တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးသုံးခဲ့ကြောင်း TNLA စွပ်စွဲချက် စစ်ကောင်စီငြင်းဆို

နမ့်ခမ်းမြို့ စခန်းသစ်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ STR / AFP

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ စခန်းသစ်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ တအာင်း (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က RFA ကို ပြောပါတယ်။

TNLA ဟာ အခုလ ၁၇ ရက် ညပိုင်းမှာ နမ့်ခမ်းမြို့အနီးက စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းကို သိမ်းပိုက်ခဲ့ပါတယ်။

"ကျွန်တော်တို့ ရဲဘော်တွေက အဆိပ်သင့်ပြီးမှ မူးဝေတဲ့ဒဏ်ကို တောက်လျှောက်ခံစားရတယ်”

နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က အဲဒီစခန်းကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ဗုံးတွေကို သုံးခဲ့တာလို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က RFA ကို ပြောပါတယ်။

“၁၈ ရက်နေ့ကျတော့ စခန်းသစ်ဘက်ကနေ စစ်ကောင်စီဘက်က ပြန်ပြီးထိုးစစ်ဆင် တက်လာတယ်။ တိုက်ပွဲဖြစ်တော့ သူတို့အထိနာတော့ ပြန်ပြီးဆုတ်သွားတယ်။ ပြန်ဆုတ်သွားပြီး အဆိပ်ဗုံး ငါးလုံး၊ ခြောက်လုံးလောက် ပြန်ပစ်ခတ်ပြီးတော့မှ တစ်ခေါက်ပြန်ပြီး ထိုးစစ်ဆင် တက်လာတာဖြစ်တယ်။ အဲမှာ အဆိပ်ငွေ့ ပစ်ချလိုက်တဲ့အတွက် အဲမှာရှိတဲ့ (TNLA) ရဲဘော်တချို့ မူးဝေတဲ့ ဝေဒနာ ခံစားရတယ်။ ဆေးခန်းမှာ ပြန်ပြီးတော့ ဆေးဝါးကုသမှုခံနေရတဲ့ အနေအထားတော့ရှိပါတယ်။ ပြနိုင်တဲ့သက်သေကတော့ လူပေါ့နော်၊ အဲမှာ ကျွန်တော်တို့ ရဲဘော်တွေက အဆိပ်သင့်ပြီးမှ မူးဝေတဲ့ဒဏ်ကို တောက်လျှောက်ခံစားရတယ်”

အဆိပ်ငွေ့ဗုံးဒဏ်သင့်တဲ့ ရဲဘော်တွေဟာ စခန်းကနေ ပြန်ဆုတ်ခဲ့ရတာကြောင့် စစ်ကောင်စီဘက်က တိုက်ခိုက်တဲ့ လက်နက်အစိတ်အပိုင်းတွေကို မရှာဖွေနိုင်ခဲ့ဘူးလို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ကလည်း လားရှိုးမြို့နယ် မိုင်းကျက် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အခုလိုပဲ အဆိပ်ငွေ့ဗုံးတွေကို သုံးခဲ့ဖူးပေမဲ့ သူတို့တပ်ဖွဲ့ဝင်တွေ ထိမှန်တာမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နှစ်ဖက်တိုက်ပွဲအတွင်း TNLA ဘက်က သေဆုံးထိခိုက်မှုများလာတာကြောင့်လို့ ပြည်တွင်း သတင်းမီဒီယာတွေကို ပြောပါတယ်။

“နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို တိုက်ခိုက်ခဲ့တယ်။ တပ်မတော်က ပြန်လည် တိုက်ခိုက်တယ်။ ပြန်လည်တိုက်ခိုက်တာမှာ TNLA အနေနဲ့ အကျအဆုံးများစွာ ရှိခဲ့တယ်။ ထုံးစံအတိုင်းပါပဲ သူတို့ အကျအဆုံး များပြီဆိုရင် TNLA အနေနဲ့ ယခင်ကအတိုင်း သူတို့ သုံးနေကျအသံပေါ့၊ ထွက်လာပြီပေါ့၊ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်တယ်တို့ ဘာတို့ တွေ့ရတာဖြစ်ပါတယ်”

သူတို့ဘက်က ဘယ်တိုက်ပွဲမှာမှ ဓာတုအဆိပ်ငွေ့ဗုံး မသုံးခဲ့ဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက အခိုင်အမာ ငြင်းဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများ ညွှန့်ပေါင်းအဖွဲ့ (Cluster Munition Coalition - CMC) က သုတေသီ ဒေါက်တာ ယယ်ရှုဝ မိုဆာ-ပူဝမ်ဆူဝမ် (Dr. Yeshua Moser-Puangsuwan) ကတော့ ဓာတုလက်နက်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ဓာတုဗေဒ လက်နက်ဖြစ်ပုံတော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဓာတုလက်နက်က ပိုပြီးပြင်းထန်ပါတယ်။ လူကို သေစေနိုင်တာ ဒါမှမဟုတ်လည်း ပိုပြီးပြင်းပြင်းထန်ထန် ဝေဒနာခံ စားရနိုင်ပါတယ်။ သူတို့က အဆိပ်အတောက်ပြင်းတဲ့ အရာတစ်ခု ဒါမှမဟုတ် တခြားတစ်မျိုးမျိုးကြောင့် ခဏလောက်ပဲ ဝေဒနာခံစားရပုံရပါတယ်”

