ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရဖို့ သားဖြစ်သူထပ်မံတောင်းဆို

"စစ်တပ်ကပေးတွေ့ရင် သွားတွေ့မတွေ့ဆိုတာက ကျွန်တော့် ဗြိတိန်နိုင်ငံခြားရေးရုံးက အကြံဉာဏ်တောင်းရပါဦးမယ်။ ကျွန်တော်မြန်မာပြည် မသွားခင် ကျွန်တော့်အမေနဲ့ အရင်ဆုံး စကားပြောခွင့်ရဖို့ လိုပါတယ်"

၂ဝ၁၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ File Photo : AFP

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထောင်ဝင်စာပို့ခွင့် ပြန်ဖွင့်ပေးလိုက်တာကြောင့် အကျဉ်းချခံထားရတဲ့ မိခင်ဖြစ်သူနဲ့လည်းတွေ့ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

နေပြည်တော်ထောင်မှာ ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်အာဏာသိမ်းအစောပိုင်းကတည်းက ကင်မ်အဲရစ် တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်က ဘာမှအကြောင်းပြန်တာမရှိပါဘူး။

ဒါပေမဲ့ ဒီတစ်ခေါက် ထောင်ဝင်စာတွေ ဖွင့်ပေးလိုက်ပြီးနောက်မှာတော့ သားဖြစ်သူဘက်ကသာ စစ်ကောင်စီဆီကို တရားဝင်တောင်းဆိုလာရင် စဉ်းစားပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုလာပါတယ်။

ဒါနဲ့ ပတ်သက်လို့ RFA က ကင်မ်အဲရစ်ကို မေးမြန်းရာမှာတော့ ... "ကျွန်တော်ဆီတော့ စစ်ကောင်စီဘက်က ဘာမှဆက်သွယ်ပြောဆိုလာတာ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ယူကေမှာရှိတဲ့ စစ်ကောင်စီသံရုံးကို ကျွန်တော့်အမေနဲ့တွေ့ခွင့်ရဖို့ နောက်ထပ်စာပို့ တောင်းဆိုသွားဖို့ရှိပါတယ်။ ဗြိတိန်နိုင်ငံခြားရေးရုံးကိုလည်း ကျွန်တော်စာထပ်ရေးသွားဖို့ရှိပါတယ်။ အမေနဲ့တွေ့ရဖို့ ကျွန်တော်တောင်းဆိုခဲ့တာတော့ ဘယ်နှကြိမ်ရှိပြီမှန်းတောင် မသိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ဘယ်သူကမှ အကြောင်းမပြန်ပါဘူး"

တကယ်လို့ စစ်ကောင်စီကသာ ပေးတွေ့လို့ရှိရင် မြန်မာပြည်ပြန်ပြီး သွားတွေ့မလားလို့ RFA က မေးမြန်းရာမှာတော့ ... "စစ်တပ်ကပေးတွေ့ရင် သွားတွေ့မတွေ့ဆိုတာက ကျွန်တော့် ဗြိတိန်နိုင်ငံခြားရေးရုံးက အကြံဉာဏ်တောင်းရပါဦးမယ်။ မြန်မာပြည်ကို ကျွန်တော်သွားဖို့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ဆွေးနွေးရပါမယ်။ ကျွန်တော်မြန်မာပြည် မသွားခင် ကျွန်တော့်အမေနဲ့ အရင်ဆုံး စကားပြောခွင့်ရဖို့ လိုပါတယ်"

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဖုန်းပြောခွင့်ပေးတာ၊ မိသားစုဆီက ကျန်းမာရေးအထောက်အပံ့ပစ္စည်းတွေပို့ပေးတာကို ခွင့်ပြုခဲ့ပေမဲ့ အခုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အာဏာသိမ်းချိန်မှာတော့ မိသားစုနဲ့ လုံးဝပေးမတွေ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာဖမ်းထားလဲဆိုတာတောင် အကြောင်းကြားတာမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ သူကြားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို ကင်မ်အဲရစ်က အခုလိုပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်မ်အဲရစ် (File Photo : AFP)

"ကျန်းမာရေး နည်းနည်းပြန်ကောင်းနေပြီလို့တော့ ကျွန်တော်ကြားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမေကို ဘယ်သူမှ တွေ့ခွင့်မရတော့၊ သူ့ရဲ့ရှေ့နေအဖွဲ့တောင် တွေ့ခွင့်မရဘူးဆိုတော့ ကျန်းမာရေး ဘယ်လိုအခြေအနေရှိလဲဆိုတာ ပြောဖို့ခက်ပါတယ်"

ကိုဗစ်အကြောင်းပြချက်နဲ့ ပိတ်ထားတဲ့ ထောင်ဝင်စာပို့ခွင့်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီက ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့ကလည်း စစ်ကောင်စီကို ထပ်မံတောင်းဆိုထားတာပါ။

ကင်မ်အဲရစ်ကတော့ ဒီလိုထောင်ဝင်စာပြန်ဖွင့်ပေးတာဟာ နိုင်ငံတကာကို လှည့်စားချင်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်လို့ ဝေဖန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သား ကင်မ်အဲရစ် ၂ဝ၁ဝ ပြည့်နှစ်က မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့စဉ်။

"နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို စစ်တပ်က ထောင်ဝင်စာပို့ခွင့် ဖွင့်ပေးလိုက်ပြီဆိုပေမဲ့ အတားအဆီး အကန့်အသတ်တွေက အများကြီးရှိနေပါသေးတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်နည်းနည်းလောက်ပဲ သူတို့မိသားစုတွေနဲ့ ဆုံခွင့်ရသေးပါတယ်။ ထောင်ဝင်စာတွေ ဖွင့်ပေးလိုက်ပါပြီဆိုပြီး နိုင်ငံတကာအလယ်မှာ သူတို့ကိုယ်သူတို့ မျက်နှာကောင်းရအောင် လုပ်နေတာပါ။ တကယ်တော့ စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ဆက်ကျူးလွန်နေပါတယ်"

မြန်မာပြည် ဒီမိုကရေစီပြန်ရတဲ့တစ်နေ့ မိခင်ဖြစ်သူလည်း ပြန်လွတ်မြောက်မယ်လို့ ကင်မ်အဲရစ်ယုံကြည်နေပါတယ်။

"ကျွန်တော့အမေ ပြန်လွတ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာပြည်ကြီးလည်း အမြန်ဆုံး ပြန်လွတ်မြောက်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီပြန်ရတဲ့တစ်နေ့ မြန်မာပြည် ပြန်လွတ်မြောက်တဲ့တစ်နေ့ ကျွန်တော့်အမေလည်း ပြန်လွတ်မြောက်ပါလိမ့်မယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့တွေ့ခွင့်မရ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရတဲ့အပြင် နေပြည်တော်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့တောင် တွေ့ခွင့်မရဘဲ သီးသန့် အကျဉ်းခန်း အဆောက်အဦတစ်ခုထဲမှာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org