မြန်မာနဲ့သံတမန်ဆက်ဆံရေး ဩစတြေးလျအဆင့်လျှော့ချထား
HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဩစတြေးလျနဲ့ မြန်မာစစ်ကောင်စီကြား ထိတွေ့ညှိနှိုင်းမှုဟာ မြန်ဆန်လွန်းတာကြောင့် ထိထိရောက်ရောက် မရှိဘဲဖြစ်ခဲ့ပြီး စစ်ကောင်စီအပေါ် စီးပွားရေးနဲ့သံတမန်ရေး ဖိအားပေးတာတွေကတော့ နှေးကွေးလွန်းနေကြောင်း ပြောဆိုပါတယ်။
-
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022-05-17 -
-
-
ဩစတြေးလျအစိုးရဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုဖို့ ရှောင်လွှဲတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပုံမှန် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချပြီး သံအမတ်အဆင့် မခန့်အပ်ဘဲ ထားရှိနေကြောင်း ABC သတင်းက ဖော်ပြပါတယ်။
အရင်မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ရဲ့ တာဝန်ကာလ ဧပြီလက ကုန်ဆုံးသွားခဲ့တာကြောင့် အဲဒီနေရာအတွက် နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာဌာန အကြီးတန်းအရာရှိတစ်ဦးကို ရွေးချယ်ထားကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံကို သွားခွင့်မရသေးတဲ့အတွက် သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို အာဏာသိမ်းစစ်ကောင်စီထံ မပေးအပ်နိုင်သေးဘဲ သံရုံးယာယီတာဝန်ခံ သို့မဟုတ် သံမှူးအဖြစ် ဆောင်ရွက်ရမှာဖြစ်ကြောင်း သိရပါတယ်။
ဩစတြေးလျအရာရှိတွေဟာ ကြိုးတန်းပေါ်မှာ မဟာဗျူဟာကျကျ လမ်းလျှောက်နိုင်စွမ်းရှိသူတွေ ဖြစ်ကြောင်း၊ သတင်းမှာ ဖော်ပြပါတယ်။ ဒါကြောင့်လည်း ဩစတြေးလျရဲ့ DFAT ခေါ် နိုင်ငံခြားရေးနဲ့ကုန်သွယ်ရေးဌာနအနေနဲ့ အတွေ့အကြုံရှိတဲ့ အရာရှိတစ်ဦးကို ခန့်အပ်ပြီး မြန်မာနိုင်ငံတွင်းက ဩစတြေးလျရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ အခြေအနေကို မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ တခြား အနောက်နိုင်ငံအတော်များများက မြန်မာနဲ့ဆက်ဆံရေး ကျဆင်းလာနေတာကလည်း အဲဒီပုံစံအတိုင်းပဲ ဖြစ်ပါတယ်။
ဒီအတွင်း မြန်မာနဲ့အနောက်နိုင်ငံ အတော်များများကြားမှာတော့ ဆက်ဆံရေးကျဆင်းလာနေသလို မြန်မာစစ်ကောင်စီကို ပိတ်ဆို့မှုအသစ်တွေ ထပ်မံ မချမှတ်ခဲ့တဲ့ ဩစတြေးလျရဲ့ ဆုံးဖြတ်ချက်ကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်ထန်ထန်ဝေဖန်ခဲ့ကြပါတယ်။
HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကလည်း ဩစတြေးလျနဲ့ မြန်မာစစ်ကောင်စီကြား ထိတွေ့ညှိနှိုင်းမှုဟာ မြန်ဆန်လွန်းတာကြောင့် ထိထိရောက်ရောက် မရှိဘဲဖြစ်ခဲ့ပြီး စစ်ကောင်စီအပေါ် စီးပွားရေးနဲ့သံတမန်ရေး ဖိအားပေးတာတွေကတော့ နှေးကွေးလွန်းနေကြောင်း ပြောဆိုပါတယ်။
ဩစတြေးလျရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေကလည်း ဩစတြေးလျအစိုးရအနေနဲ့ မြန်မာ့အခြေအနေကို ကောင်းကောင်းနားလည်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်သဖွယ် သွေးထိုးပြောဆိုမှုတွေကို လက်မခံရှောင်ရှားကြတဲ့အတွက်လည်း အထူးကြိုဆိုကြောင်း ပြောဆိုကြပါတယ်။ဒါပေမဲ့ မြန်မာဆိုင်ရာ မဟာဗျူဟာမှာ အန္တရာယ်ကြား စွန့်စားရမှာတွေကလည်း ရှိနေပါတယ်။
လက်ရှိအခြေအနေမှာ ဩစတြေးလျအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီ အကြီးတန်းအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းထားလိုတဲ့ဆန္ဒရှိပြီး၊ နောက်တပိုင်းကလည်း၊ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဩစတြေးလျပညာရှင် ဒေါက်တာ ရှောင်တားနဲလ်ကို ပြန်လွှတ်ပေးရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့ ဖြစ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုလို တွေ့ဆုံတာတွေဟာ အကျိုးမဲ့သာ ဖြစ်ပြီး အာဏာကို တရားမဝင် ရယူချုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက်လည်း စွန့်စားမှုအန္တရာယ် မြင့်မားလာဖွယ်ရှိကြောင်း ပြောဆိုကြပါတယ်။
ဩစတြေးလျအရာရှိတွေကတော့ ဒေါက်တာ ရှောင်တားနဲလ်ပြန်လွတ်ရေးအတွက် တွေ့ရှိသမျှ အခွင့်အလမ်းအားလုံးကို အသုံးပြုမှာဖြစ်သလို မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရေးအတွက် စစ်ကောင်စီအတွင်းက ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်တွေကို အာဆီယံရဲ့အချက်ငါးချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းမှာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဒီအတွင်း ဩစတြေးလျအမျိုးသမီး သံအမတ်ဟောင်း Andrea Faulkner ကလည်း ပြီးခဲ့တဲ့ ဧပြီလ မြန်မာနိုင်ငံက မထွက်ခွာခင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်း၊ ထင်သလို ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖော်ဆောင်ပြီး လူသားချင်းစာနာကူညီရေး ပံ့ပိုးဆောင်ရွက်မှုတွေ ချမှတ်ဆောင်ရွက်ဖို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။