မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံတစ်ဖွဲ့တည်း ကြိုးပမ်းတာနဲ့ မလုံလောက်
2022.07.02

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်အောင် နည်းလမ်းတွေရှာဖွေဖို့ ကမ္ဘာအရပ်ရပ်က လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အိုင်ပီအိုင် (IPI) အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြားနာပွဲပြုလုပ်ခဲ့ပါတယ်။
ဒီကြားနာစစ်ဆေးပွဲကို ဥရောပပါလီမန် ဒု-ဥက္ကဌ ဟိုင်ဒီဟွာတာလာ၊ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန CSIS က ဒေါက်တာ လင်ဒါ အလက်ဇန်ဒရာနဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ အကျပ်အတည်းကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေကို အဆိုပြုခဲ့ကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က တရားလက်လွတ် လုပ်ဆောင်နေတဲ့အတွက် နေ့စဉ်နဲ့အမျှ သာမန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေကြရပြီး ပိုမိုဆိုးရွားလာတဲ့ အခြေအနေကို သုံးသပ်တင်ပြခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံက ကြိုးပမ်းတာတွေက အောင်မြင်မှုတချို့ ရှိခဲ့ပေမယ့် အာဆီယံ တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် အာဆီယံရဲ့ ကြိုးပမ်းမှုတစ်ခုတည်းနဲ့ မလုံလောက်တော့ဘဲ နိုင်ငံတကာက ဝင်ပါမှ ရတော့မယ်လို့ ရှုမြင်ပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်မပြုတာ အပါအဝင် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီအခြေအနေကို ဆက်ထိန်းထားပေးပါ။ ပြီးတော့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်နဲ့ တင်မကဘဲ မြန်မာပြည်သူတွေနဲ့ရော ပြည်သူတွေ တရားဝင် ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေ အားလုံးနဲ့ပါ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုပါတယ်”
မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အပြင် မြန်မာပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီက ဖိနှိပ်သတ်ဖြတ်နေတာတွေကို အရေးပေါ် အကာအကွယ်ပေးနိုင်ဖို့ အာဆီယံအပြင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာက ပူးပေါင်းလုပ်ဆောင်ကြဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းသွားပါတယ်။
“မြန်မာပြည်တွင်းမှာ စစ်တပ်က သတ်ဖြတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင် လုပ်နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတစ်ဆင့် R2P လုပ်ငန်းစဉ်တွေ စတင်ပြီး အကာအကွယ်ပေးဖို့ မြန်မာပြည်သူတွေက ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီတောင်းဆိုချက်တွေကို လုံးဝ ဖြည့်ဆည်းနိုင်ခြင်း မရှိပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းက အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဘက်က စုစည်းညီညွတ်ပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာဖို့ အပြစ်မဲ့တဲ့ အသက်တွေ ဘယ်လောက်တောင် စတေးရဦးမှာလဲလို့ မြန်မာပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။ အခုအချိန်မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဟာ ထိခိုက်လွယ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် မြန်မာအရပ်သား ပြည်သူတွေရဲ့ အသက်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့လက်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူခံရမှာ မဟုတ်ဘူးလို့ ယူဆလာတာနဲ့အမျှ ပိုအတင့်ရဲလာပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထပ်ကျူးလွန်လာပါလိမ့်မယ်”
သက်ဆိုင်ရာ လွှတ်တော်အမတ်တွေအနေနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ဆက်သွယ်ပြောဆိုပြီး ဒီမိုကရေစီအရေးနဲ့ မြန်မာပြည်သူတွေဘက်က အားပေးထောက်ခံကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးအတွက် အာဆီယံက ကြားဝင်ဆောင်ရွက်မှုတွေဟာ အကန့်အသတ်နဲ့သာ အောင်မြင်ခဲ့တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန CSIS က ဒေါက်တာ လင်ဒါ အလက်ဇန်ဒရာကလည်း ပြောပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက် ချမှတ်နိုင်ခဲ့တာ၊ စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုဖို့ သဘောတူခဲ့တာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ စလုပ်ခဲ့တာကို အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်ရေးမှာ အောင်မြင်မှုတွေအဖြစ် ဒေါက်တာ လင်ဒါ အလက်ဇန်ဒရာက ပြောဆိုသွားပါတယ်။
ရှေ့ဆက်ပြီး အာဆီယံအနေနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ပေါ်လာအောင် အားသစ်လောင်းဖို့၊ အာဆီယံနိုင်ငံအားလုံးအနေနဲ့ စစ်ကောင်စီနဲ့ တရားဝင် ထိတွေ့ဆက်ဆံမှု မလုပ်ကြဘဲ NUG၊ NUCC အပါအဝင် အခြားသက်ဆိုင်သူတွေနဲ့သာ ထိတွေ့ဆက်ဆံကြဖို့၊ မကြာခင် အင်ဒိုနီးရှားနိုင်ငံကနေ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ကာလမှာ မြန်မာနိုင်ငံအရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားဖို့ စတဲ့ အချက်သုံးချက်ကို ဆက်လုပ်ဖို့အတွက် ဒေါက်တာ အလက်ဇန်ဒရာက အကြံပြု ပြောဆိုသွားပါတယ်။