အာဆီယံအစည်းအဝေးတွေမှာ NUG ကို ဖိတ်ခေါ်ဆွေးနွေးဖို့ တိုက်တွန်းမှုတွေ မြင့်တက်နေ
အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်မဖော်ဘဲ အကြမ်းဖက်မှုတွေ ပိုဆိုးလာတာကြောင့် မနက်ဖြန် အောက်တိုဘာ ၂၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ စုပေါင်းပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။
- 2022-10-26
-
-
-
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ဖြန် ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေ ဘယ်လောက် တိုးတက်မှုရှိသလဲ ဆိုတာကို သုံးသပ်ဆွေးနွေးကြလိမ့်မယ်လို့ ဒေသတွင်း နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
ဒါဟာ လာမယ့် နိုဝင်ဘာ ၁၀ ရက် အာဆီယံထိပ်သီးညီလာခံမတိုင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ချမှတ်ထားပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်ခံ သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေဟာ တစ်နှစ်ခွဲနီးပါးကြာတဲ့အထိ ဘာတစ်ခုမှ တိုးတက်မလာတဲ့အပြင် အကြမ်းဖက်မှုတွေသာ ပိုဆိုးလာတဲ့အတွက် အခုလို အထူးအစည်းအဝေး ခေါ်ယူဖို့ ဖြစ်လာတာပါ။ ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့် မရပါဘူး။
ဒီနေ့ထုတ် ဂျကာတာပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်မှာတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေအနေနဲ့ အာဆီယံကို အန်တုနေတဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ ဖိအားပေးမှုတွေလုပ်ပြီး လာမယ့် နိုဝင်ဘာလ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာ အာဏာသိမ်းဖြုတ်ချခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရ အဖွဲ့ဝင်တွေကို ဖိတ်ခေါ်ဆွေးနွေးဖို့ သတင်းစာအယ်ဒီတာဘုတ်အဖွဲ့က တိုက်တွန်းရေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီအရေးပေါ် အစည်းအဝေးဟာ မြန်မာ့အရေးကို ပိုပြီးထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေး ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်ကောင်စီကနေပြီးတော့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နဲ့ ပတ်သက်ပြီးတော့ ဘာမှလုပ်ဆောင်တာ မရှိဘူး။ အပြုသဘောဆောင်တာ မရှိဘူး။ ဘာမှတိုးတက်မှု မရှိတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်အရေးယူ ကိုင်တွယ်ရမလဲ ဆိုတာကို သူတို့အနေနဲ့ ဆွေးနွေးဖို့ အထူးအစည်းအဝေး ခေါ်တာလို့ နားလည်ပါတယ်။ နောက်လာမယ့် နိုဝင်ဘာလမှာ အာဆီယံထိပ်သီးအစည်းအဝေး ရှိပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေး ကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သဘောတူညီချက် တစ်ခုခု၊ လုပ်ကိုင်မယ့် အရေးယူဆောင်ရွက်မှု တစ်ခုခု ဖြစ်မြောက်အောင်အတွက် ဒီနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ တင်ပြဖို့အတွက် တိုင်ပင်တဲ့ အစည်းအဝေးလို့ နားလည်ပါတယ်”
မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းတာဟာ အဖြေမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို တိုက်ရိုက် ပြောဆိုဆွေးနွေးဖို့ လိုအပ်နေပြီ လို့လည်း သူက ပြောပါတယ်။
အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ စတဲ့ အရေးကြီးအချက်တွေ ပါဝင်တဲ့ အာဆီယံ ဘုံသဘောတူညီချက်ဟာ အခုချိန်ထိ အလုပ် မဖြစ်တဲ့အတွက် အာဆီယံဘက်က နည်းလမ်းသစ် ထပ်ရှာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“ ရှေ့ နှစ်နှစ် အတွေ့အကြုံအရ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို မဖြေရှင်းနိုင်ဘူး။ ဖြေရှင်းဖို့အတွက် ဆန္ဒမရှိဘူးဆိုတဲ့ သဘောမျိုး စစ်တပ်ဘက်က လုပ်ပြထားတဲ့ အခြေအနေတွေ ရှိနေတဲ့အတွက်ကြောင့် သူတို့ စစ်တပ်ကိုလည်း တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ ဝန်လေးနေတယ်ဆိုတဲ့ နိုင်ငံတချို့ရှိနေတယ်။ နောက် ဘုံသဘောတူညီချက် ငါးချက်က အလုပ် မဖြစ်တော့ဘူးဆိုတာ သေချာတယ်။ အရှုပ်အထွေးတွေ အားကုန်လုံးက အားလုံး တွေ့ဆုံ ဆွေးနွေးမှု မလုပ်နိုင်ရင် အဖြေ မထွက်နိုင်ဘူးဆိုတာကလည်း သေချာသလောက်ရှိတယ်။ ဆိုတော့ အာဆီယံရဲ့ စဉ်းစားမှုက အနောက်နိုင်ငံပဲဖြစ်ဖြစ် တရုတ်ပဲဖြစ်ဖြစ် အဲဒီလိုလွှမ်းမိုးမှုကို စွန့်ခွာပြီး ဒေသတွင်း အကျိုးစီးပွားအတွက် သေသေချာချာ စဉ်းစားနိုင်ရင် ဖြေရှင်းဖို့ ဖြစ်နိုင်စရာရှိတယ် ”
