ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို တရားမဝင်အဖွဲ့အဖြစ် မဟန သတ်မှတ်

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေး ရှင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းနဲ့ မြန်မာနိုင်ငံအနှံ့ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ချဖို့ နိုင်ငံတော်သံဃမဟာနာယက (မဟန)အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဗဟိုနှစ်ပတ်လည်ညီလာခံ အခမ်းအနားကို အင်းစိန်မြို့နယ် အောင်ဆန်းတောရကျောင်းမှာ ၂၀၁၉၊ ဇွန် ၁၇ ရက်နေ့က ကျင်းပစဉ် Photo: Htet Arkar/ RFA

မဘသ အဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ဆရာတော်တွေကို နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က ဆုံးမသြဝါဒပေးဖို့ မနေ့က ဖိတ်ကြားခဲ့ပေမယ့် ဒုဥက္ကဋ္ဌ ဆရာတော် ဦးသီလက္ခန္ဓာဘိဝံသသာ တက်ရောက်ခဲ့တာကြောင့် သြဝါဒပေးမယ့် အစီအစဉ် ပျက်သွားခဲ့ပါတယ်။

အဲဒီနောက် မဟနအဖွဲ့ရဲ့ အစည်းအဝေးကျင်းပပြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြောင်းနဲ့ မြန်မာနိုင်ငံအနှံ့ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က မဟန အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို အတည်ပြု ထုတ်ပြန်လိုက်တာဖြစ်ကြောင်း ဘွဲ့အမည်မပြောလိုတဲ့ မဟနအဖွဲ့ဝင် ဆရာတော် တစ်ပါး က RFA ကို မိန့်ပါတယ်။

"ထုတ်ပြန်ပြီးသားပါပဲ၊ အရင်ဆုံးဖြတ်ပြီးသားတွေကို အတည်ပြုတယ်ဆိုပြီး လုပ်လိုက်တာပါ၊ ပြီးခဲ့တဲ့ဇွန်လက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်က အကြောင်းတစ်ခုဖြစ်မှာပေါ့"

ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မြို့ အင်းစိန်မြို့နယ်က ရွာမပရိယတ္တိစာသင်တိုက်မှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲကို ကျင်းပပြီး သဘောထားထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ မဟနအဖွဲ့က ဆွေးနွေး ဆုံးဖြတ်ပြီး တရားမဝင်အသင်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မဘသအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိအစိုးရဟာ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာ ပျက်စီးအောင် ဆောင် ရွက်နေကြောင်း စွတ်စွဲပြောဆိုထားတဲ့အပြင် ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ လက်ရှိအစိုရကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။

နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးမှာ မဘသအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးဆွေးနွေးရာမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းနဲ့ အဖွဲ့အမည်ကို သုံးစွဲပြီး ဘယ်ကိစ္စကိုမှ ဆက်လက်ဆောင်ရွက်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနှံ့မှာ စိုက်ထူထားတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေကို ၄၅ ရက်အတွင်း ဖြုတ် သိမ်းဖို့နဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ ရဟန်းပုဂ္ဂိုလ်တွေရော လူပုဂ္ဂိုလ်တွေကိုပါ ဥပဒေအရ အရေးယူဆောင် ရွက်သွားဖို့ကိုလည်း မဟန အဖွဲ့က ဆုံးဖြတ်ထားတာကို ထပ်မံအတည်ပြု ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေကို မနေ့က ကျင်းပတဲ့ မဟန ၄၇ ပါးစုံညီအစည်းအဝေးမှာ ထပ်မံအတည်ပြု ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မဟနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးသောပါကကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

"ပြောစရာဘာမှမရှိပါဘူး၊ ၂၀၁၈ ထဲကဆိုတော့ ၁ နှစ်တောင်ကျော်နေပြီ ဖြုတ်ဖို့တော့မရှိပါဘူး၊ ဖြုတ်ချင်ရင် လာဖြုတ်လိုက်လေ"

မဟနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြဝတီမင်းကြီးဆရာတော် ဦးအရိယဝံသာ ဘိဝံသ က အခုလို မိန့်ပါတယ်။

"ဘုရားဆုံးမထားတာလည်းရှိတယ် ဝိနည်းတွေ၊ စည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာရမယ့်ဟာတွေကို သေသေချာချာ တက်အောင်သင်ယူကြ လိုက်နာကြဖို့ ဘုရားဆုံးမတာတွေကို ဒါဖောက်ဖျက်နေကြတဲ့ အုပ်စုကြီးပါပဲ ဒီအုပ်စုကြီးက မင်းမနိုင်ရပ်ကွက်ကြီးပဲ၊ မဟနအဖွဲ့က ဆုံးဖြတ်တာမှန်တယ်၊ နောက်ကျရင်ကို တိုင်းပြည်ကို တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်လေ၊ သူတို့ပြောချင်ရာပြောတယ်၊ လုပ်ချင်ရာလုပ်တယ်၊ ဒါတွေထိ တော်တော်ရှိတယ်၊ ဒါဟာဘုရားအဆုံးအမနဲ့ တော်တော်ကွာဟကုန်ပြီ

ဆုံးဖြတ်ချက်တွေကို စီမံဆောင်ရွက်ဖို့အတွက် နိုင်ငံတော်အစိုးရကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်ပြသွားဖို့ကိုလည်း မဟနအဖွဲ့က ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဝန်ကြီးဌာနအနေနဲ့ ရှင်းလင်းဖော်ပြချက်ထုတ်ပြန်ထားပြီးသားဖြစ်တာကြောင့် သီးခြားပြောဆိုဖို့မရှိကြောင်း ပြောပါတယ်။

"ကျွန်တော်တို့ ထုတ်ထားတာကိုက အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်းဆိုပြီး အပိုဒ် ၇ ပိုဒ်နဲ့ ရှင်းလင်းဖော်ပြထားတယ်၊ တခြားဘာမှ ပြောစရာမရှိပါဘူးခင်ဗျ"

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ဓမ္မစက်နဲ့ဆောင်ရွက်တာဟာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် မဟနအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်တွေကို စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org