စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ရန်ကုန်နဲ့ မန္တလေးမှာ ဧည့်စာရင်းစစ် ဖမ်းဆီးမှုတွေ ရှိလာ
စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြုခဲ့ပြီးတဲ့နောက် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဧည့်စာရင်း ပိုစစ်တာ၊ ဖမ်းဆီးတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-02-23 -
-
-
အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေ ကျင့်သုံးမယ်လို့ စစ်ကောင်စီက ကြေညာပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဧည့်စာရင်းစစ်တာ၊ ဖမ်းတာတွေပိုရှိလာတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်တိုင်း ခရမ်းမြို့မှာ ဆေးရုံလာစောင့်တဲ့ အသက် ၂၀ ကျော် လူငယ်အမျိုးသား သုံးဦး အဖမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သူတို့နဲ့ နီးစပ်တဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ ဆက်သွယ်လို့ မရတော့တာ။ မိသားစုက မြို့နယ်ရဲစခန်းကို မေးကြည့်တော့ သူတို့ဖမ်းတာ မဟုတ်ဘူး။ စစ်တပ်က ဖမ်းတာ။ စစ်တပ်ကိုသွားမေးလို့ သူတို့ပြောတယ်။ မိသားစုကလည်း စစ်တပ် တပ်စွဲထားတဲ့ အားကာရုံ (မြို့နယ်အားကစားရုံ) ကို လိုက်သွားတယ်။ ဟိုကလည်း ဝင်ခွင့်မပေးဘူး။ သူတို့လုံးဝ အဆက်အသွယ်ပြတ်နေတာ ရှိတယ်"
အဖမ်းခံရတဲ့သူတွေရဲ့ ကိုယ်ရေး အသေးစိတ် အချက်အလက်တွေကိုတော့ မိသားစုဝင်တွေရဲ့ လုံခြုံရေးကြောင့် သူက မပြောပါဘူး။
"ယောက်ျားလေးအဆောင်တွေကို အဓိက ပိုစစ်တာများတယ်။ ဧည့်စာရင်းတိုင်တဲ့ပုံစံ ပြောင်းသွားတာတွေကို ပြောသွားတာရှိတယ်"
ကျောင်းသားလူငယ်တွေ အဆောင်နေတာများတဲ့ ကမာရွတ်မြို့နယ်မှာလည်း အခုရက်ပိုင်း ပိုပြီး ဧည့်စာရင်း စစ်နေပါတယ်။
"ယောက်ျားလေးအဆောင်တွေကို အဓိက ပိုစစ်တာများတယ်။ ဧည့်စာရင်းတိုင်တဲ့ပုံစံ ပြောင်းသွားတာတွေကို ပြောသွားတာရှိတယ်။ ဧည့်စာရင်းစစ်တဲ့ပုံစံက အခု ဧည့်စာရင်းတိုင်ရင် လူပုံပါ ပေးရတယ်။ ရပ်ကွက်ထဲမှာ တော်တော်များများ လုပ်လာတာ ပတ်စ်ပို့ပုံစံ လူပုံနဲ့ ဧည့်စာရင်း တွဲတိုင်ရတယ်"
စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ လှုပ်ရှားမှုတွေကိုသိဖို့ ဖွဲ့စည်းထားတဲ့ မြို့နယ်ကင်းထောက်အဖွဲ့တွေရဲ့ ပြောပြချက်အရ ဖေဖော်ဝါရီလ ၁၂ ရက်ကနေ ၂၂ ရက်အထိ ဧည့်စာရင်းမတိုင်လို့ ဖမ်းဆီးခံရတာနဲ့ မသင်္ကာလို့ဆိုပြီး အဖမ်းခံရတဲ့ ဖြစ်ရပ် ဆယ်ခုထက်မနည်း ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့ သူတို့ကို ဖမ်းထားတုန်းပဲလား၊ ပြန်လွှတ်လိုက်ပြီလားဆိုတာ အတည်ပြုဖို့ခက်တယ်လို့ RFA ကို ပြောပါတယ်။
RFA ကလေ့လာချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ ၂၂ ရက်အထိ စမ်းချောင်း၊ အလုံ၊ ဗိုလ်တထောင်၊ လှိုင်၊ တာမွေ၊ ပုဇွန်တောင်၊ သာကေတ စတဲ့မြို့နယ်တွေမှာ ဧည့်စာရင်း ၁၂ ကြိမ်ထက်မနည်း စစ်ခဲ့ပါတယ်။
