တရုတ် ဖိအားကြောင့် နွေဦးတော်လှန်ရေး ရပ်မသွားနိုင်

RFA Burmese
2024.10.18
တရုတ် ဖိအားကြောင့် နွေဦးတော်လှန်ရေး ရပ်မသွားနိုင် ရှမ်းပြည်နယ် တုန်းရှမ်းဒေသ၊ တာကျူချင့်ရွာအနောက်တောင်ကုန်းအား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့စဉ်။
The KoKang

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တစ်ခုလုံးနီးပါးကို မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက်မှာ တိုက်ပွဲတွေရပ်ဖို့ တရုတ်အစိုးရက လျှို့ဝှက်ဖိအားပေးနေသလို၊ တော်လှန်ရေးအဖွဲ့တွေရော၊ ဒေသခံ ပြည်သူတွေပါ အားပြုသုံးစွဲနေရတဲ့ အဓိက ကုန်ပစ္စည်းနဲ့ ကျန်းမာရေးသုံးဆေးတွေ မရောက်နိုင်အောင် ပိတ်ဆို့တာတွေရှိလာတယ်လို့ တိုင်းရင်းသား အဖွဲ့တွေကရော၊ လေ့လာသူတွေက ပြောကြပါတယ်။

ဇူလိုင်လမှာ ဒုတိယအကျော့ ပြန်စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ပေါင်း ၁၂ မြို့ကို TNLA တအာင်းလွတ်မြောက်ရေးတပ်က သိမ်းပိုက်လိုက်သလို၊ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုရော၊ လားရှိုးမြို့ကိုပါ MNDAA ကိုးကန့်တပ်က ဩဂုတ်လဆန်းမှာ သိမ်းပိုက်လိုက်ပါတယ်။ အဲဒီလို သိမ်းပြီး မကြာခင်မှာပဲ တိုက်ပွဲတွေရပ်ဖို့နဲ့ မရပ်ရင် ကြောက်ရွံ့ကျိုးနွံလာအောင်လုပ်မယ်လို့ တရုတ်ဘက်က သြဂုတ်လ ၂၉ ရက်နေ့မှာ စာပေးပို့ပြီး TNLA ကို ဖိအားပေးခဲ့တာ တွေ့ရပါတယ်။

“တရုတ် သြဇာခံဖြစ်နေလို့ ရပ်တယ်ဆိုတာကို EAOs တွေဘက်က ခံချင်မှာ မဟုတ်ဘူး"

ဒီကာလမှာပဲ နယ်စပ်ဂိတ်တွေကို ပိတ်ထားပြီး စားသောက်ကုန် သယ်ဆောင်ခွင့်တွေပါ တရုတ် အာဏာပိုင်တွေက ဖြတ်လိုက်တယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦး က RFA ကို ပြောပါတယ်။

“ဖိအားက လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ ဥပမာ နယ်စပ်ကုန်သွယ်မှုတွေ ပိတ်ပင်တာမျိုး၊ ဆေးဝါးတင်သွင်းမှုတွေ ပိတ်ပင်တာမျိုး နောက်ပြီးလျှပ်စစ်ဆိုင်ရာ ကိစ္စတွေပေါ့နော်။ အဲဒါမျိုးတွေလည်း ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ အဓိကတော့ တိုက်ပွဲတွေ မဖော်ဆောင်ဖို့နဲ့ တိုက်ပွဲရပ်တန့်ဖို့ အဓိက ဖိအားပေးတဲ့အနေနဲ့ သဘောဖြစ်ပါတယ်”

တရုတ်ရဲ့ ဖိအားကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ TNLA ဘက်က ပြန်မဖြေပါဘူး။ ဒါပေမဲ့ တရုတ် ဖိအားရှိနေတဲ့ကြားကပဲ TNLA က သီပေါမြို့က စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်ရင်းကိုရော၊ တစ်မြို့လုံးကိုပါ အခု အောက်တိုဘာလ ၁၃ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါတယ်။

မြောက်ပိုင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSA “ဝ” တပ်ဖွဲ့ကိုလည်း ညီနောင်သုံးဖွဲ့ကို ထောက်ပံ့နေတယ်ဆိုပြီး တရုတ်က ဖိအားပေးထားပါတယ်။

“ဝ” နဲ့ တရုတ်နယ်စပ်ဖြစ်တဲ့ နမ့်တစ်ကုန်သွယ်ရေးဂိတ်ကို သြဂုတ်လဆန်းပိုင်းကတည်းက ပိတ်ထားသလို“ဝ” ဒေသကနေဖြတ်ပြီး MNDAA ထိန်းချုပ်ဒေသတွေကို ကုန်စည်မပို့ဖို့ ဖိအားပေးခံထားရတယ်လို့ “ဝ” တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး

တရုတ်နဲ့ စစ်ကောင်စီတို့ ပိတ်ဆို့မှုကြောင့် ရှမ်းမြောက်ဒေသခံတွေ အခက်ကြုံနေ

မြန်မာ့အရေးတရုတ်မူဝါဒ အပြောနဲ့လက်တွေ့ ကွဲလွဲနေ


သြဂုတ်လ ၂၇ ရက်နေ့က ယူနန်ပြည်နယ် ပူအာမြို့အတွင်း တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန့် ရှီကျင်းနဲ့ “ဝ” တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာလည်း တရုတ်နိုင်ငံဘက်က မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို ထောက်ပံ့တာတွေရပ်ဖို့ ဖိအားပေးခဲ့ပါတယ်။ ပေါက်ကြားလာတဲ့ အစည်းအဝေးမှတ်တမ်းဟာ အစစ်အမှန်ဖြစ်တယ်လို့ “ဝ”ခေါင်းဆောင်တွေနဲ့ နီးစပ်သူတချို့က RFA ကို အတည်ပြုပါတယ်။

မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေ ဆက်ဖော်နေရင် တရုတ်နိုင်ငံဘက်က တိုက်ရိုက်အရေးယူသွားမယ်လို့ တိန့်ရှီကျင်းက “ဝ” တပ်ဖွဲ့ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်နဲ့ “ဝ”ခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာတော့ MNDAA က NUG၊ PDF တွေနဲ့ မပတ်သက်တဲ့အကြောင်း၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ်မလုပ်ဖို့၊ အာဆီယံနိုင်ငံတွေကို ခရီးမထွက်ဖို့နဲ့ အနောက်တိုင်း မီဒီယာတွေကို သတင်းဖြေကြားမှာ မဟုတ်တဲ့အကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။

MNDAA ရဲ့ ဒီထုတ်ပြန်ချက်ဟာ တရုတ်ရဲ့ဆန္ဒကို လိုက်လျောတာဖြစ်ပေမဲ့၊ ဒီထုတ်ပြန်ချက်တစ်ခု တည်းလောက်နဲ့ တရုတ်က ကျေနပ်မှာမဟုတ်ဘဲ လားရှိုးကနေ MNDAA တပ်တွေ ပြန်ဆုတ်တဲ့အထိ ဖိအားပေးနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ခေါင်းဆောင်နဲ့ ဩဂုတ်လ တွေ့ဆုံပွဲမှာ အမေရိကန်ဒေါ်လာ သန်းသုံးထောင်ချေးမယ်လို့ ပြောခဲ့သလို၊ အခု မကြာခင်မှာ စစ်ခေါင်းဆောင် တရုတ်ပြည် သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဒီလို စစ်ကောင်စီကို အားပေးပြီး၊ တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးတဲ့ တရုတ်ရဲ့လုပ်ရပ်က၊ မြောက်ပိုင်းအဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ နှောင့်နှေးသွားနိုင်ပေမဲ့ တားလို့ရမှာ မဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

“အထူးသဖြင့် ရှမ်း၊ မန်းစစ်ဆင်ရေးဆိုရင် နှောင့်နှေးနေတာပဲ။ TNLA က တောင်ခမ်း သိမ်းပြီးရင် ပြင်ဦးလွင်ပဲ။ အဲဒီဖြစ်စဉ်က အတော်လေး နှေးသွားတာပေါ့။ ဒါကြောင့်မို့ အချိန်နည်းနည်း နှေးသွားရင် နှေးသွားပါလိမ့်မယ်။ ဒါပေမဲ့လည်း TNLA က ဆက်ပါဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်ဆို မိုးကုတ်၊ မိုးမိတ်ဘက်လည်း သူတို့ ဆက်နေရာယူထားတာကိုး”

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ လွတ်မြောက်လိုစိတ် ကြီးမားတဲ့အတွက် တရုတ်ဖိအားကြောင့် မြန်မာ့ နွေဦးတော်လှန်ရေး တစ်ခုလုံး ထိခိုက်စေနိုင်တဲ့အထိ မဖြစ်နိုင်ဘူးလို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း ရှုမြင်ပါတယ်။

“ဘယ်လိုနိုင်ငံမျိုးက ဘယ်လိုဖိအားမျိုးကိုပဲ ပေးပေးပေါ့နော်။ လက်ရှိ တော်လှန်ရေးကို ဆင်နွှဲနေတဲ့သူတွေအားလုံးနဲ့ ပြည်သူလူထုရဲ့ စိတ်ဆန္ဒက ကြီးမားတဲ့အတွက်ကြောင့်မို့ ဘယ်လိုဖိအားတွေပဲပေးပေး ဒီတော်လှန်ရေးက ရပ်တန့်သွားစရာအကြောင်း မရှိပါဘူးဗျ”

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ (Arakan Army)
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ (Arakan Army)

မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တရုတ်ဖိအားကြားကပဲ တော်လှန်ရေးကို ဆက်လုပ်နေတယ်ဆိုတာ တွေ့ရတယ်လို့ ရှမ်းပြည် နိုင်ငံရေးလေ့လာသူ ကိုဖိုးဝက သုံးသပ်ပါတယ်။

“တရုတ် သြဇာခံဖြစ်နေလို့ ရပ်တယ်ဆိုတာကို EAOs တွေဘက်က ခံချင်မှာ မဟုတ်ဘူး။ သူတို့က တရုတ်ရဲ့ သြဇာခံ မဟုတ်ဘူးဆိုတဲ့အကြောင်း၊ ဖိအားပေးတာက တရုတ်က သူ့ရဲ့ဂုဏ်သိက္ခာ ကမ္ဘာ့နိုင်ငံကြီး တစ်နိုင်ငံအနေနဲ့ရော၊ စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးအရရော မပျက်စေချင်တော့ သူကတော့ ဖိအားပေးမှာပဲ။ မြေပြင်မှာရှိနေတဲ့ စစ်ပွဲတွေကိုကြည့်ရင် တရုတ်အစိုးရရဲ့ ဖိအားကို လိုက်နာနေတာလားဆိုတာကို မြေပြင်စစ်ပွဲတွေ၊ ရှမ်းမြောက် တိုက်ပွဲတွေကို ကြည့်ချင်းအားဖြင့် သုံးသပ်နိုင်ပါတယ်”

တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေအပေါ် တိုက်ပွဲရပ်ဖို့ ဖိအားပေးနေတာ၊ စစ်ကောင်စီကို ကူညီထောက်ပံ့နေတာဆိုတဲ့ ထောက်ပြဝေဖန်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေလ်ကနေတစ်ဆင့် စာပေးပို့ မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။