မြဝတီမင်းကြီးဆရာတော်ကို အရေးယူဖို့ တပ်မတော်တိုင်ကြား
တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က မြဝတီမင်းကြီးဆရာတော် အရှင်အရိယာဝံသာဘိဝံသကို အရေးယူပေးဖို့ တပ်မတော်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။
-
2019-09-11 -
-
-
Your browser doesn’t support HTML5 audio
မဘသအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က အလှူငွေ လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ မြဝတီမင်းကြီးဆရာတော် အရှင်အရိယာဝံသာဘိဝံသကို အရေးယူပေးဖို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ တိုင်ကြားထားတာဖြစ်ပါတယ်။
မြဝတီမင်းကြီးဆရာတော်က ခေတ်သစ်မီဒီယာကို ဖြေကြားချက်မှာ တပ်မတော်ကို ဝေဖန်ထားတာကြောင့် ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားကြောင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး စိုးကြည်ခင် က RFA ကို အတည်ပြုပြောဆိုပါတယ်။
"ခေတ်သစ်မီဒီယာမှာ မြဝတီမင်းကြီးက ပြောဆိုထားတဲ့ကိစ္စကို ပုဒ်မ ၅၀၀ နဲ့ ၅၀၅ ပုဒ်မ နှစ်ခုနဲ့ သွားဖွင့်တာတော့ သိလိုက်တယ်၊ ဥပဒေအတိုင်းပဲ ဖြစ်မှာပါ၊ ဥပဒေနည်းလမ်းအတိုင်းသွားနေတာလေ"
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကို တပ်မတော်က အလှူငွေသိန်း ၃၀၀ လှူဒါန်းမှုအပေါ် မြဝတီမင်းကြီး ဆရာတော်နှင့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)တို့က ပြင်းပြင်းထန်ထန်ဝေဖန်ဆိုပြီး ခေတ်သစ်မီဒီယာက ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြခဲ့တာကြောင့် မြဝတီမင်းကြီးဆရာတော်ကို တပ်မတော်က အမှုဖွင့်ထားတာဖြစ်ပါတယ်။
မြဝတီမင်းကြီးဆရာတော်ရဲ့ မိန့်ကြားချက်တွေထဲမှာ မဘသအဖွဲ့ဟာ ဒီမိုကရေစီလမ်းကြောင်းကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုက ငွေကြေးထောက်ပံ့မှုတွေ အများကြီးရရှိနေတဲ့ ဝိနည်းတော်နဲ့ မညီတဲ့ အုပ်စုလို့ ပြောချင်ကြောင်းနဲ့ ဝိနည်းတော်အရ အုပ်ချုပ်သူနဲ့ ရောရောထွေးထွေး မနေသင့်ကြောင်းပါဝင်ပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ သမိုင်းမကောင်းတဲ့အပြင် ပြည်သူထဲက ဖြစ်လာတာမဟုတ်ကြောင်းနဲ့ သမ္မတအမိန့်ကို မနာခံသလို လက်နက်တစ်ခုတည်းနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်နေကြောင်းစတာတွေကို မြဝတီမင်းကြီး ဆရာတော်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။
တပ်မတော်က တိုင်ကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် မနေ့ညနေက ကျောင်းတိုက်မှာ လာရောက် စစ်ချက်ယူသွားကြောင်း မြဝတီမင်းကြီးဆရာတော်က မိန့်ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းကို ဆက်သွယ်ရာမှာတော့ စစ်ဆေးနေဆဲဖြစ်တာကြောင့် တစ်စုံတစ်ရာပြောဆိုလို့ မရကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"မနေ့က စခန်းက စခန်းမှူးတော့ သွားတယ်ခင်ဗျ၊ အဲဒါပဲ ကျွန်တော်သိတယ်၊ အသေးစိတ်တော့ မသိသေးဘူး၊ စခန်းမှူးပဲ သိမှာမို့လို့ပါဗျ"
