အာဏာရှင်တွေကို တရုတ်ကိုယ်စားလှယ် ဘာကြောင့်တွေ့ဆုံတာလဲ

တရုတ်ကိုယ်စားလှယ် Peng Xiubin ဟာ ဧပြီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့ အထိ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ တရုတ်ကိုယ်စားလှယ် Peng Xiubin၊ သမ္မတဟောင်း ဦးသိန်းစိန်။ Reuters, Senator Koko Pimentel's Facebook

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ် Peng Xiubin ဟာ ဧပြီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့ အထိ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်ုတို့ တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတစ်ယောက် အခုလိုတိတ်တဆိတ် လာရောက်တွေ့ဆုံတာဟာ စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် ရမ်းကားတဲ့ အခြေအနေ ဖြစ်လာတာကြောင့် သတိပေးချင်တဲ့အတွက် တွေ့ဆုံတာဖြစ်နိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“ကျွန်မကြည့်တာ အခုတလော စစ်ကောင်စီကလည်း ရမ်းကားလာ‌တော့ သူတို့သတိပေးတာလည်း ဖြစ်ကောင်းဖြစ်မယ် ထင်တယ် ဒီလိုဆက်ပြီးတော့ ဖြစ်နေရင် သူတို့အနေနဲ့ ကုလသမဂ္ဂမှာကာကွယ်ပေးဖို့ ခက်နိုင်တယ်တို့ဘာတို့ပေါ့ဗျာ ရိပ်ဖမ်းသံဖမ်း သတိပေးတာလည်း ဖြစ်ချင် ဖြစ်မယ်။ သူတို့ရဲ့ သံခင်းတမန်ခင်း နည်းလမ်းက ဟိုတုန်းကလို ပြည်တွင်းရေး ဝင်မစွက်နဲ့ဆိုတာ တစ်သမတ်တည်း ကိုင်မထားတော့ဘူး ဆိုတဲ့ သဘောပေါ့ အဲလိုတော့တွေ့လိုက်တယ်။”

Peng Xiubin လာရောက်တွေ့ဆုံတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခဲ့တာ မရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ မြန်မာစစ်တပ်အရာရှိဟောင်းတွေရဲ့ သဘောထားကို သိချင်တာကြောင့် လာရောက်တွေ့ဆုံတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ရှိသမျှအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှာ ဖြစ်ပါတယ် အဲလိုထိတွေ့ဆက်ဆံတဲ့အခါမှာ သူတို့ရဲ့ မူဝါဒကို ချိန်မှတ်ဖို့အတွက်ကို ထောင့်စုံအောင် သေသေချာချာ သူတို့ လေ့လာမှာ ဖြစ်တယ် ဒီဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်ခဲ့တဲ့လူတွေပေါ့နော် အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ သမ္မတဟောင်း ဦးသိန်းစိန်တို့ဆီကို သူတို့ ဘာသံများ ပြောမလဲဆိုပြီးနားစွင့် တာပေါ့နော် ကျွန်တော့်အမြင်ပြောရင်တော့ဗျာ စစ်တပ်လူဟောင်းတွေရဲ့ အသံဘယ်လို ရှိမလဲ ဆိုတာကို အဓိက နားထောင်ချင်တာပေါ့နော် ဘာတွေပြောလိုက်လဲတော့ ကျွန်တော်လည်း မသိဘူးပေါ့နော် ဒါပေမဲ့ စစ်တပ်ကတော့ စစ်တပ်ပါပဲ ကျွန်တော်တို့ လုပ်စရာရှိတာဆက်လုပ်ရမယ် အရေးတော်ပုံ အောင်ရမယ်လို့ပဲ ပြောချင်ပါတယ်။”

ဒီတွေ့ဆုံမှုဟာလည်း ထူးခြားမှုရှိပေမယ့် ထိပ်တန်း သတင်းတစ်ခုတော့ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရဟာ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေရဲ့ အနေအထားကို လေ့လာမှုအားနည်း တယ်လို့လည်း ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။

ဦးဘိုဘိုဦးဟာ ၂၀၂၁ ခုနှစ်က စက်တင်ဘာလ ၉ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတွေရဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို NLD ပါတီ အနေနဲ့ တက်ရောက်ခဲ့သူလည်း ဖြစ်ပါ တယ်။

Peng Xiubin အခုလို လာရောက်တွေ့ဆုံတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ မြန်မာပြည်သူတွေ၊ တိုင်းရင်းသားတွေ လိုလားတဲ့ စစ်ကောင်စီ ပြုတ်ကျရေးကို မလိုလားသလို လက်ရှိအချိန်မှာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ဆောင်နေတယ်လို့ တအာင်းဒေသတွင်း တိုင်းရင်းသားအရေးလေ့လာသူ ဆရာ ဆိုဒန်း က ပြောပါတယ်။

