြီး၊ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ သံသယလူနာတွေကိုတော့ (Isolation Center) လို့ ခေါ်တဲ့ သီးခြားထားရှိရေးစခန်းတွေမှာ နေရာချဖို့ ပြင်ဆင်နေတယ်လို့ မရမ်းကုန်းမြို့နယ် Fever Clinic ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်ဆောင်နေတဲ့ ဒေါက်တာမြတ်မင်းဦး က ပြောပါတယ်။

“အခုကာလမှာ ကျနော်တို့က isolation center တွေ တဖြေးဖြေးထားပြီးတော့ လူနာတွေကို သီးသန့်ထားပြီး စောင့်ကြည့်မယ့် အနေအထားဘက်ကို တဖြေးဖြေး ရွေ့လာရပါတယ်။ စတော့ ဖွင့်နေပါပြီ။ တချို့မြို့နယ်တွေ မှာတော့ လူနာတွေ စပြီး နေနေပါပြီ။ ကျနော်တို့ မရမ်းကုန်းမြို့နယ်မှာလည်း မနက်ဖြန်ဆို Fever Clinic လာပြတဲ့သူတွေထဲက သံသယလူနာတွေ ထွက်လာရင် အဲ့ဒီစင်တာတွေကိုပဲ ပို့ဖို့အတွက် တော်တော်လေး ပြင်ဆင်ထားပြီးပါပြီ။”

ဆေးခန်းရောက်လာတဲ့ လူနာတွေထဲက အများစုဟာ အနံ့မရတဲ့ လက္ခဏာရှိကြသူတွေပါ။ ဒီအထဲမှာ မရမ်းကုန်းမြို့နယ်က ကိုဗစ်သံသယလူနာ မခင်ပပသိန်းလည်း ပါပါတယ်။ သူဟာ ကိုယ်ပူတာ၊ လည်ပင်းနာတာ၊ အနံ့မရတာ၊ မောတာ လို လက္ခဏာတွေကို ခံစားနေရတာ တပတ်ကျော်ကြာသွားပါပြီ။ အင်းစိန် ဆေးရုံမှာ ပြခဲ့ပြီး၊ ရောဂါမပြင်းထန်တဲ့အတွက် လက်ရှိ အိမ်မှာတင် သီးခြားခွဲပြီး နေနေတဲ့ သူ့အတွေ့အကြုံကို  ပြောပြပါတယ်။

“ပထမဆုံး ညီမစဖြစ်တာကို သိတဲ့ရက်ကစပြီးတော့ အခန်းခွဲနေပြီးတော့ ပရဟိတအသင်းက ဦးလေးက နှစ်ရက်ကိုတကြိမ် အိမ်မှာ ဆေးလာဖြန်းတယ်။ ညီမအခု အိမ်မှာနေတဲ့ပုံစံကကျတော့ အခန်းထဲမှာပဲနေတယ်။ နေပြီးတော့ စားစရာ၊ သောက်စရာရှိပြီဆိုရင် အရှေ့မှာ ချပေးခဲ့တယ်။ ညီမက အဲ့ဒါကို ထွက်ယူစားပေါ့နော်။ ပြီးရင် ပုံးတပုံး ချထားပေးပြီးတော့ ပုံးထဲမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ ဆပ်ပြာကို ထည့်ထားပေးတယ်။ စားပြီးသားပန်းကန်တွေ အဲ့ဒီထဲကို သွားထည့်ရတယ်။ ပြီးရင် ညီမ သန့်စင်ခန်းသွားတဲ့အခါလည်း ပိုးသတ်ဆေးနဲ့ ရေနဲ့ ရောထားတဲ့ဗူးကို အမြဲကိုင်ထားပြီး သန့်စင်ခန်းသုံးပြီးတာနဲ့ ကိုယ်ထိခဲ့တာမှန်သမျှ အဲ့ဒီဗူးနဲ့ ဖြန်း တယ်။ ညီမ အခန်းထဲ ပြန်ရောက်ပြီဆိုတာနဲ့ အိမ်က ညီမလေးက အကုန် အဲ့ဒါတွေကို လိုက်ပြန်ဖြန်းတယ်ရှင့်။ အဲ့လိုမျိုး အိမ်မှာ နေပါတယ်။”

အင်းစိန်ဆေးရုံက သူ့ကို နှစ်ရက်စာ ဆေးပေးလိုက်ပြီး မရမ်းကုန်းမြို့နယ်ထဲက Fever Clinic ဆေးခန်းမှာ ဒီနေ့ ကိုဗစ်ရောဂါ ရှိ - မရှိ သွားရောက် စစ်ဆေးရမှာဖြစ်ပါတယ်။ အခုလို - အိမ်မှာ သီးခြားခွဲနေတဲ့ သံသယ လူနာတွေနဲ့ မိသားစုဝင်တွေ လိုက်နာလုပ် ဆောင်သင့်တဲ့ ရှောင်ရန်/ဆောင်ရန်တွေကို ဒေါက်တာ မြတ်မင်းဦး က အကြံပြုထားပါတယ်။

“အကောင်းဆုံးကတော့ လက္ခဏာစပြတဲ့နေ့ကစပြီးတော့ မိသားစုနဲ့ ခွဲနေတာ အကောင်းဆုံးပဲ။ ကိုယ့်အခန်း သပ်သပ်နေတာ အကောင်းဆုံးပဲ။ အဲ့ဒီအခါ အစားအသောက် ပန်းကန်ခွက်ကအစ ကိုယ့်ရဲ့ တကိုယ်ရေသုံး တစ်ရှူးလိုပစ္စည်းတွေကို သေချာ စွန့်ပစ်ဖို့ လိုပါတယ်။ မိသားစုနဲ့ လုံးဝကို ခွဲနေရမယ်။ ဗိုင်းရပ်စ်က ၆ ပေကျော်သွားရင် ကူးစက်ဖို့ ရာခိုင်နှုန်း နည်းသွားတာကြောင့် မိသားစုနဲ့လည်း ၆ ပေကွာပြီးနေပါ။ အိမ်ထဲမှာ နေလည်း နှာခေါင်းစည်းတပ်ထားပါ။ အိမ်မှာကို တချိန်လုံး နှာခေါင်းစည်းတပ်ထားပေးပါ။ ပြီးရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း အခုဆိုရင် ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးထားပါတယ်။ အဲ့ဒီဖုန်းတွေကိုဆက်ပြီး အကြံဉာဏ်တောင်းလို့ ရပါတယ်။ ခံစားရတဲ့လက္ခဏာတွေ ပြောပြလို့ရှိရင် ကျနော်တို့ စီစဉ်ပေးလို့ရတယ်။ အကြံပေးလို့ ရတယ်ပေ့ါနော်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း - မြန်မာပြည်သူတွေအနေနဲ့ ဆေးမြှီးတိုတွေနဲ့ အိမ်မှာတင် ကျိတ်မကုဘဲ သက်ဆိုင်ရာမြို့နယ် ဆေးရုံဆေးခန်းတွေကို သွားပြကြဖို့ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org