မောင်တောဒေသခံတွေနဲ့ ကုလအထူးကိုယ်စားလှယ် တွေ့ဆုံ

မောင်တောမြို့ကို သွားရောက်ခဲ့တဲ့ ကုလ အထူးကိုယ်စားလှယ်ဟာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ပြန်ရောက်လာသူတွေနဲ့ တွေဆုံခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

မောင်တောမြို့ကိုရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကို ၂၀၁၉၊ နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: Aung Thurein

မောင်တောမြို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ပြန်ရောက်လာသူတွေနဲ့ တွေဆုံခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“မနက်က အသိုင်းအဝန်း သုံးခု ဟိန္ဒူရယ်၊ မွတ်စလင်ရယ်၊ တိုင်းရင်းသားရယ်၊ နောက်ပြန်ဝင်လာတဲ့ သူတွေရယ်တွေတယ်၊ ဘာတွေပြောကြလဲဆိုတော့ ဒီမှာနေထိုင်တဲ့သူတွေအနေနဲ့ သူဒီကိုလာတာ တစ်နှစ်ရှိသွားပြီ တစ်နှစ်အတွင်း ဘာတွေတိုးတတ်မှုရှိလဲ၊ ဘာတွေထူးခြားမှုတွေရှိလဲ၊ သင့်သင့်မြတ်မြတ်နေလား၊ ပထမအတူတူနေတဲ့ သုံးဖွဲ့ကိုမေးတယ်”

တွေဆုံပွဲကို တတ်ရောက်လာတဲ့ ရခိုင်၊ ဟိန္ဒူနဲ့ အစ္စလာမ်တွေကို အတူယှဉ်တွဲနေထိုင်တဲ့အခါ အဆင်ပြေ၊ မပြေဆိုတာတွေကို မေးမြန်းခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

ဟိန္ဒူဘာသာဝင် ဦးမောင်မောင်အေးကတော့ သူတို့ကိုရွှေ့ပြောင်းပေးထားတဲ့ အောင်ဗလရွာမှာ စားဝတ်နေရေး၊ ရေ၊ မီး၊ လမ်း စတဲ့ အဆင်မပြေတာတွေကို တွေ့ဆုံပွဲမှာ တင်ပြခဲ့ကြောင်း ပြောပါတယ်။

“ကျနော်တို့က ဟိန္ဒူနဲ့ပတ်သက်ပြီး ကြုံနေရတဲ့အခက်အခဲတွေကို တင်ပြတာပါ၊ ကျနော်တို့ အောင်ဗလရွာကိုပြောင်းတာ နှစ်လကျော်ရှိပါပြီ၊ အဲမှာ စားဝတ်နေရေး၊ ရေ၊ မီး၊ လမ်းအခက်အခဲတွေကို တင်ပြတာပါ”

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံ မောင်တောမြို့ကို ပြန်လည်ဝင်ရောက်လာသူတွေနဲ့လည်း မစ္စဘာဂနာကတွေဆုံပြီး နေထိုင်ရတာ အဆင်ပြေမပြေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ရတာနဲ့ မြန်မာပြည်မှာ နေထိုင်ရတဲ့အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ တွေဆုံပွဲတက်ရောက်သူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ နေထိုင်ရတာထက် မြန်မာနိုင်ငံထဲမှာ ပြန်လာနေထိုင်ရတာ ပိုပြီးအဆင်ပြေတဲ့အကြောင်းကို တင်ပြဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဦးမာမတ်ရှရီကပြောပါတယ်။

