ယိမ်းယိုင်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့လို့ အကျိုးထိခိုက်လာသော တရုတ်အစိုးရ

Zachary Abuza ရေးသားပြီး စောဖိုးခွား ဘာသာပြန်ဆိုသည်
2024.10.22
ယိမ်းယိုင်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့လို့ အကျိုးထိခိုက်လာသော တရုတ်အစိုးရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်ရှိ သံတမန်ဧည့်ခန်းဆောင်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ်။
Myanmar Military

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံတွေဟာ မှားယွင်းနေပြီး သူ့ရဲ့အကျိုးစီးပွားကို ပြန်ထိခိုက်နေတယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန် အမျိုးသားစစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ဇက်ခါရီအဘူဇာက RFA မှာ ဆောင်းပါးတစ်ပုဒ် ရေးလိုက်ပါတယ်။

အာဏာသိမ်းထားတဲ့ အစောပိုင်း နှစ်နှစ်လောက်မှာ စစ်ကောင်စီကို တရုတ်က ချင့်ချိန်ပြီးဆက်ဆံခဲ့တယ်ဆိုပေမဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးအပြီးမှာတော့ စစ်ကောင်စီဘက်က ရှုံးနေတာတောင် တရုတ်ဟာ စစ်ကောင်စီကို ထောက်ခံအားပေးတာတွေ ပိုတိုးလာနေတယ်လို့ ဆောင်းပါးရှင်က ထောက်ပြထားပါတယ်။

တရုတ်ဟာ စစ်ကောင်စီကို လက်နက်လည်း ဆက်ရောင်းပေးနေသလို၊ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေကို တရုတ်ကျွမ်းကျင်ပညာရှင်တွေက ကူညီပေးနေတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိနေတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ FTC-2000G တိုက်လေယာဉ် ခြောက်စင်းကို တရုတ်က စစ်ကောင်စီကို ပို့ပေးခဲ့တယ်လို့ထောက်ပြထားပါတယ်။

လေကြောင်းပဲ အားကိုးနေရတဲ့ စစ်တပ်ဟာ အဲဒီခြောက်စင်းနဲ့ တပ်ဖွဲ့ဝင် သုံးသောင်းလောက်ကို အလျင်အမြန် လေ့ကျင့်သင်တန်းပေးခဲ့ပေမဲ့ ကိရိယာပစ္စည်းမလုံလောက်ဘဲ တပ်ဖွဲ့ဝင်တွေဟာလည်း စိတ်အားထက်သန်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒီနေရာမှာ တရုတ်အဓိကအာရုံစိုက်နေတာက သူ့ရဲ့စီးပွားရေးအကျိုးအမြတ်ရဖို့၊ အထူးသဖြင့် မြန်မာပြည်တွင်း သူရင်းနှီးမြုပ်နှံထားတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ ဝမ်ပေါင် ကြေးနီစီမံကိန်းပဲ ဖြစ်ပါတယ်။

နောက်ထပ်သူ ဦးစားပေးလုပ်နေတာက ရခိုင်ပြည်နယ်က ကျောက်ဖြူစီးပွားရေးဇုန် စီမံကိန်းပဲဖြစ်တယ်လို့ ဆောင်းပါးရှင်က ပြောပါတယ်။ အဲဒီစီးပွားရေးဇုန်စီမံကိန်းဟာ ထင်သလောက်ရှေ့မရောက်ဘဲ ပိတ်မိနေတာကိုလည်း တရုတ်က သဘောမတွေ့ပါဘူး။

တကယ့်အခြေအနေအမှန်မှာတော့ တရုတ်စိတ်ဝင်စားတဲ့ ကျောက်စိမ်းလို၊ မြေရှားသတ္တုလို တန်ဖိုးကြီးတဲ့ တွင်းထွက်ပစ္စည်းတွေရှိတဲ့နေရာ ၉ဝ ရာခိုင်နှုန်းလောက်ဟာ တော်လှန်ရေးအင်အားစုတွေလက်ထဲမှာ ဒါမှမဟုတ် မလုံခြုံတဲ့နေရာတွေမှာ ရောက်နေပါပြီ။


ဆက်နွှယ်သောသတင်းများ

သံရုံးတိုက်ခိုက်တဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ်တောင်းဆို