လက်တွေ့အခြေအနေမှာ အခုထက်အကြိမ်ရေပိုများနိုင်ပြီး၊ ဒီအထဲမှာ အဖမ်းခံရတယ်ဆိုတဲ့ ဖြစ်ရပ်တော့ မကြားရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာသား လေးဦးလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မန္တလေးမြို့ တံတားဦး စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရပြီး မိသားစုနဲ့အဆက်အသွယ် မရသေးပါဘူး။
"ယူကြုံးမရ ဖြစ်ကြရတာပေါ့လေ။ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့လည်း ထင်မှ မထင်ထားတာ။ သူတို့ သားသမီးတွေ ကိုရီးယားသွားမယ်၊ သင်တန်းတက်တယ်။ သင်တန်းစာမေးပွဲဖြေပြီး ရွာခဏ ပြန်လာတာ။ ရွာပြန်လာကာမှ ဒီလိုဖြစ်သွားတာ။ ယူကြုံးမရဖြစ်ရပေါ့လေ။ အခုဟာက အဆက်အသွယ်ကို လုံးဝပြတ်တောက်နေတော့တာ။ ဘာဖြစ်လို့ဖြစ်မှန်းလဲ မသိတော့ဘူး"
အဖမ်းခံရသူတွေဟာ အသက် ၂၃ နှစ်အရွယ် ကိုဇော်ဇော်အောင်၊ အသက် ၂၄ နှစ်အရွယ် ကိုကောင်းထက်စိုး၊ အသက် ၂၃ နှစ်အရွယ် ကိုသွင်စိုးထွန်းနဲ့ အသက် ၂၄ နှစ်အရွယ် ကိုတင်ထွဋ်ဝင်းတို့ ဖြစ်ပါတယ်။
မန္တလေးမြို့မှာလည်း အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်တွေမှာ ဧည့်စာရင်း ပိုစစ်လာနေပါတယ်။
"အခြေခံလူတန်းစားတွေများတဲ့ နေရာတွေမှာ နေ့တိုင်းလိုလိုစစ်နေတာ။ မြို့နယ်အနေနဲ့ ပြောရရင် အောင်မြေသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး အဲဒီမှာ တောက်လျှောက်စစ်နေတာ။ ရဲပါမယ်၊ စစ်သားပါမယ်၊ မီးသတ်ပါတယ်၊ အုပ်ချုပ်ရေးမှူးတွေ ပါတယ်၊ လဝက ပါတယ်"
စစ်ကိုင်းတံတားနားက ဂိတ်နဲ့ မတ္တရာမြို့နယ်ဘက်အထွက် စစ်ရေးဂိတ်တွေမှာလည်း အရင်ကထက်ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးလာတယ်လို့ သူက ပြောပါတယ်။
ည ၈ နာရီနောက်ပိုင်း ဘယ်သူမှ အပြင်မထွက်ကြတော့သလို လုပ်ငန်းတွေလည်း စောစောသိမ်းကြတယ်လို့လည်း မန္တလေးသားတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အများပြည်သူ လုံခြုံရေးအတွက် ဆောင်ရွက်နေတာလို့ စစ်ကောင်စီထိမ်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောပါတယ်။
"ဧည့်စာရင်းမတိုင်ဘဲ နေထိုင်တဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမရှိသူတွေ၊ အိမ်ထောင်စုစာရင်း မပြနိုင်တဲ့သူတွေ ဒါတွေကို စစ်ဆေးတွေ့ရှိရင်တော့ သက်ဆိုင်ရာရဲစခန်းနဲ့ ဌာနတွေက ခေါ်ယူစစ်ဆေးတာရှိတယ်။ ဥပဒေအရ အရေးယူဆောင်ရွက်တာရှိသလို အကျိုးအကြောင်း ဆီလျော်ရင်လည်း ပြန်လွှတ်ပေးတာ ရှိပါတယ်"
အကျိုးအကြောင်းဆီလျော်ရင် ဆိုတဲ့စကားက ဘာကိုရည်ညွှန်းလဲဆိုတာတော့ သူကရှင်းရှင်းလင်းလင်း မပြောပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ အဖမ်းခံရတဲ့သူတွေဆီက ငွေတောင်းတဲ့ဖြစ်ရပ်တွေ တော်တော်များများ ရှိနေသလို၊ ပေးလိုက်ရတဲ့ကာယကံရှင်တွေက လူသိရှင်ကြားထုတ်ဖော်ပြောဆိုဖို့ စိုးရိမ်ကြပါတယ်။
အခုသတင်းမှာပြောကြတဲ့ ဒေသခံတွေရဲ့အသံတွေကိုလည်း သူတို့ရဲ့ တောင်းဆိုချက်အရ ပြုပြင် ပြောင်းလဲထားပါတယ်။
ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ခုနစ်ရက် သို့မဟုတ် ဒဏ်ငွေတစ်သောင်း ပေးရမယ်ဆိုတဲ့ ဧည့်စာရင်းဥပဒေကို စစ်တပ်အာဏာသိမ်းကတည်းက ပြန်ပြီး ကျင့်သုံးနေပါတယ်။