“တရုတ်အနေနဲ့ ဒါက ရှမ်းပြည်မှာ အခြေစိုက်တဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်ပေါ့ အထူးသဖြင့်ကတော့ FPNCC နဲ့ ပတ်သက်ပြီးတော့မှ သူတို့က ဖိအားပေးမှုတွေ အများကြီး လက်နက်ကိုင် တပ်တွေ ကြုံတွေ့နေရတယ် အထူးသဖြင့်ကတော့ စစ်တပ်လုံးဝ မြန်မာပြည်သူလူထု လိုလားတဲ့ စစ်တပ်ပျက်သုဉ်းတဲ့အထိ သူတို့က လိုလားတဲ့ ပုံတော့ မတွေ့ရဘူး သူတို့ တစ်ခုရှိတာက တိုင်ရင်းသား ဖက်ကိုလည်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ ကစားနေတာ ကျွန်တော်တို့ တွေ့မြင်ရတယ်။”

တရုတ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေကို ကြည့်မယ်ဆိုရင် သူ့အကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး အာဏာရှင်နဲ့ အာဏာရှင်ဟောင်းတွေ သက်ဆိုးရှည်အောင် အမြဲလုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကိုဖြေရှင်းဖို့ ကူညီချင်တယ်ဆိုရင် မြန်မာပြည်သူတွေနဲ့ စကားပြောမှသာ အကောင်းဆုံးဖြစ်မယ်လို့ NUG အစိုးရအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

“တကယ်တမ်းဆိုရင်တော့ သိန်းစိန်ပဲဖြစ်ဖြစ် သန်းရွှေပဲဖြစ်ဖြစ် မင်းအောင်လှိုင်ပဲဖြစ်ဖြစ် အကြမ်းဖက်ခြင်းကို သူတို့ဟာ ကျူးလွန်ခဲ့တာတွေ အများကြီးရှိတယ် ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ကထွက်ပေါက် မရှိတော့ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်တမ်း တရုတ်က မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကူညီချင်တယ်ဆိုရင်တော့ မြန်မာပြည်သူလူထုနဲ့ စကားပြောရမှာပေါ့လေ မြန်မာပြည်သူလူထုမပါတဲ့ ဆွေးနွေးခြင်းတွေ၊ ပြောဆိုခြင်းတွေ မြန်မာပြည်သူလူထုရဲ့ ဆန္ဒမရှိတဲ့ အစည်းအဝေးတွေ အားလုံးကတော့ အချည်းအနှီးဖြစ်တယ် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။”

ကွန်မြူနစ်ပါတီ ညွှန်ကြားရေးမှူးချုပ် အခုလိုလာရောက်တာဟာ မြန်မာ့အခက်အခဲ အကျပ်အတည်းတွေ အပေါ်မှာ အမြတ်ထုတ်ဖို့အတွက် လာတာဖြစ်နိုင်တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဝေဖန်ပါတယ်။

“အကြမ်းဖက်စစ်တပ်ရဲ့ မတရား နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် များစွာ ပျက်စီးနေရတဲ့ အနေထားမျိုးမှာပေါ့နော် ဘာသံမှမထွက်ဘဲနဲ့ ဒီလိုမျိုးရောက်ရှိလာခြင်းက ကျွန်တော်တို့ နိုင်ငံ အပေါ်ပေါ့နော် နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေ အပေါ်မှာ အမြတ်ထုတ်ဖို့အတွက် လာတာလို့ ကျွန်တော့်အနေနဲ့ မြင်တယ်ပေါ့ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာနဲ့အညီ စစ်အာဏာရှင် အဆက်ဆက်မှာတည်းက မြန်မာနိုင်ငံမှာ ရှိတဲ့ သယံဇာတတွေပေါ့နော် တွင်းသယံဇာတပဲဖြစ်ဖြစ်၊ သစ်တောပဲဖြစ်ဖြစ်၊ ကျောက်မျက်ပဲဖြစ်ဖြစ် သဘာဝဓာတ်ငွေ့ပဲဖြစ်ဖြစ် ဘယ်အရင်းအမြစ်ပဲ ဖြစ်ဖြစ် ဂုတ်သွေးစုတ်ဖို့ လာခြင်းပဲဖြစ်တယ် အခုလိုလာခြင်းက မြန်မာနိုင်ငံအနေနဲ့ ကျွန်တော်မြင်တာက ဘာအတွက်က ဖိအားပေးမှာလဲ စစ်အသုံးစရိတ်တွေ ကြီးမြင့်လာတဲ့အပေါ်မှာ တိုင်းပြည်ရဲ့ စီးပွားရေး နလန်မထူတော့တဲ့ အချိန်မှာ မင်းအောင်လှိုင် အနေနဲ့ အခက်တွေ့လာတဲ့ အနေအထားမျိုးမှာ တရုတ်အနေနဲ့ ဘာတွေကမ်းလှမ်းပြီးတော့ ဘာတွေ ရယူသွားမလဲဆိုတာကိုတော့ ကျွန်တော်သံသယ ရှိတယ်ပေါ့”

အခုလိုတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုအချိန်ထိ အကြောင်း ပြန်ကြားတာ မရှိသလို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org