နိုင်ငံအချုပ်အခြာအာဏာကို အဆင့်နှိမ့်ထားလို့ ASEM ညီလာခံ မတက်ကြောင်း စစ်ကောင်စီပြော
မနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဥရောပ-အာရှထိပ်သီးညီလာခံ (ASEM) ကို မြန်မာနိုင်ငံက ကိုယ်စားပြု တက်ရောက်မှုမရှိဘဲ စတင် ကျင်းပ ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်စေပြီး၊ မြန်မာနိုင်ငံကို အဆင့်နှိမ့်ထားတဲ့သဘော သက်ရောက်တဲ့ ညီလာခံ အခမ်းအနားမျိုးကို တက်ရောက်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-11-25 -
-
-
မနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဥရောပ-အာရှထိပ်သီးညီလာခံ (ASEM) ကို မြန်မာနိုင်ငံက ကိုယ်စားပြု တက်ရောက်မှုမရှိဘဲ စတင် ကျင်းပခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေပြီး၊ မြန်မာနိုင်ငံကို အဆင့်နှိမ့်ထား တဲ့သဘော သက်ရောက်တဲ့ ညီလာခံ အခမ်းအနားမျိုးကို တက်ရောက်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါ တယ်။
နှစ်နှစ်တစ်ကြိမ် ကျင်းပနေကျ ဥရောပ-အာရှ ထိပ်သီးညီလာခံကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူပြီး နိုဝင်ဘာလ ၂၅ရက် နဲ့ ၂၆ရက် နှစ်ရက်ကြာ အွန်လိုင်းကနေ ပြုလုပ်နေတာဖြစ်ပါတယ်။
မနေ့က စတင်တဲ့ ၁၃ ကြိမ်မြောက် ASEM ထိပ်သီးညီလာခံမှာ ဥရောပ နိုင်ငံ ၃၀၊ အာရှ နိုင်ငံ ၂၁ နိုင်ငံနဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ညီလာခံတက်ရောက်ခွင့် မရတဲ့အတွက် နိုင်ငံကိုယ်စား ပြုတက်ရောက်မှု မရှိခဲ့ပါဘူး။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီ ASEM ညီလာခံမှာ မြန်မာနိုင်ငံက ပါဝင်တက်ရောက်မှာ မဟုတ်တဲ့အကြောင်း အိမ်ရှင်အဖြစ် ဆောင်ရွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို အကြောင်းကြားခဲ့တယ်လို့ အာဆီယံအဖွဲ့တွင်းက သတင်းရှင်းမြစ်တွေကို ကိုးကားပြီး ကျိုဒို သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံကနေ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတစ်ဦးကိုသာ ဒီညီလာခံကို တက်ရောက်ခွင့် ပေးမယ်လို့ မြန်မာနိုင်ငံဘက်ကို အကြောင်းကြားထားကြောင်းနဲ့ မြန်မာအာဏာပိုင်တွေဘက်က ဒီညီလာခံမှာ ဆွေးနွေးမှုတွေကို လေ့လာဖို့ နည်းစနစ်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကိုသာ စေလွှတ်သွားမယ်လို့ အကြောင်းပြန်ထား ခဲ့ပြီး၊ နောက်ပိုင်းမှာ အခုနှစ် ASEM ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံကနေ ပါဝင်တက်ရောက်မှာ မဟုတ်တော့ ကြောင်း အကြောင်းကြားလာတာဖြစ်တယ်လို့ အဲဒီသတင်းမှာ ပါရှိပါတယ်။
“ဥရောပသမဂ္ဂဟာ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ နိုင်ငံတကာစနစ်တစ်ခု ပေါ်ပေါက်လာဖို့ အမြဲတမ်းကြိုးပမ်းနေပါတယ်။ ဒီလို ပေါ်ပေါက်လာဖို့အတွက် ASEM ဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျွန်မတို့ဟာ ပထဝီနိုင်ငံရေးရဲ့ကွဲပြားမှုတွေကို ကျော်လွန်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီအခြေခံသဘောထားကြောင့်လည်း ကျွန်မတို့ဟာ အင်ဒိုပစိဖိတ်ဒေသထိ လာပြီး ပါဝင်နေတာ ဖြစ်ပါတယ်”
ဒါကတော့ ဥရောပကောင်စီဥက္ကဋ္ဌ အူစလာ ဗွန် ဒန် လီရန်က မနေ့က ASEM ညီလာခံမှာ ပြောသွားတာပါ။
စစ်ကောင်စီရဲ့ပြန်ကြားရေး ဒုဝန်ကြီးနဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုနှစ် ASEM ထိပ်သီးညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မတက်ရောက်နိုင်တာဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို အဆင့်နှိမ့်ပြီး တက်ရောက်ခွင့်ပြုတဲ့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ASEM ထိပ်သီးညီလာခံ တက် ရောက်တဲ့ နိုင်ငံတွေက ထုတ်ပြန်ခဲ့ပြီး၊ စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ တိုက်တွန်းထားတာနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။
ASEM လို့ခေါ်တဲ့ ဥရောပ-အာရှ ထိပ်သီးညီလာခံဟာ ဥရောပနဲ့အာရှတိုက်က နိုင်ငံတွေ စုစည်းပြီး၊ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖို့၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတွေအတွက် အတူတကွ အဖြေရှာဖို့ ကျင်းပတဲ့ ဖိုရမ်တစ်ခုဖြစ်ပါတယ်။
၁၉၉၆ခုနှစ်မှာ ပထမဆုံး ASEM ညီလာခံစတင်စဉ်က ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၅ နိုင်ငံ၊ အာဆီယံ ၇ နိုင်ငံ၊ တရုတ်၊ ဂျပန် ကိုရီးယားနဲ့ ဥရောပ ကော်မရှင်အဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။
ဒီနေ့အချိန်မှာတော့ASEM ညီလာခံမှာ ဥရောပသမဂ္ဂ၂၈ နိုင်ငံနဲ့ အာဆီယံ ၁၀ နိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့အပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံအထိ ပါဝင်လာတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
အခုနှစ် ကျင်းပတဲ့ ASEM ထိပ်သီးညီလာခံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး နဲ့ စီးပွားရေး ကျဆင်းမှုကနေ ပြန်လည်နာလန်ထူနိုင်ဖို့ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြဖို့ အဓိကထား ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။