ဒါပေမဲ့ စစ်ကောင်စီဟာ တိုက်ပွဲတွေမှာမသုံးဖို့ တားမြစ်ထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေးဗုံး (မျက်ရည်ယိုဗုံး) တွေကို သုံးခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“ပြောပုံအရ အဓိကရုဏ်းဖြစ်ပွားမှု ထိန်းချုပ်ရေးလက်နက် (RCW) ဖြစ်နိုင်ပါတယ်။ အဓိကရုဏ်းဖြစ်ပွားမှု ထိန်းချုပ်ရေး ဓာတုဗေဒပစ္စည်းတွေမှာ ဒီလိုလက္ခဏာမျိုးတွေ ရှိနိုင်ပါတယ်။ သူတို့က ယားယံနိုင်ပြီး လူတွေကို ခဏတာ ဝေဒနာခံစားရစေနိုင်ပါတယ်။ အဓိကရုဏ်းဖြစ်ပွားမှု ထိန်းချုပ်ရေးလက်နက်တွေကို စစ်ပွဲတွေမှာ အသုံးပြုခွင့် မရှိပါဘူး။ တားမြစ်ထားပါတယ်”

ဒီ‌ပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန် ဒီစီ ရုံးချုပ်ကနေ ဖုန်းနဲ့ ထပ်မံဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ TNLA ဘက်က တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာပါ။ နိုဝင်ဘာ ၇ ရက်နေ့မှာ နမ့်ခမ်းမြို့ပေါ် ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ စခန်းသစ်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အဲဒီစခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နောက်တစ်ရက်မှာ စစ်ကောင်စီတပ်က အလုံးအရင်းနဲ့ ဖိတိုက်လာတာကြောင့် စခန်းကို ပြန်လက်လွှတ်ခဲ့ရတယ်လို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး အဆိပ်ငွေ့ဗုံးသုံးတယ်လို့ သတင်းထွက်နေတာကြောင့် အရပ်သားတွေကိုပါ ထိခိုက်လာမှာကို စိုးရိမ်မိတယ်လို့ နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မြို့တွေထဲမှာ (အဆိပ်ငွေ့ဗုံး) ကျမှာ ကြောက်တယ်ပေါ့နော်။ ရှူမိမှာ ကြောက်ကြတယ်။ အဆိပ်ငွေ့ဗုံးဆိုတာ အရင်က မကြားဖူးဘူးပေါ့နော်။ အခုကြားရတော့ တကယ်ဟုတ်လား၊ မဟုတ်လားဆိုတာ မသိပေမဲ့ တကယ်လို့ ဒီအဆိပ်ငွေ့ဗုံးမိခဲ့မယ်ဆိုရင် တကယ်စိုးရိမ်တယ်ပေါ့နော်။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးပေါ့နော်၊ မိသားစုတွေနဲ့ဆိုတော့ အဲလိုမျိုး စိုးရိမ်စိတ်တော့ရှိတယ်။ အဆိပ်ငွေ့ဗုံးနဲ့ ပတ်သက်ပြီးမှ ဘာဗဟုသုတမှ မရှိထားတဲ့ အခါကျတော့ သေနိုင်လား၊ မသေနိုင်ဘူးလားဆိုတာလည်း မသိနိုင်ဘူးပေါ့နော်”

စခန်းသစ်ကုန်းကို ပြန်ရပြီးနောက်မှာ စစ်ကောင်စီတပ်က မြို့ပေါ်ကို နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နိုဝင်ဘာ ၂၁ ရက် မနေ့ကညနေ ၄ နာရီလောက်မှာ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နမ့်ခမ်းမြို့ပေါ် ရပ်ကွက်တစ်ခုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ်လေးဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်ပိုင်းအထိလည်း စခန်းသစ်ကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲဆက်ဖြစ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ရှမ်းမြောက်ဒေသ သီပေါ၊ နောင်ချို၊ လားရှိုး၊ သိန္နီ၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ မုံးကိုးနဲ့ လောက်ကိုင်မြို့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါပဲ။

နမ့်ခမ်း၊ သိန္နှီ၊ ကွမ်းလုံမြို့ပေါ် နေရာတချို့ကို မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့က ထိန်းချုပ်နယ်မြေတွေကို ပြန်ရဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီစစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်နဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့တွေကို အပြည့်အ၀ ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၅၀ ကျော်ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org