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားလာနိုင်မလဲ

တရုတ် ဖိအားကြောင့် နွေဦးတော်လှန်ရေး ရပ်မသွားနိုင်


ရှမ်းပြည်နယ်မှာရှိတဲ့ တရုတ်ရေအားလျှပ်စစ် စီမံကိန်းတွေဟာဆိုရင်လည်း စစ်တပ်မဟုတ်တဲ့ အဖွဲ့တွေရဲ့ လက်ထဲရောက်နေပြီး၊ အဲဒီဆည်တွေရှိတဲ့ဒေသမှာ ကချင်လွတ်မြောက်ရေးတပ် KIA က လှုပ်ရှားနေပါ တယ်။ တခြားစီမံကိန်းတွေဟာလည်း အတိုက်အခံတွေလက်ထဲရောက်နေတာကြောင့် တရုတ်ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေကို အခွန်ပေးရမဲ့ကိန်း ဆိုက်နေပါတယ်။

ရခိုင်ပြည်နယ်ထဲကြည့်ရင်လည်း ကျောက်ဖြူစီးပွားရေးဇုန်ကို အာရက္ခတပ်တော် (AA) က မထိန်းချုပ်နိုင်သေးဘူးဆိုပေမဲ့ ဘေးအနီးအနားဒေသတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တာကြောင့် တရုတ်ဟာ AA နဲ့ ညှိနှိုင်းရမဲ့ပုံ ရှိပါတယ်။ တကယ်လို့ AA ကသာ အမ်းမြို့ကို သိမ်းနိုင်ပြီဆိုရင်တော့ အဲဒီစီမံကိန်းအတွက် ပိုက်လိုင်းထိန်းစခန်းကို သိမ်းပိုက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်လည်း တရုတ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲလုပ်မှသာ စစ်ကောင်စီ အာဏာလက်ကိုင်ထားနိုင်မယ်လို့ တရုတ်က ရှုမြင်နေပါတယ်။

တရုတ်နိုင်ငံ၊ Guangdong ပြည်နယ်၊ Zhuhai၊ Zhuhai တွင်၂၀၁၈ ခုနှစ်  နိုဝင်ဘာ ၁ ရက်နေ့က နိုင်ငံတကာ လေကြောင်း ပြပွဲတွင် ပြသထားသည့်   FTC-2000G တိုက်ခိုက်ရေး လေယာဉ်အားတွေ့ရစဉ်။ (Photo : REUTERS/Stringer)
တရုတ်နိုင်ငံ၊ Guangdong ပြည်နယ်၊ Zhuhai၊ Zhuhai တွင်၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က နိုင်ငံတကာ လေကြောင်း ပြပွဲတွင် ပြသထားသည့် FTC-2000G တိုက်ခိုက်ရေး လေယာဉ်အားတွေ့ရစဉ်။ (Photo : REUTERS/Stringer)

ဒီလအစောပိုင်းမှာ ပေါက်ကြားလာတဲ့ "ဝ"တပ်ဖွဲ့နဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ကြား ဆွေးနွေးပွဲ မှတ်တမ်းတွေကိုကြည့်ရင် စစ်တပ်ပြိုလဲသွားမဲ့အရေး တရုတ်က စိုးရိမ်စိတ်ကြီးနေတာ အသေအချာပဲလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ပါတဲ့ ကိုင်တွယ်ရလွယ်မဲ့အစိုးရ၊ အကျင့်ပျက်ခြစားတာတွေရှိတဲ့ အစိုးရဖြစ်မှ သူတို့ အကျိုးစီးပွားဖြစ်ထွန်းမယ်လို့ တရုတ်က ယူဆနေကြောင်းလည်း ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒါပေမဲ့ NUG အစိုးရနဲ့ မိတ်ဖက်တွေဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကိုလက်မခံသလို၊ အစိုးရအဖွဲ့ထဲမှာ စစ်တပ်ကိုယ်စားပြုသူတွေကို ထပ်ပြီးခွင့်ပြုပေးထားမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေး နှောင့်နှေးနေဦးမယ်လို့ ယုံကြည်ထားကြတယ်လို့ ပြောထားပါတယ်။ 

အဲဒီအပြင် အာဏာရှင်အစိုးရဖြစ်တဲ့ တရုတ်အနေနဲ့ သူ့လို အာဏာရှင်အစိုးရတစ်ဖွဲ့ကျဆုံးမှာ၊ အထူးသဖြင့် သူကျောထောက်နောက်ခံပေးထားတဲ့ အစိုးရပြုတ်ကျမှာကို မနှစ်မြို့နိုင်ဘူးလို့ ဆောင်းပါးရှင်က ထောက်ပြပါတယ်။ ဒါဟာလဲ အကြောက်တရားကြောင့် ဖြစ်နေတဲ့ ဆန္ဒပဲဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ သူ့အိမ်နီးချင်းနိုင်ငံက ဖယ်ဒရယ်ဒီမိုကရေစီဖြစ်လာမှာကိုလည်း စိတ်မသက်မသာဖြစ်နေတယ်လို့ ဆောင်းပါးရှင် အဘူဇာက သုံးသပ်ထားတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ 

(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။