တောရိုင်းတိရစ္ဆာန်ဈေးကွက် ပိတ်သိမ်းဖို့ မြန်မာနဲ့ အာရှသားတွေ လိုလား

မြန်မာနဲ့ အာရှ ပြည်သူတချို့က တောရိုင်းတိရစ္ဆာန်ဈေးကွက်ပိတ်ဖို့ တောင်းဆိုနေကြတဲ့အကြောင်း ဖော်ပြထားတဲ့ စစ်တမ်းကောက်ယူမှု ရလဒ်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က ဒီနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို ဖျက်ဆီးတဲ့အခမ်းအနားကို ရန်ကုန်မြို့မှာ ၂ဝ၁၉ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ် Photo: RFA

မြန်မာနဲ့ အာရှ ပြည်သူတချို့က တောရိုင်းတိရစ္ဆာန်ဈေးကွက်ပိတ်ဖို့ တောင်းဆိုနေကြတဲ့အကြောင်း ဖော်ပြထားတဲ့ စစ်တမ်း ကောက်ယူမှုရလဒ်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF က ဒီနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF က မတ်လအတွင်းမှာ မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ ဗီယက်နမ်၊ ဂျပန် စတဲ့ ဒေသငါးခုက ပြည်သူအယောက် တစ်ထောင်စီကို အင်တာနက်ကနေ စစ်တမ်း ကောက်ခဲ့ရာမှာ ၉၁ ရာခိုင်နှုန်းက တရားမဝင် တောရိုင်းတိရစ္ဆာန်ဈေးကွက်တွေကို ပိတ်လိုက်ရင် အခုလို ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမျိုးကို တားဆီးနိုင်လိမ့်မယ်လို့ ဖြေဆိုထားကြပါတယ်။

ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း တောရိုင်းတိရစ္ဆာန် စားသုံးမှုရဲ့ ဆိုးကျိုးတွေကို ပိုသိလာကြပြီလို့ WWF အဖွဲ့ရဲ့ ထိန်းသိမ်းရေးဆိုင်ရာ ဆက်သွယ်ရေးကျွမ်းကျင်သူ ဦးရဲမင်းသွင်က ပြောပါတယ်။

"ကိုဗစ်ကြောင့် လူတွေက Wildlife Market ( တောရိုင်းတိရစ္ဆာန်ဈေးကွက်) ရဲ့ ဆိုးကျိုးတွေ ပိုသိလာတယ်ပေါ့နော်။ ဒီဟာတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတယ်ဆိုတာ သိလာတယ်။ ပိုပြီးတော့လူတွေက အာရုံစိုက်လာတယ်။ လောလောဆယ်မှာတော့ အစိုးရအတွက်က ကျန်းမာရေးက ပထမဦးစားပေးဖြစ်နေမှာပေါ့နော်။ ဒါပေမဲ့ ဒီရောဂါကပ်ဆိုးကြီး ပြီးသွားတဲ့အခါမှာ WWF က ပိုပြီး ပူးပေါင်းတာတွေ လုပ်လာမှာဖြစ်တဲ့အတွက် အစိုးရက ပိုပြီးလုပ်နိုင်မယ်လို့ မြင်ပါတယ်။"


တကမ္ဘာလုံး ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တောရိုင်းတိရစ္ဆာန်ကနေတဆင့် လူတွေဆီကို ကူးစက်တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ကူးစက်မှု စတင်ခဲ့ရာမှာ တရုတ်အစိုးရက တောရိုင်းတိရစ္ဆာန် ဈေးကွက်တွေကို ယာယီပိတ်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ပြည်တွင်းမှာ ကူးစက်မှုကို ထိန်းနိုင်ပြီးနောက်ပိုင်း အဲဒီဈေးကွက် ပြန်ပြီးအသက်ဝင်လာတာကြောင့် အဲဒီဈေးကွက်တွေကို အပြီးသတ် ပိတ်သိမ်းပေးဖို့   WWF အဖွဲ့က တရုတ်အစိုးရကို တောင်းဆိုဖို့ ကြိုးစားနေပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာတော့ တောရိုင်းတိရစ္ဆာန်ဈေးကွက်ရယ်လို့ သီးသန့်မရှိဘဲ ဈေးတွေမှာ ရောပြီးရောင်းချတာတွေ တွေ့ရတယ်လို့ WWF အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့ရဲ့ သားငှက်တရားမဝင် ကုန်သွယ်မှုဆိုင်ရာ စီမံကိန်းအရာရှိ ဒေါ်စုစုယမင်းက မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်အသားကို စားတဲ့သူတွေထဲက အများစုဟာ ကာကွယ် တားဆီးရမယ့်အရာတွေမှန်း မသိကြလို့ စားသုံးနေကြတာ ဖြစ်တယ်လို့  ပြောပါတယ်။

"ဆတ်သားလို့ပြောလိုက်ရင် ဆတ်သားဟာ ကာကွယ်ထားတဲ့ တိရစ္ဆာန်ဆိုတာ မသိဘဲနဲ့ တောကောင်သား တွေကို စားသုံးမိနေတာ မြန်မာနိုင်ငံမှာ တော်တော်များပါတယ်။"

မြန်မာနိုင်ငံမှာတော့ တောရိုင်းတိရစ္ဆာန်ဈေးကွက်တွေဟာ အစိုးရအုပ်ချုပ်မှုနဲ့ ကင်းကွာနေတဲ့ နယ်စပ်တွေမှာ တည်ရှိတတ်တာကြောင့် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေက မျှော်လင့်ထားကြသလောက် မထိရောက်ပါဘူး။

အခုချိန်မှာတော့ ရောဂါကာကွယ်ရေးကို အဓိကထားလုပ်နေတာဖြစ်လို့ ကမ္ဘာ့ကပ်ရောဂါကာလ ကျော်လွန်ပြီး နောက်ပိုင်း တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းချတာတွေကို ဒီထက်ပိုပြီး တားဆီးတာတွေ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက RFA ကို ပြောပါတယ်။

"ဒီကပ်ရောဂါ မဖြစ်ခင်ကတည်းက တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးတွေရော၊ တရားမဝင်ဈေးကွက် တားဆီးရေးတွေကိုရော နိုင်ငံတကာအဖွဲ့အစည်းတွေရော NGO , INGO တွေနဲ့ ပူးပေါင်းလုပ်ဆောင် နေပါတယ်။ လောလောဆယ် ကိုဗစ်နိုင်တီး ထိမ်းချုပ်ကာကွယ်တဲ့ကိစ္စ အဓိကထားလုပ်နေရတော့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ပြောလာရင် လုပ်သွားမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံ နယ်နိမိတ်ထဲက တရားမဝင်တောရိုင်းတိရိစ္ဆာန်ဈေးကွက်တွေ ရှိနေတယ်လို့ လူသိများနေတဲ့ ရှမ်းပြည်နယ် မိုင်းလားဒေသမှာတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်တာတွေ မလုပ်ဖို့ အထူးဒေသ ၄ မိုင်းလားအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

တရားမဝင်ရောင်းချခံရမှု အန္တရာယ်အများဆုံး ရင်ဆိုင်နေရတာကတော့ သင်းခွေချပ်၊ ကြောင်ကတိုး၊ ရက်ကွန်ခွေး၊ တောကြောင်၊ မျောက်၊ လင်းနို့၊ မြွေ၊ လိပ်နဲ့ ငှက် စတဲ့ တောရိုင်းတိရစ္ဆာန်တွေဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org