ကော့ဆက်ဘဇားဒေသခံတွေကို IOM က ပစ္စည်းတွေလှူဒါန်း

ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီပြီး ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့အတွက် ကော့ဆက်ဘဇားဒေသမှာ နေထိုင်တဲ့ ဒေသခံ တစ်သောင်းလောက်ကို ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က အိမ်ထောင်စုသုံး ပစ္စည်းတွေ စတင် ဝေငှခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားဒေသရှိ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို တွေ့ရစဉ် Photo: UNHCR

ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီပြီး ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့အတွက် ကော့ဆက်ဘဇားဒေသမှာ နေထိုင်တဲ့ ဒေသခံ တစ်သောင်းလောက်ကို ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က အိမ်ထောင်စုသုံး ပစ္စည်းတွေ စတင် ဝေငှခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~

ကော့ဆက်ဘဇားဒေသခံတွေကို IOM က ပစ္စည်းတွေလှူဒါန်း

(မခက်မာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကုလ သမဂ္ဂလက်အောက်ခံ  IOM ခေါ် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ဟာ ဒုက္ခသည်တွေတင်မက ကော့ဆက်ဘဇားဒေသမှာ နေထိုင်တဲ့ ဒေသခံတသောင်းလောက်ကို အိမ်ထောင်စုသုံးပစ္စည်းတွေကို ဒီကနေ့မှာ စတင်ပြီး လှူဒါန်းဝေငှ လိုက်ပါတယ်။

အဲဒီဒေသဟာ မူလကတည်းက ဆင်းရဲတဲ့ဒေသဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ နှစ်ပိုင်းထဲက သိန်းနဲ့ချီရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဒေသခံတွေရဲ့ဘဝတွေကို သက်ရောက်မှုတွေ ရှိလာတဲ့အတွက် အခုလို ထောက်ပံ့လှူတန်းရတာဖြစ်တယ်လို့ IOM အဖွဲ့ရဲ့ ပြောခွင့်ရသူ ဖီအိုနာ မက်ဂရီဂျာ (Fiona MacGregor) က ပြောပါတယ်။  

IOM အဖွဲ့ဟာ ဘယ်လိုပစ္စည်းတွေက ဒေသခံတွေအတွက် အသုံးအတည့်ဆုံး၊ အလိုအပ်ဆုံးဖြစ်မလဲ ဆိုတာကို ဒေသဆိုင်ရာအစိုးရအဖွဲ့နဲ့အတူ အိမ်ထောင်စုပေါင်း ၄၈ဝဝဝ ကို စစ်တမ်း ကောက်ယူပြီးတော့  အသုံးအဝင်ဆုံး ပစ္စည်းတွေကို ဒေသခံတွေအတွက် ဝေငှခဲ့တာဖြစ်ပါတယ်လို့ ဖီအိုနာက ပြောပါတယ်။

"မီးဖိုချောင်သုံးပစ္စည်းတစုံ၊ စောင်နှစ်ထည်၊ ဖျာနှစ်ချပ်၊ ဝါးခြင်း ၃ ခြင်း ပေးပါတယ်။ ကော့ဆက်ဘဇားမှာ ဆောင်းညတွေကတော်တော်ချမ်းပါတယ်။ ဒါကြောင့် စောင်ပိုရရင် ညမှာ ပိုပြီး နွေးနွေးထွေးထွေးနေနိုင်တာပေါ့"

အဖွဲ့ဟာ ဒေသခံတွေအတွက် အသုံးအတည့်ဆုံးပစ္စည်းတွေ ဖြစ်ရေးအပြင် အလိုအပ်ဆုံးလူတွေကို ရွေးချယ်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ အနီးကပ် တိုင်ပင်ရွေးချယ်ခဲ့ရတယ်လို့ ဖီအိုနာက ပြောပါတယ်။

"အမျိုးသမီးဦးဆောင်နေတဲ့ မိသားစုတွေ၊ မိဘမရှိတော့တဲ့ မိသားစုတွေ၊ မသန်မစွမ်းနဲ့ နာမကျန်းသူရှိနေတဲ့ မိသားစုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးစ နို့တိုက်မိခင်ရှိနေတဲ့ မိသားစုတွေ၊ စောင့်ရှောက်မယ့်သူမရှိတဲ့ ကလေး ရှိ နေတဲ့ မိသားစုတွေ၊ ပုံမှန်အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့ မိသားစုတွေနဲ့၊ ဒုက္ခသည်တွေ ရောက်လာတဲ့အတွက် အလုပ်အကိုင်နဲ့ ဝင်ငွေထိခိုက်သွားရတဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ အဓိကထား ရွေးချယ်ခဲ့ပါတယ်"

IOM ဟာ ၂ဝ၁၇ ခုနှစ် ရိုဟင်ဂျာပြဿနာ ပေါ်ပေါက်လာပြီးကတည်းက ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ဒေသတွင်း လူ့အဖွဲ့အစည်းတွေနဲ့ အတူ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် တခြားအကူအညီတွေကို ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အဲဒီနောက် IOM ဟာ တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ကော့ဆက်ဘဇားဒေသတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတင်မက၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ အခြေခံအဆောက်အအုံလုပ်ငန်းတွေ မြှင့်တင်ရေး၊ ရေရရှိရေး၊ သစ်တောတွေ ပြန်လည်စိုက်ပျိုးရေးနဲ့ ဒေသတွင်းက တောင်သူလယ်သမားတွေဘဝ မြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org