မြန်မာပြည်သူတွေ တရားမျှတမှုရဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တောင်းဆို

RFA Burmese
2024.12.10
မြန်မာပြည်သူတွေ တရားမျှတမှုရဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တောင်းဆို မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ သမန်းတောရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ ကုစားခွင့်ရဖို့ နိုင်ငံတကာက အလေးထားဆောင်ရွက်ရေး မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်တဲ့ (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အခုလို တောင်းဆိုလိုက်တာပါ။

စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရဖို့ လိုအပ်နေတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူ ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့လက်ရှိ ဒီမြန်မာနိုင်ငံမှာဆိုရင်ပေါ့လေ တစ်နိုင်ငံလုံးအနှံ့ ဒီအကြမ်းဖက် စစ်အုပ်စုကနေပြီးတော့ ကျွန်တော်တို့ ရွာလုံးကျွတ် မီးရှို့တဲ့ကိစ္စတွေ၊ ဒီအပြစ်မဲ့တဲ့ပြည်သူတွေကို မတရားညှဉ်းပန်းနှိပ်စက် သက်ဖြတ်နေတဲ့ကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ကိစ္စတွေ၊ နောက်လေကြောင်းကနေပြီးတော့ တိုက်ခိုက်နေတဲ့ကိစ္စတွေ၊ ဒါတွေက တစ်နိုင်ငံလုံး အနှံ့အပြားမှာ ဖြစ်နေတဲ့ ကိစ္စတွေ။ ဒါကြောင့်မို့လို့ ဒီအကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်နေတာကို ဒီခံစားရတဲ့ပြည်သူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ၊ သံတမန်တွေအားလုံးကို ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်"

မန္တလေးသပိတ် ခေါင်းဆောင် ဒေါက်တာ တေဇာစန်းကလည်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နိုင်ငံတကာက အလေးအနက် တုံ့ပြန်စေချင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာသော ပြည်သူလူထုကို ဒီဖက်ဆစ် စစ်အာဏာရှင်က နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေကို ဒါတောက်လျှောက် ကျူးလွန်ဆောင်ရွက်နေတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ကတော့ဗျာ ကျွန်တော်တို့ကိုယ်တိုင် လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ ရုန်းကန်တိုက်ပွဲဝင်ရမယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ကြပြီးသား ဖြစ်ပါတယ်။ သို့သော် ကမ္ဘာကြီးအနေနဲ့ကတော့ ဒီထက်ပိုပြီးတော့ မြန်မာပြည်သူတွေရဲ့ အသံနဲ့ သဘောထားတွေကို ဒါပိုပြီးတော့ အလေးအနက် တုံ့ပြန်ကြစေချင်တယ်လို့ ဒါဒီကနေပြီးတော့ တိုက်တွန်း နှိုးဆော်စကားတင်ပြချင်ပါတယ်ခင်ဗျ"

မီးရှို့ဖျက်ဆီးခံရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ နမ့်ဟူးရွာရှိ နေအိမ်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်‌နေ့တွင် PNLA မှ ထုတ်ပြန်ထားစဉ်။ (Photo: elegram/ PNLA News&Info)
မီးရှို့ဖျက်ဆီးခံရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ နမ့်ဟူးရွာရှိ နေအိမ်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်‌နေ့တွင် PNLA မှ ထုတ်ပြန်ထားစဉ်။ (Photo: elegram/ PNLA News&Info)

ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ သပိတ်အင်အားစုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေနဲ့ အသိပညာပေးဟောပြောတာတွေ လုပ်နေကြပါတယ်။

ဥရောပသမဂ္ဂ (မြန်မာ)ကတော့ မြန်မာပြည်သူတွေကို ကူညီပံ့ပိုးသွားဖို့ ထပ်မံအတည်ပြုတယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန်အစိုးရကလည်း မြန်မာအပါအဝင် နိုင်ငံရှစ်ခုက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ချီးမြှင့်မယ်လို့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည်ကတော့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို စဉ်းစား အဖြေရှာတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှုကို အခြေခံစဉ်းစားပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်မတို့ အမြဲတမ်းပြောတာက လူ့အခွင့်အရေးနေ့မှာ ကျွန်မတို့ တောင်းဆိုချင်တာက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုသည် ကျွန်မတို့ ဘာပဲစဉ်းစားစဉ်းစား အခြေခံ စဉ်းစားချက်ဖြစ်ရမယ်။ အဲဒါကို ဦးတည်ပြီးတော့ မြန်မာ့အရေးကို ဆွေးနွေးကြပါ။ သုံးသပ်ကြပါ။ အဖြေရှာကြပါလို့ပဲ ကျွန်မတို့က တိုက်တွန်းချင်ပါတယ်"

စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေပေမဲ့ အပြစ်ပေး အရေးယူခံရခြင်းကနေ ကင်းလွတ်နေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။

"မြန်မာ့အရေးကို ဆွေးနွေးကြပါ။ သုံးသပ်ကြပါ။ အဖြေရှာကြပါလို့ပဲ ကျွန်မတို့က တိုက်တွန်းချင်ပါတယ်"

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီး၊ နှိပ်စက်၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ခြောက်ထောင်ရှိသွားပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် လက်ရှိထောင်ထဲမှာ ဖမ်းဆီးခံထားရသူ ၂၁,၀၀၀ ရှိနေပြီလို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာကြောင်း ကုလ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး

မြန်မာက လူ့အခွင့်အရေးကာကွယ်သူကို အမေရိကန် ဆုချီးမြှင့်

စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူမှု ထိရောက်မှုနည်းနေ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးထွန်းကားတဲ့ အနာဂတ်အတွက် ဝိုင်းဝန်းကြိုးစားကြဖို့ ဒီနေ့ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ကြောက်ရွံ့မှုတွေကိုဖယ်ရှား၊ မတရားမှုတွေကို ကျွန်တော်တို့တွန်းလှန်၊ တစ်ချိန်တည်းမှာပဲ အနာဂတ်မြန်မာပြည်အားလုံးမှာ၊ အနာဂတ်မြန်မာပြည်ရဲ့ အခြေအနေတွေမှာ လူ့အခွင့်အရေးတွေထွန်းကားပြီးတော့ တရားမျှတမှုတွေ လွတ်လပ်မှုတွေနဲ့ ပြည့်၀တဲ့ အခြေအနေသစ်၊ နိုင်ငံသစ်၊ ပတ်ဝန်းကျင်သစ်ကို ဝိုင်းဝန်းထူထောင်နိုင်ဖို့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်ကြပါလို့ လေးစားစွာဖြင့် ပန်ကြားအပ်ပါတယ်"

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ပြဋ္ဌာန်းလိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ၁၉၅၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပကြပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရတ်စ်တော့ လူ့အခွင့်အရေးဟာ အားလုံးနဲ့ ခွဲခြားလို့မရတာကြောင့် အခွင့်အရေးအားလုံးအတွက် အမြဲတမ်းရပ်တည်ကြဖို့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် သတင်းစကားပါးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။