ကျန်းမာရေးဆိုင်ရာ မလုံလောက်မှု လွှတ်တော်အမတ်တွေ တင်ပြ

ကိုရိုနာတိုက်ပွဲလို့ တင်စားပြီးတော့ ကမ္ဘာတဝှမ်း အစိုးရတွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို အပူတပြင်း လုပ်ဆောင်နေချိန် - မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဆေးဝန်ထမ်းမရှိမှု၊ ဆေးပစ္စည်း မလုံလောက်မှုတွေ ကြုံနေပါတယ်။

corona-622.jpg

ကိုရိုနာတိုက်ပွဲလို့ တင်စားပြီးတော့ ကမ္ဘာတဝှမ်း အစိုးရတွေက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အပူတပြင်း လုပ်ဆောင်နေချိန် - မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ဆေးဝန်ထမ်းမရှိမှု၊ ဆေးပစ္စည်း မလုံလောက်မှုတွေ ကြုံနေပါတယ်။

လူဦးရေ ၇ သောင်းကျော်ရှိတဲ့ စစ်ကိုင်းတိုင်း နာဂဒေသထဲက နန်းယွန်းမြို့နယ်မှာဆိုရင် ဆေးရုံက ၁ ရုံပဲ ရှိပြီး၊ ဆရာဝန်ကလည်း ၁ ယောက်ပဲ ရှိပါတယ်။ ပန်ဆောင်နဲ့ ဒုံဟီးမြို့နယ်တွေက ဆေးရုံတွေမှာဆိုရင်တော့ ဆရာဝန်တောင် မရှိပါဘူး။ နန်းယွန်းမြို့နယ်ဆေးရုံမှာ ကိုယ်ပူချိန်တိုင်းကိရိယာက ၃ ခု၊ ဆေးဝန်ထမ်းတွေ အတွက် နှာခေါင်းစည်းက အခု ၁၅ဝ၊ လက်အိတ်နဲ့ ကူးစက်ရောဂါကာကွယ်ရေး PPE ဝတ်စုံလည်း မရှိသလို၊ လူနာကုတင် မလုံလောက်ဘူးလို့ နန်းယွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က ပြောပါတယ်။

“ကျနော်တို့က အမြဲတမ်းပဲ ဒီဟာကို အစည်းအဝေးတွေလုပ်ပြီး လိုအပ်ချက်တွေကို တင်ပြတောင်းဆိုပေမဲ့လို့ ဒီနေ့အချိန်ထိ တုံ့ပြန်တာ မတွေ့ရဘူး။ အဲ့ဒါကြောင့် အပြင်က အလှူရှင်တွေဆီမှာ ကျနော်တို့ အလှူခံတယ်။ ပြီးရင် NGO တွေဆီမှာလည်း ကျနော်တို့ အလှူခံတယ်ခင်ဗျ။ ဒါပေမဲ့ ပစ္စည်းကတော့ ကျနော်တို့ အလှူခံ သလောက် မရသေးဘူးခင်ဗျ။ အစိုးရကို ကျနော် တင်ပြတောင်းဆိုချင်တာကတော့ ဒီကပ်ရောဂါကြီးက တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကပ်ရောဂါကြီးပါ။ မြန်မာနိုင်ငံမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေမကဘူး။ လက်တွေ့ ကူးစက်မှုတွေလည်း ဖြစ်နေတယ်ပေါ့နော်။ ဒီအချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ထောင်စုကနေ တိုင်းနဲ့ပြည်နယ်၊ တိုင်းနဲ့ပြည်နယ်ကနေ ခရိုင်၊ ခရိုင်ကနေ မြို့နယ်အဆင့်အထိ အမြန်ဆုံး ကိုင်တွယ်ဆောင် ရွက်ဖို့ လိုအပ်ပေမဲ့ ဒီနေ့ ဒီအချိန်ထိ လုပ်ဆောင်တာ မရှိသေးတဲ့အပေါ် အားမရဖြစ်မိတယ်ဗျ။ အမြန်ဆုံးလုပ်ဖို့အတွက် ကျနော် တင်ပြချင်ပါတယ်”

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နာဂဒေသအတွက် အနီးဆုံးမြို့က မြစ်ကြီးနားဖြစ်ပြီး၊ အဲဒီက ဆေးရုံကိုသွား ဖို့ မိုင် ၂ဝဝ ကျော်ဝေးတယ်လို့လည်း နန်းယွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါ တယ်။ ဘုတလင်မြို့နယ်မှာလည်း ကုတင် ၅ဝ ဆန့် ဆေးရုံ ၁ ရုံသာရှိပြီး၊ လောလောဆယ်မှာကို အတွင်းလူနာ ၇ဝ နီးပါးရှိနေတယ်လို့ ဘုတလင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇေလင်းမောင် က ပြောပါ တယ်။

ကိုရိုနာဗိုင်းရပ်စ်လို ကပ်ရောဂါကူးစက်မှုကြုံလာရင် အခက်ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

"ဝန်ကြီးဌာနကို ကျနော်တို့ ကုတင်တွေ တောင်းထားတာတော့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်း ကလေ။ လွှတ်တော်ထဲကနေ တောင်းထားတာ။ ဟိုတလောက မြို့နယ်ဆေးရုံကို ကျနော်သွားကြည့်တော့ ကိုဗစ်ရောဂါ ပိုးတွေ့ရှိရင်တော့ ကူးစက်ရောဂါကာကွယ်ရေး PPE ဝတ်စုံ မလုံလောက်ဘူး”

မတ်လ ၂၅ ရက်နေ့ကတော့ ဘုတလင်မြို့နယ်မှာ လူစုလူဝေးရှောင်တဲ့အနေနဲ့ သင်္ကြန်မဏ္ဍပ်နဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေ မလုပ်ကြဖို့၊ ဥပဒေအရ အရေးယူမယ့်အကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးချုပ်က အမိန့် ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကတော့ - ဒေသအလိုက် အခြေအနေပေါ်မူတည်ပြီး ဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“လောလောဆယ် နန်းယွန်းမှာ ကျမ သိသလောက် သံသယလူနာတောင် တယောက်မှ မရှိသေးပါဘူး။ အခုဆိုရင် တီးတိန်မြို့ ချင်းပြည်နယ်မှာဆိုရင် တယောက် ကူးစက်သူတွေ့တယ်။ အဲဒီကို ကျမတို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် ၅ ယောက် ပေးပို့ထားပြီး ဖြစ်ပါ တယ်။ ဒီလိုပဲ လိုအပ်ရင် လိုအပ်သလို ကျမတို့မှာ ပစ္စည်းတင်မကဘူး။ ဆရာဝန်အင်အားပါ စေလွှတ်လို့ရပါတယ်။ အဲဒီ နမူနာအတိုင်းပါပဲ”

မြန်မာတနိုင်ငံလုံးမှာ ဆေးရုံ ၁၃၅ဝ ရှိပြီး၊ ဆရာဝန်အင်အား ၁ သောင်းခွဲနီးပါးရှိတယ်လို့လည်း ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျတဲ့ နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး၊ အစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ်ဟာလည်း ကာကွယ်ရေးအသုံးစရိတ်ထက် သိသိသာသာ နည်းနေတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org