တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး တိုက်ပွဲတွေကြောင့် အရပ်သား ၂၇ ဦး သေဆုံး
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းတဲ့ ဒေသတွေအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့က ဒီဇင်ဘာ ၂၁ မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-12-22 -
-
-
တရုတ်ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းရာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ ၊ နမ့်ခမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အောက်တိုဘာလ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ စာရင်းတွေအရ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းတဲ့ ဒေသတွေအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဒီဇင်ဘာလ ၂၁ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဓာတ်ငွေ့ပိုက်လိုင်းကို ထိမှန်ပေါက်ကွဲပြီး အနီးမှာနေထိုင်တဲ့အရပ်သားတွေ ထိခိုက်သေဆုံးနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
"ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်ရွာတွေမှာ ဒေသခံတွေက ထောင်ချီပြီး စစ်ရှောင်နေရတုန်းပဲ"
ပိုက်လိုင်းအနီး လက်နက်ကိုင်အဖွဲ့တွေ စခန်းချသလို စစ်ကောင်စီကလည်း လေကြောင်း နဲ့ လက်နက်ကြီးကို သုံးပြီး ပစ်ခတ်တိုက်ခိုက်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောခွင့်ရသူ ယိင်းလျန်းဟန်က ပြောပါတယ်။
“အဓိက ပိုက်လိုင်းနားမှာ စခန်းချပြီး တော်လှန်ရေးတပ်ဖွဲ့တွေက လာနေတာမျိုး ရှိတယ်။ နောက်ပြီး စစ်ကောင်စီကလည်း ပိုက်လိုင်းနားကို မရှောင်ဘဲနဲ့ လက်နက် ကြီးရော လေယာဉ်ရောပစ်နေတာမျိုးတွေ ဖြစ်တယ်ပေါ့ နော်။ ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်ရွာတွေမှာ ဒေသခံတွေက ထောင်ချီပြီး စစ်ရှောင်နေရတုန်းပဲရှင့်။ အခုချိန် ပေါက်ကွဲမယ်ဆိုရင် ကျွန်မတို့ ပိုက်လိုင်းတစ်လျှောက်က သီပေါ၊ ကျောက်မဲပေါ့နော်၊ ဒီနောင်ချိုဒေသတွေက လူနေအိမ်တွေအနီး အများဆုံး ပိုက်လိုင်းက ဖြတ်သန်းသွားကြ တယ်ပေါ့နော်။ တကယ်လို့ ထိသွားမယ်ဆိုရင် ဒေသခံတွေရဲ့ အိမ်တွေ ထောင်ချီ သောင်းချီက (ပျက်စီးနိုင်တယ်) စဉ်းစားလို့တောင် မရဘူးပေါ့နော်။ တချို့က ရှောင်နေ ကြတယ်ဆိုပေမယ့် မရှောင်တဲ့ နေရာတွေလည်းရှိတယ်”
နောင်ချိုမြို့နယ်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ၆ ကီလိုမီတာအကွာ မှာရှိတဲ့ ကျောက်ကြမ်းရွာအနီး အောက်တိုဘာ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒီအပြင် ဓာတ်ငွေ့ပိုက်လိုင်းနဲ့ မီတာ ၁၀၀ ဝေးတဲ့ ရွှေညောင်ပင် နဲ့ အုမ္မခါရွာတွေ အနီးမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းအနီးနေထိုင်တဲ့ ကျောက်ကြမ်းရွာက ဒေသခံ ကိုအောင်နိုင်ကလည်း လက်နက်ကြီးကျည်တွေ ပိုက်လိုင်းပေါ်ကျပြီး ပေါက်ကွဲမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
“ပိုက်လိုင်းနဲ့ မနီးမဝေးနေရာတွေမှာ လက်နက်ကြီးတွေကျတာတော့ရှိတယ်။ ဒါပေမဲ့ ပိုက်လိုင်းတည့်တည့်မကျ သေးတာပါပဲ။ ဒီဒေသခံလူထု စဉ်းစားတာက ဒီဓာတ်ငွေ့ပိုက်လိုင်းတည့်တည့်ကျပြီဆိုရင်တော့ ဒီမှာ ဘာမှ မကျန်တော့ဘူးဆိုပြီး စဉ်းစားထားတာ ပေါ့နော်။ အဲဒီတစ်ခုတော့ စိုးရိမ်ရတာပေါ့။ တိုက်ပွဲ တအားဖြစ်တဲ့ အချိန်တော့ ရှောင်ကြတာပဲ။ တချို့အိမ်တွေကျတော့ ဒီဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပေ ၅၀ လောက်ပဲကွာတယ်”
