ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေကို စစ်ဆေးရုံရွှေ့ပြောင်း

ဆူးလေဘုရားလမ်းက တော်ဝင်ခုံးကျော်တံတားပေါ်မှာ မတ်လ ၂၇ ရက် မနေ့ညရှစ်နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက် ကလေးငါးဦး ထိခိုက်ခဲ့ပါတယ်။

ဆူးလေတံတားအနီး ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လူနာများအား ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းက တော်ဝင်ခုံးကျော်တံတားပေါ်မှာ မတ်လ ၂၇ ရက်ည ရှစ်နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် ဆယ်ကျော်သက် ကလေးငါးဦး ထိခိုက်ခဲ့ပြီး သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ အဲဒီအနားမှာရှိတဲ့ မြို့ခံတွေက ပြောပါတယ်။

အသက် ၁၁ နှစ်အရွယ် မောင်စံကျေးဘား၊ အသက် ၁၁ နှစ်အရွယ် မောင်ဖိုးလပြည့်၊ အသက် ၁၄ နှစ်အရွယ် မောင်ကျော်ကျော်၊ အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးသက်ပိုင်နဲ့ အသက် ၁၆ နှစ်အရွယ် မောင်ဖိုးသောကြာတို့ ထိခိုက်ခဲ့တာပါ။

"စုစုပေါင်းလေးစီးနဲ့ အမှတ် (၂) ကုတင် (၅၀၀) တပ်မတော်စစ်ဆေးရုံကို ကျွန်တော်တို့ ည ၁၁ နာရီ လောက်မှာ ပို့ပေးလိုက်တယ်”

အဲဒီကလေးတွေဟာ တခြားမြို့နယ်တချို့ကနေ ရေသန့်ဘူးခွံနဲ့ စွန့်ပစ်ပစ္စည်းတွေ လာကောက်သူတွေဖြစ်ပြီး လမ်းဘေးမှာရှိတဲ့ အိတ်တစ်လုံးကို ကောက်ယူဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကို ကိုယ်တိုင်တွေ့ခဲ့တဲ့ မြို့ဒေသခံတစ်ဦးက ဒဏ်ရသူတွေထဲမှာ သုံးဦးကပြင်းထန်တယ်လို့ RFA ကို ပြောပါတယ်။

“တွေ့ရတာကတော့ ၁၂ နှစ်၊ ၁၃ နှစ် ကလေးနှစ်ယောက်နဲ့ ၂၀ လောက်ရှိတဲ့ ကလေးတစ်ယောက်။ တစ်ယောက်ကတော့ ဒီညာခြေတစ်ဖက်က ဒီခြေသလုံးတို့ ဒူးအဆစ်ကနေ အောက်ပိုင်းကတော့ ဘာမှလုပ်လို့ မရတော့ဘူး။ လုံး၀အရိုးတွေပေါ်နေတယ်။ သုံးယောက်လောက်တော့ စိုးရိမ်စရာရှိပါတယ်”

ဒဏ်ရာရသူတွေရဲ့ အသေစိတ်အခြေအနေကိုသိရဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဘက်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဇေယျမဂ္ဂင် ကျန်းမာရေးအထောက်အကူပြုအသင်း (ရန်ကုန်) တာဝန်ရှိသူတစ်ဦးကတော့ ဒဏ်ရာရသူတွေကို မနေ့ည ၁၁ နာရီခန့်မှာ ရန်ကုန်ဆေးရုံကြီးကနေ ဒဂုံမြို့နယ်က အမှတ်(၂) တပ်မတော်ဆေးရုံဆီ ရွှေ့ပြောင်းလိုက်တယ်လို့ ပြောပါတယ်။

“တပ်မတော်ကအရာရှိတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့အသင်း ကားသုံးစီး၊ လသာ (မြို့နယ်) အသင်းက တစ်စီး စုစုပေါင်းလေးစီးနဲ့ အမှတ် (၂) ကုတင် (၅၀၀) တပ်မတော်စစ်ဆေးရုံကို ကျွန်တော်တို့ ည ၁၁ နာရီ လောက်မှာ ပို့ပေးလိုက်တယ်”

ဆေးရုံပြောင်းရွှေ့ချိန်မှာ ဦးခေါင်းဒဏ်ရာရရှိထားသူတစ်ဦးသာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအန ရှိတော့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ ဥပဒေချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဆူးလေတံတားအနီး ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လူနာများအား ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုလို မြို့ပြတွေမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ပြည်သူတွေ သတိနဲ့သွားလာဖို့သာ အကြံပေးချင်တယ်လို့ ပြောပါတယ်။

“ဒီလိုမြို့ပြမှာ ဖောက်ခွဲမှုတွေလုပ်နေတဲ့အချိန်မှာ ဒီလိုအဖြစ်အပျက်တွေကတော့ သိပ်ပြီးရှောင်လွှဲနိုင်စရာ သိပ်အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ မြို့လူထုအနေနဲ့ သတိရှိစွာသွားလာလှုပ်ရှားကြဖို့ လိုတယ်လို့ ကျွန်တော်တော့ ယူဆပါတယ်ခင်ဗျ”

မနေ့ညကဗုံးပေါက်ကွဲမှုအပေါ် ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာ မရှိသလို RFA အနေနဲ့လည်း ဘယ်အဖွဲ့က လုပ်ခဲ့သလိုဆိုတာ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် လမ်းသွားလမ်းလာ ပြည်သူလေးဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org