မြန်မာမှာ အပစ်အခတ်ရပ်စဲရေးဟာ ခက်ခဲနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်ပြော

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.03.24
မြန်မာမှာ အပစ်အခတ်ရပ်စဲရေးဟာ ခက်ခဲနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်ပြော ၂ဝ၂၂ ခုနှစ် မတ် ၂၃ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မြန်မာနိုင်ငံခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn။
Photo: RFA

အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်အတွင်း အပစ်အခတ်ရပ်စဲရေးလမ်းကြောင်း၊ ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့မြင်သွားခဲ့ရကြောင်း Nikkei Asian Review သတင်းက ဖော်ပြပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်စေတယ်ဆိုတဲ့ ဝေဖန်တာတွေကိုတော့ Prak Sokhonn က ငြင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေးကိစ္စမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကလည်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လာရောက်ခဲ့စဉ်အတွင်း အပစ်အခတ်ရပ်စဲရေး ရက်တိုးချဲ့ဖို့ ကြေညာချက်ကိုလည်း သဘောတူလက်ခံဖို့ နှစ်ဖက်လုံးက ပြင်ဆင်ထားကြပုံ မရခဲ့ကြောင်း၊ ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာအာဏာသိမ်း စစ်တပ်ကို တရားဝင် အသိအမှတ်ပြုဖို့ မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောဆိုပါတယ်။ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ နယ်စပ်ဒေသတွေမှာ ပိုမိုကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုရရှိရေး တောင်းဆိုနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကာလကြာရှည် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရ အာဏာသိမ်းခံခဲ့ရအပြီးမှာတော့ စစ်တပ်ဟာ လက်နက်ကိုင်ဆောင်လာခဲ့ကြတဲ့ ဒီမိုကရေစီအဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားလာခဲ့ပါတယ်။

000_326L448.jpg
၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: AFP)

မြန်မာ့အရေးကို မလေးရှားနဲ့အင်ဒိုနီးရှားအပါအဝင် အာဆီယံနိုင်ငံတချို့က သက်ဆိုင်ရာနိုင်ငံအားလုံးနဲ့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ တွန်းအားပေးခဲ့ကြသလို ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း အာဆီယံ ခေါင်းဆောင်တွေရဲ့ အချက်ငါးချက်ပါ သဘောတူညီမှုနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကလည်း စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အလေးပေးတိုက်တွန်းခဲ့ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ မူလသတ်မှတ်ထားတဲ့ လေးရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခဲ့ရဘဲ တခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ၁၉၈၈ စစ်အုပ်ချုပ်ရေး ဆန့်ကျင်လှုပ်ရှားသူ ဦးကိုကိုကြီး စတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် သမ္မတကတော်ဟောင်း ဒေါ်စုစုလွင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမဲ့ အချိန်ကပ်ပြီးမှ အစီအစဉ်ပျက်သွားခဲ့ပါတယ်။ ဒေါ်စုစုလွင်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက်လို့ စစ်တပ်ပြောခွင့်ရသူက ပြောဆိုပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးဖို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေပေါ် စာသင်ကျောင်းတွေနဲ့ အစိုးရဆိုင်ရာအဖွဲ့အစည်းတွေ၊ အဆောက်အဦးတွေ၊ လုပ်ငန်းယန္တရားတွေကို တိုက်ခိုက်သူတွေအဖြစ် စွပ်စွဲပြစ်တင်နေကြောင်း Nikkei Asian Review သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း စစ်အာဏာသိမ်းအပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အဲဒီအချက်တွေကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကြား အပြုသဘောဆောင် ညှိနှိုင်းဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ဦးတည်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။