နောင်ချိုမြို့နယ်က ပိုက်လိုင်းနဲ့နီးတဲ့ ကျောက်ကြမ်း၊ ရွှေညောင်ပင်၊ အုမ္မခါ ရွာတွေထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားနှစ်ဦး သေဆုံးတဲ့အပြင် ဟိန္ဒူဘာသာရေးအဆောက်အအုံတစ်လုံး အပါအဝင် အဆောက်အအုံ သုံးဆယ်ကျော် ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းတဲ့ နောင်ချို ဂုတ်ထိပ်ကနေ ကျောက်မဲ၊ ပင်တိန်၊ ပင်တီ၊ ဇီးပင် စတဲ့ ရွာတွေမှာ လည်း နိုဝင်ဘာလ ၆ ရက်က စပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်က ပိုက်လိုင်းနဲ့ နီးတဲ့ ဇီးပင်ရွာ၊ နောင်ပင်ကျေးရွာတွေဘက်ကို လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် နှစ်ဆယ်ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ကျောက်မဲ၊ နမ္မတူ၊ မိုင်းဝီး၊ နမ့်ခမ်း စတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဓာတ်ငွေ့ပိုက်လိုင်းအနီးက ဒေသခံတွေ အပါအဝင် လူဦးရေ တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို နမ့်ခမ်းမြို့က စစ်ဘေး ဒုက္ခသည်အရေးကူညီနေသူ ကိုစိုင်းက ပြောပါတယ်။
“အစတုန်းကတော့ စစ်တွေဘာတွေ ဖြစ်လာရင် ပိုက်လိုင်းနဲ့နီးတဲ့နေရာကို သွားရှောင်ပေါ့နော်။ အခုတော့ ဘယ်နေရာမှ ရှောင်လို့လည်း မလွတ်တော့ပါဘူး။ ပိုက်လိုင်းဖြတ်တဲ့နေရာက သူတို့က အခု ပြန်ပြီးစိုက်ပျိုးရ တယ်လေ။ ဒါပေမဲ့ ပိုက်လိုင်းပျက်စီးသွားရင် စိုက်ပျိုးမြေက ဧကအကျယ်ကြီး ပျက်စီးသွားမှာပေါ့နော်။ အဲဒါ လည်း တစ်ခုပါမယ်။ နောက်ထပ် လူနေအိမ်နဲ့ နီးတယ်ဆိုတော့ ဒီအန္တရာယ် တစ်ခါမှ မကြုံဖူးတော့ အဲဒီပိုက်လိုင်းပေါက်သွားရင် ဘယ်လောက်အထိ ဆိုးကျိုးရှိနိုင်မလဲဆိုတာ မခန့်မှန်းနိုင်တော့ စိုးရိမ်ပူပန်မှုတွေ ရှိကြပါတယ်”
တရုတ်ပိုက်လိုင်းအနီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အလားတူဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ TNLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်ကိုလည်း ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်အကျိုးစီးပွားကို စစ်ကောင်စီက ကာကွယ်ပေးနိုင်စွမ်း ရှိ မရှိဆိုတာ တရုတ်အစိုးရအနေနဲ့ ပြန်သုံးသပ်ချိန်ရောက်ပြီလို့ ပြောပါတယ်။
“ဒီပိုက်လိုင်းတွေ ထိခိုက်ပျက်စီးမှုဆိုတာ စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်တွေ အတောမသတ်လုပ်နေတာ ကြောင့် ဒါတွေက ဖြစ်လာနိုင်တယ်။ တရုတ်အကျိုးစီးပွား တွေကို ကာကွယ်ရေးအတွက် တာဝန်ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့အပေါ်မှာ တရုတ် အနေနဲ့ ဆက်လက်ပြီး ယုံကြည်စိတ်ချလို့ရမလား၊ သူ့အကျိုးစီးပွားတွေ ထိခိုက်လာရင် သူဘယ်လိုလုပ်မလဲဆိုတာကို ပြန်စဉ်းစားရမယ့် အခြေအနေကို ရောက်ရှိလာလိမ့် မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ခင်ဗျ”
ဓာတ်ငွ့ပိုက်လိုင်းအနီးတိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Wang Winbin ကတော့ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ဒီဇင်ဘာလ၂၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
ဒီအပြင် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူထားတဲ့အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။
ဒီဓာတ်ငွေ့ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ကနေ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံယူနန် ပြည်နယ်ကို သွယ်တန်းထား တာပါ။
တအာင်းအမျိုးသမီးအဖွဲ့ရဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ဒေသတွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ကလေးငယ် ၂၈ ဦး အပါအဝင် အရပ်သား ၁၁၉ ဦး သေဆုံးခဲ့ပြီး ၂၂၄ ဦး ဒဏ်ရာရခဲ့ပါတယ်။