“ကျနော်တို့က ဘင်္ဂလားမှာနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပညာရေးပိုင်းကော၊ ကျန်းမာရေးပိုင်းကော ရှင်းပြတယ်၊ ဒီမှာနေရေးထိုင်ရေးက လွတ်လွတ်လပ်လပ်ပါဘဲ အတားအဆီး မရှိပါဘူး၊ ဘင်္ဂလားမှာကျတော့ ဒုက္ခသည်စခန်းတစ်ခုကနေ နောက်တစ်ခုကိုသွားရင် အတားအဆီးတွေ၊ အကန့်အသတ်တွေရှိတာတွေကို တင်ပြခဲ့ပါတယ်၊ ဘင်္ဂလားနဲ့မြန်မာ နှိုင်းယှဉ်ပြီးမေးတဲ့အခါကျတော့ ကျနော်တို့မြန်မာဘက်ခြမ်းမှာ ပိုပြီးအဆင်ပြေတဲ့အကြောင်းကို အဓိကဦးစားပေးပြောဖြစ်ပါတယ်”

ဒီနေ့နေလယ်ပိုင်းမှာလည်း ကုလ အထူးကိုယ်စားလှယ် မစ္စဘာဂနာဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့နဲ့ တွေဆုံခဲ့ပါတယ်။

အဲ့ဒီတွေဆုံပွဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည်တွေအခြေအနေ၊ နှစ်ဘက်တပ်တွေ ငြိမ်းချမ်းရေးနွေးဖို့၊ တစ်ဘက်နိုင်ငံကို ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စတွေနဲ့  ၂၀၂၀ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ရာမှာ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်ဖို့ ကြားခံအဖွဲ့အစည်းတစ်ခု လိုအပ်တဲ့အကြောင်းကို အကြံပြုဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ကြားခံအဖွဲ့အစည်းတစ်ခု လိုအပ်တယ်ပေါ့လေ ဟိုဘက်ဒီဘက်ညှိနှိုင်းဖို့အတွက်

“သူအနေနဲ့ အမြင်ချင်း ဖလှယ်ဆွေးနွေးတဲ့အပေါ်မှာ နိုင်ငံတော် အကြီးအကဲတွေ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေတဲ့အခါမှာ တင်ပြပေးမယ်လို့ပြောတယ်၊ တိုက်ပွဲတွေ ဖြစ်နေတာကိုလျော့ချဖို့က ခုနပြောသလို ကြားခံအဖွဲ့တစ်ခု လိုတယ်လို့ အကြံပေးလိုက်ပါတယ်၊ ကြားခံအဖွဲ့အစည်း တစ်ခု လိုအပ်တယ်ပေါ့လေ ဟိုဘက်ဒီဘက်ညှိနှိုင်းဖို့အတွက်”

ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မနေ့ကလည်း ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မစ္စဘာဂနာဟာ စစ်တွေမြို့မှာ အရပ်ဖက်အဖွဲ့တစ်ချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲအခြေအနေနဲ့ စစ်ဘေးဒုက္ခသည်အရေးကို ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာပါဝင်တဲ့ ဝံလက်ဖောင်းဒေးရှင်း ကိုခိုင်ကောင်းစံက ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံရာမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်တယ်လို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တယ်ပေါ့လေ၊ ရွေးကောက်ပွဲကာလမှာ စစ်ဖြစ်နေမယ်ဆိုရင် နှစ်ဘက် တပ်မတော်နဲ့ ရက္ခိုင်တပ်တော် AA နဲ့ နှစ်ဘက်တိုက်ပွဲရပ်ဖို့ ညှိနှိုင်းဖို့တော့ လိုအပ်တာပေါ့၊ စစ်ပွဲကိုအကြောင်းပြုပြီး ရွေးကောက်ပွဲမလုပ်ဘူးဆိုရင် နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာမယ်ဆိုရင် ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးဆိုတာကို ထောက်ပြဆွေးနွေးခဲ့ပါတယ်”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီခရီးစဉ်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အစီစဉ်နဲ့လာတာကြောင့် ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောဆိုလို့မရကြောင်းသာ ပြောပါတယ်။

မစ္စ ဘာဂနာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

သူတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ မြန်မာနိုင်ငံကို သုံးကြိမ်လာရောက်လေ့လာခဲ့ပြီး ဒီတစ်ခေါက်ခရီးစဉ်ဟာ  စတုတ္ထအကြိမ်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org