လာမယ့် အာဆီယံထိပ်သီးညီလာခံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပမှာပါ။ စစ်ကောင်စီဥက္ကဋ္ဌကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီး အဲဒီညီလာခံမှာ မြန်မာ့အရေးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့အတွက် မြန်မာ စစ်ကောင်စီရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေကို အာဆီယံ အစည်းအဝေးတွေမှာ တက်ခွင့်မပေးဘဲ ပိတ်ပင်ထားဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဆုံးဖြတ်ထားတာပါ။
"အရှုပ်အထွေးတွေ အားကုန်လုံးက အားလုံး တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်ရင် အဖြေ မထွက်နိုင်ဘူးဆိုတာကလည်း သေချာသလောက်ရှိတယ်။"
မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဂျကာတာပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်မှာ တိုက်တွန်းထားသလိုပဲ အာဆီယံအနေနဲ့ နည်းလမ်းသစ်ရှာပြီး NUG နဲ့ တိုက်ရိုက် ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် စစ်ကောင်စီရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေကို အစည်းအဝေး တွေမှာ ပါဝင်ခွင့်ပေးပြီး တိုက်ရိုက်ဆွေးနွေးဖို့ အာဆီယံအဖွဲ့ကို တိုက်တွန်းထားပါတယ်။ နိုင်ငံရေး အကဲခတ်တွေကတော့ မူလချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေ တိုးတက်မှု မရှိဘဲနဲ့ စစ်ကောင်စီကို အာဆီယံထိပ် သီးဆွေးနွေးပွဲတွေမှာ တန်းတူ ပါဝင်ခွင့်ပေးပြီး ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက အာဆီယံဟာ စစ်ကောင်စီကို ဆက်ပြီး ဖယ်ကြဉ်နေဦးမယ်ဆိုရင် မြန်မာ့အရေးက တိုးတက်လာဖို့ မရှိဘူးလို့ ပြောပါတယ်။
“ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဘယ်လောက်ဖြေရှင်းနိုင်မလဲဆိုတဲ့ ကိစ္စရပ်ဟာ သူတို့ လက်တွဲခေါ်မှာလား ဖယ်ကြဉ်ထားမှာလားဆိုတဲ့ နှစ်ခုအပေါ်မှာပဲ ကျနော်တို့ အခြေပြု စဉ်းစားရလိမ့်မယ် ထင်တယ်။ လက်တွဲခေါ်မယ်ဆိုရင် အခြေအနေတွေ တစ်မျိုးပြောင်းကောင်း ပြောင်းသွားနိုင်တယ်။ အစည်းအဝေး မတက်သင့်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့တော့ မြန်မာ့နိုင်ငံရေးမှာ ထူးခြားတဲ့အပြောင်းအလဲမျိုး အာဆီယံအနေနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မထင်ဘူး”
တစ်ဘက်မှာ စစ်ကောင်စီကလည်း NUG ကိုနေရာပေးပြီး စေ့စပ်ညှိနှိုင်းတာတွေ မလုပ်ဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
အာဆီယံအနေနဲ့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို မစွန့်လွှတ်ဘူးဆိုရင် တစ်ဘက်ဘက်နဲ့ ဆွေးနွေးတာထက် စစ်ကောင်စီနဲ့ NUG နှစ်ဖက်စလုံးကို တစ်ပြိုင်တည်း ဆွေးနွေးတာမျိုး လုပ်သင့်တယ်လို့ စင်္ကာပူအမျိုးသား တက္ကသိုလ်မှာ ပြည်သူ့ရေးရာ မဟာတန်း တက်ရောက်နေသူ ကိုကြည်စင်က အကြုံပြုပါတယ်။
“ဖြစ်သင့်တာကတော့ စေ့စပ်ညှိနှိုင်းရေးလမ်းကိုပဲ ရွေးမယ်လို့ အာဆီယံကစဉ်းစားရင် နှစ်ဖက်စလုံးနဲ့ ဆွေးနွေးတာ၊ ဆိုလိုတာက NUG ကို ချန်လှပ်ထားပြီးတော့ ဆွေးနွေးနေတာမျိုးက မလုပ်သင့်ဘူး။ ဆိုတော့ နှစ်ဖက်စလုံးနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်သင့်တယ် ”
မနက်ဖြန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဦးဆောင် ပြုလုပ်မှာပါ။ လာမယ့် နိုဝင်ဘာလ အာဆီယံ ထိပ်သီးညီလာခံမှာ NUG ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ပြုရေးကို မနက်ဖြန် အစည်းအဝေးမှာ အာဆီယံဝန်ကြီး ကိုးဦးစလုံးက သဘောတူ ဆုံးဖြတ်နိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်ချက်တွေ မြင့်တက်နေကြောင်းလည်း ဂျကာတာပိုစ်သတင်းစာ အယ်ဒီတာ့အာဘော်က ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ လ ၂၀ ကျော်အတွင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌတွေအဖြစ် ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က တာဝန်ယူခဲ့ပါတယ်။ ဒီအတောအတွင်း အာဆီယံ အထူးကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသလို မြန်မာ့အရေးကို တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။
ကမ္ဘောဒီးယားဟာ ဒီနှစ်ကုန်မှာ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပြီးဆုံးမှာဖြစ်ပြီး လာမယ့် ၂၀၂၃ ဇန်နဝါရီကစလို့ အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူရတော့မှာပါ။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ အာဆီယံဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ သာမက အဖွဲ့ဝင် တစ်နိုင်ငံချင်းအလိုက်ပါ အောင်မြင်မှုမရှိတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေထက် မြန်မာ့အရေးကို ပိုထိရောက်အောင် ဆောင်ရွက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၄၅၇ ဖွဲ့က အောက်တိုဘာ ၂၅ ရက် မနေ့က အာဆီယံ ခေါင်းဆောင်တွေထံ အိပ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုထားပါတယ်။