မြဝတီမင်းကြီးဆရာတော် အရှင်အရိယာဝံသာဘိဝံသက ဓမ္မထွန်းကားရေးအတွက် ဝေဖန်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ကြောင်း RFA ကို မိန့်ကြားပါတယ်။
"တရားရုံးက တရားလိုဘက်လည်းမေး၊ ဘုန်းကြီးဘက်လည်းမေးပြီးတော့ တရားစွဲသင့်၊ မစွဲသင့်၊ လက်ခံသင့်၊ လက်မခံသင့်ကိုတော့ ပြီးမှသူတို့ဆုံးဖြတ်မှာ၊ ဘုန်းကြီးရဲ့ အတ္ထုပ္ပတ္တိလည်းယူသွားတယ်၊ ပြောတာတွေနဲ့ ပတ်သက်ပြီး ဘုန်းကြီးရဲ့ တုံ့ပြန်ချက်တွေကိုရေးတယ်၊ ဒါက ဓမ္မဘောင်အတွင်းကနေ ပြောတဲ့စကားတွေကြီးပဲလို့ ဓမ္မထွန်းကားရေး၊ အဓမ္မကွယ်ပျောက်ရေး ဒါကျုပ်တို့ရဲ့ အလုပ်ပဲလို့ အဲအတိုင်းပဲပြောလိုက်တယ်လေ၊ သူတို့ဂုဏ်မရှိလို့ကို ပြောဆိုနေရတာပေါ့၊ ဂုဏ်ရှိရင် ဘာလို့ပြောမှာလည်း"
တပ်မတော်ကို ဝေဖန်တာကြောင့် အရေးယူခံတာတွေရှိနေတဲ့အပေါ် ဆရာတော် မင်းသုညက အခုလို မိန့်ကြားပါတယ်။
"ဝေဖန်ထောက်ပြတာကို အပြုသဘောအရ လက်ခံယုံကြည်တဲ့ သာသနာမှာ ထောက်ပြတာ၊ ဝေဖန်တာပဲ၊ စစ်ဗိုလ်ချုပ်ကြီးတွေကလည်း ဗုဒ္ဓဘာသာတွေဖြစ်တယ်၊ ဒီလို အင်မတန်မှ လေးစားဖို့ကောင်းတဲ့ ဆရာတော်ကြီး ရဲ့ ပြောဆိုထောက်ပြတာကိုမှ လက်မခံဘူးဆိုရင် ပြည်သူလူထုကနေ ကြာရင် ပိုပြီးတော့ရွံမုန်းစရာဖြစ်ရင် ဦးဇင်းတို့ စစ်တပ်နဲ့ ပြည်သူကြားထဲမှာ ပိုပြီးတော့ ဝိဝါဒတွေ အမုန်းတရားတွေ ကွဲလာနိုင်စရာတွေ တွေ့နေရ တယ်ပေါ့၊ ဒါကြောင့်မို့ တပ်မတော်ရဲ့ အကြီးအကဲတွေ အနေနဲ့ကလည်း သေသေချာချာပြန်လည်စိစစ်ပြီးတော့ ဓမ္မနည်းအတိုင်းသွားတာ အကောင်းဆုံးပါပဲ"
မြဝတီမင်းကြီးဆရာတော်ဟာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင် ရွက်နေတဲ့ ဆရာတော်ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ နဲ့ ပုဒ်မ ၅၀၅ တို့ဟာ တစ်ခုချင်းစီအတွက် အများဆုံး ထောင်ဒဏ် ၂ နှစ်အထိကျ ခံရနိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။
တပ်မတော်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ခဲ့တဲ့ မန္တလေးမြို့ မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတကိုလည်း ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ပြည်ကြီးတံခွန် မြို့နယ် တရားရုံးမှာ စက်တင်ဘာလ ၅ ရက်နေ့က ဒုတိယအကြိမ် အမှုဖွင့်ထားပါတယ်။
ဆရာတော် ဦးစိန္တိတကို ပထမအကြိမ်အမှုဖွင့်ခဲ့ချိန်က ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မပါရှိတာ၊ ရဲစခန်းတိုင်ချက် မပါဝင်တာတွေကြောင့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက အမှုကို ပယ်ချခဲ့ပါတယ်။
အလားတူ ဘဝအလင်းဆရာတော် ဦးသောဘိတကိုလည်း တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ အမရပူရမြို့နယ် တရားရုံးမှာ တရားစွဲဆိုတာတွေရှိခဲ့ပြီး တရားရုံးက အမှုကို ပယ်ချခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြသည်)