မြင်းခြံမြို့နယ် ရွာသစ်ရွာက အရပ်သား ခြောက်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ရွာသစ်ရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၁၄ ရက်မှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ အရပ်သားတွေဟာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရသလို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
-
RFA Burmese
2022-12-15 -
-
-
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသစ်ရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သား ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၁၄ ရက်မှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေ က RFA ကိုပြောပါတယ်။
သေဆုံးသူတွေက အသက် ၂၀ အရွယ် ကိုမင်းသူနဲ့ ကိုကောင်းကောင်း၊ အသက် ၃၀ အရွယ် ကိုအောင်သန်းကျော်နဲ့ ကိုဇေယျာဖြိုး၊ အသက် ၄၃ နှစ်အရွယ် ကိုအောင်နိုင်ဝင်းနဲ့ ကိုဇော်နိုင်ဝင်းတို့ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၈၈ တပ်ဖွဲ့ဝင်တွေက ရွာသစ်ရွာကို နိုဝင်ဘာလ ၂၉ ရက်မှာ ဝင်ရောက် စီးနင်းပြီးနောက် အရပ်သားခြောက်ဦးကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်ဆီးခံရပြီး ၁၆ ရက်အကြာမှာ လက်ပြန်ကြိုးတုပ်ပြီး လတ်လတ်ဆတ်ဆတ် သတ်ဖြတ် ထားတဲ့ ရုပ်အလောင်း တွေကို ပြန်တွေ့ခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အသတ်ခံရသူတွေက ဒေသခံတွေပေါ့။ အလောင်းတွေကို သာပေါင်းနဲ့ ခေါင်းကွဲနဲ့ ကြား မှာ နှစ်ယောက်၊ နွားထိုးကြီးမြို့နယ်အစပ် သင်ပြွန်းလမ်းခွဲအနီးမှာ နှစ်ယောက်၊ နွားထိုးကြီးမြို့နယ် ရွာကြီးရွာ အနောက်ဘက်မှာ နှစ်ယောက် အကုန်လုံးပေါင်း ခြောက်ယောက်ပေါ့။ လည်ပင်းကို ဓားနဲ့ ခုတ်သွားတဲ့သဘောပဲ။ လည်ချောင်းတွေပါ ပြတ်ရှသွားတာဆိုတော့လေ။ လည်ပင်းပြတ်ရှဒဏ်ရာရတာက ရွာကြီးအနောက်ဘက်နဲ့ သာပေါင်းက ဒဏ်ရာအတူတူပဲ။ ဒူးထောက်ခိုင်းပြီးတော့ လက်နောက်ပြန်ကြိုးတုပ်ပြီး မော့တဲ့အခါမှ လည်ပင်းကို ပိုင်းခုတ်သွားတဲ့ သဘောမျိုးပဲ"
ကိုအောင်သန်းကျော်နဲ့ ကိုဇေယျာဖြိုးရဲ့ ရုပ်အလောင်းတွေကို မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ် အစပ်က သင်ပြွန်းရွာနဲ့ ညောင်ပင်သာ ရွာနား တွေ့ရပြီး ရွာကြီးရွာ အနောက်ဘက်မှာ ကိုအောင်နိုင်ဝင်းနဲ့ ကိုဇော်နိုင်ဝင်းတို့ ရုပ်အလောင်းတွေကို တွေ့ရတာပါ။ ကိုကောင်းကောင်းနဲ့ ကိုမင်းသူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ မြင်းခြံမြို့နယ် ကံရွာအနောက်ဘက်မှာ ပြန်တွေ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မိသားစုက ဒီဇင်ဘာ ၁၄ ရက်၊ မနေ့က မြင်းခြံမြို့နယ် ရင်ခွဲရုံကနေ ဆူဖြူကုန်း သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေက ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံရေးလှုပ်ရှားမှုမရှိတဲ့ အရပ်သားတွေဖြစ်တယ်လို့ ရွာသစ်ရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကိုအောင်နိုင်ဝင်းက ကလေးနှစ်ယောက် ရှိတယ်။ အသက် ၄၃ နှစ်၊ ကိုဇော်နိုင်ဝင်းက ကလေးတစ်ယောက် အဖေ၊ အသက်က ၄၃ နှစ်ပါ၊။ သူတို့နှစ်ယောက်က ဆွေမျိုး တော်တာတော့ မရှိဘူး။ တစ်ရွာတည်းနေသူတွေပေါ့။ ကိုအောင်နိုင်ဝင်းက မန္တလေး ဘက်က ရွာသစ်သူနဲ့ အိမ်ထောင်ကျပြီး သူ့မိန်းမနောက်ကို လိုက်လာပြီးတော့ ယောက္ခမတွေနဲ့ တောင်ယာလုပ်ငန်း လုပ်တယ်။ စစ်ကောင်စီတွေက ဝင်လာပြီးတော့ ကိုအောင်နိုင်ဝင်းရယ်၊ ကိုဇော်နိုင်ဝင်းရယ် စုစုပေါင်း ခြောက်ယောက်ကို ဖမ်းဆီး သွားတယ်။ ကိုအောင်နိုင်ဝင်းနဲ့ ကိုဇော်နိုင်ဝင်းဆိုတာ ဘာနိုင်ငံရေးမှ လုပ်တဲ့သူတွေ မဟုတ်ဘူး။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းမှမပါဘူး။ ကြံ့ခိုင်ရေးရော၊ NLD ရော ဘယ်ပါတီမှ မပါဘူး။ အဲဒါကို မြင်းခြံပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး သတ်ဖြတ်တာပေါ့"
ရွာသစ်ရွာက ဒေသခံခြောက်ဦး ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပါဘူး။ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFAက ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံ မဖြေဆိုပါဘူး။
"တကယ်တမ်းကျတော့ လက်နက်ကိုင်တဲ့သူကို သူတို့ မတိုက်နိုင်တော့ လက်နက်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တော့ ပြည်သူတွေက မြေစာပင် ဖြစ်ရတာပေါ့"
စစ်ကောင်စီဟာ အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး အကြောက်တရားနဲ့ နယ်မြေစိုးမိုးရေး လုပ်ဖို့ ကြိုးပမ်းနေတာလို့ မြင်းခြံမြို့နယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးက ပြောပါတယ်။
"သူတို့စခန်းတွေ ကျဆုံးတာ။ သူတို့ရဲ့ သတင်းပေးတွေ၊ ဒလန်တွေ အသတ်ခံရတဲ့ အခါမှာ သူတို့အထိနာပြီဆိုရင် ဒီလက်နက်ကိုင် ကာကွယ်ရေးတပ်တွေကို မနိုင်တဲ့အခါ ကျတော့ လက်နက်မဲ့ ပြည်သူတွေကို မဲတယ်။ NLD ကို ထောက်ခံသူ၊ အားပေးတဲ့သူ၊ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စွဲပြီး လက်နက်ရှိတဲ့ မြင်းခြံတပ်နဲ့ သီတာယုမွန်သွေးသောက်အဖွဲ့က ပြည်သူ့ကို အကြောက်တစ်ရားနဲ့ ဖိနှိပ်တာပေါ့။ တကယ်တမ်းကျတော့ လက်နက်ကိုင်တဲ့သူကို သူတို့ မတိုက်နိုင်တော့ လက်နက်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တော့ ပြည်သူတွေက မြေစာပင် ဖြစ်ရတာပေါ့"
စစ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းတာနဲ့ ဖမ်းဆီး နှိပ်စက်တာတွေကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူ ၂,၅၈၉ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။