ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့

RFA Burmese
2024.10.30
ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်းကစပြီး မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရတာတွေ ပိုများလာတယ်လို့ ဒေသခံတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

RFA ရဲ့စာရင်းအရ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ တစ်လကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂၆ ဦး သေဆုံးခဲ့ပြီး ၂၇၀ ကျော် ဒဏ်ရာရထားပါတယ်။

စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းက စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ဆယ်ဦးခန့် သေဆုံးခဲ့တယ်လို့ ကောလင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ငြိမ်းချမ်းရေးခေါ်ပြီးနောက်ပေါ့နော်၊ စက်တင်ဘာ ၂၉ ရက်နေ့ ကောလင်းအနောက်ခြမ်း ရွာသစ်ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ ၁၅ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ အဲဒါရဲ့နောက်ရက် ဥက္ကံရွာကို ဂျက်ဖိုက်တာနဲ့ပဲ လေးလုံးကြဲသွားတယ်၊ ခုနစ်ဦး သေဆုံးသွားတယ်။ သူတို့ ဒီမြေပြင်မှာက ဘယ်လိုမှ မနိုင်တော့ဘူးလေ။ အဲဒါကြောင့် သူတို့ကို မထောက်ခံတဲ့ရွာတွေကို အကြောက်တရား ရိုက်သွင်းတယ်လို့ပဲ ကျွန်တော်ကတော့ ထင်တယ်ပေါ့"

အောက်တိုဘာလ ၈ ရက်နေ့ကလည်း ကောလင်းမြို့နယ် ကုက္ကိုလ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လေကြောင်းရန်ကို မကာကွယ်နိုင်လို့ ဒေသခံတွေ ထိခိုက်သေဆုံးနေရဆဲပဲလို့ ပြောပါတယ်။

"ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပေါ့နော်၊ ကျွန်မတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ အန္တရာယ်တွေ အများကြီး ရှိပါတယ်။ စိန်ခေါ်မှု အခက်အခဲတွေလည်း အများကြီးပါ။ ကျွန်မတို့လည်း လေကြောင်းကို ကာကွယ်နိုင်တဲ့အဆင့်ထိတော့ မရှိသေးတော့လေနော်။ နောက်တစ်ချက်က စစ်ကောင်စီက လေကြောင်းကို သုံးပြီးတော့မှ ကျွန်မတို့ကို တိုက်ခိုက်တာထက် အရပ်သားတွေ အများကြီးတည်ရှိရာ ဒေသတွေကိုပဲ ရွေးပြီးတော့ ပစ်မှတ်ထားတဲ့အတွက် အရပ်သားတွေ သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်စေပါတယ်"


ဆက်နွှယ်သောသတင်းများ

တိုင်းရင်းသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီဖိတ်ခေါ်

စစ်ကောင်စီ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်

မြန်မာ့ပြည်တွင်းစစ်နဲ့ ဖက်ဒရယ်အနာဂတ်


ဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် သတိထား သွားလာနေရတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"အသက်အန္တရာယ်ကတော့ နေ့စဉ်လိုလိုပဲ။ ကိုယ့်အသက်ကိုကိုယ် မပိုင်သလို ခံစားရတာပေါ့နော်။ ကျွန်တော်တို့ အချိန်မတန်ဘဲနဲ့ ဘယ်သူမဆို ကြွေလွင့်သွားနိုင်တယ်ဆိုတာ ခံစားမိတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း အမြဲတမ်း သတိထားသွားလာနေရတယ်။ လေယာဉ်သံနဲ့တူတဲ့ အသံကြားရင်တောင် ကျွန်တော်တို့ စိတ်ခံစားချက်က လုံးဝကို မကောင်းဘူးပေါ့နော်။ အဲဒီလိုတော့ ခံစားနေရပါတယ်၊ ရှမ်းမြောက်က ပြည်သူတွေက"

ရခိုင်ပြည်နယ်ဘက်မှာဆိုရင်လည်း အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မြို့တွေအပြင် တိုက်ပွဲပြင်းထန်နေတဲ့မြို့တွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ တစ်လတည်းမှာတင် ဒေသခံ ၉၃ ဦး သေဆုံးပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမှာ အယောက်ငါးဆယ်၊ ပေါက်တောမှာ အယောက်နှစ်ဆယ်၊ သံတွဲမှာ ၁၆ ဦး၊ ဂွ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ နှစ်ဦးစီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ လေးမိုင် နခခ-၂ စခန်း ဗုံးကြဲခံရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် AA မှ ထုတ်ပြန်ထားစဉ်။ (Screenshot: AA Info Desk - Telegram Video)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ လေးမိုင် နခခ-၂ စခန်း ဗုံးကြဲခံရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် AA မှ ထုတ်ပြန်ထားစဉ်။ (Screenshot: AA Info Desk - Telegram Video)

အမည်မဖော်လိုတဲ့ ရခိုင်ဒေသခံတစ်ဦးက စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ RFA ကိုပြောပါတယ်။

"ဒီစစ်တပ်ဘက်ကပေါ့နော်၊ အခုနောက်ပိုင်း ရခိုင်ပြည်မှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ အရပ်သားတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပြုလုပ်လာတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာတော့ အကြမ်းဖက်လုပ်ရပ်တွေကို အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ချက်နဲ့ ဆက်တိုက်လုပ်နေတယ်လို့ပဲ မြင်တယ်"

ချင်းပြည်နယ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုဟာ အမြင့်ဆုံးကိုရောက်နေတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ နိုင်ငံရေးနဲ့သုတေသနအကြံပေး ကိုမိုးထက်နေက RFA ကိုပြောပါတယ်။

"၁၀၂၇ နောက်ပိုင်းမှာက စစ်တပ်ကပိုပြီးတော့ ဆိုးဆိုးရွားရွား ပြုမူလာတာကိုတွေ့ရတယ်။ သူတို့ လက်လွှတ်လိုက်ရတဲ့မြို့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ့ရတယ်။ အဲဒါကြောင့် လူထုအနေနဲ့တော့ စစ်ကောင်စီရဲ့ လူထုကိုပစ်မှတ်ထားတာကို ပုန်းရှောင်ဖို့ဆိုတဲ့နေရာကတော့ မရှိသလောက်ကို ဖြစ်နေပြီလို့ ပြောချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင် လူထုရဲ့ အသက်အိုးအိမ် ဆုံးရှုံးနိုင်မှုက အမြင့်ဆုံး အနေအထားမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်"

"၁၀၂၇ နောက်ပိုင်းမှာက စစ်တပ်ကပိုပြီးတော့ ဆိုးဆိုးရွားရွား ပြုမူလာတာကိုတွေ့ရတယ်။ သူတို့ လက်လွှတ်လိုက်ရတဲ့မြို့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ့ရတယ်"

စစ်ကောင်စီထံ လေယာဉ်ဆီမရောင်းချဖို့ နိုင်ငံတကာကို တောင်းဆိုနေတဲ့ကြားထဲကပဲ တစ်နှစ်ထက်တစ်နှစ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေများလာတယ်လို့ ဒေသခံတွေ ပြောဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ညဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါးရှိခဲ့ပြီး အရပ်သား ၄၅၅ ဦး သေဆုံးခဲ့သလို ၈၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အအပြင် ဘာသာရေးအဆောက်အအုံ ၆၁ ခု၊ စာသင်ကျောင်း ၂၈ ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်း ၁၆ ခုပါ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ညဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာတွေအရ အဏာသိမ်းသုံးနှစ်ကျော်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၁၇၄၉ ဦးနဲ့ ဒဏ်ရာရသူ ၂၄၅၃ ဦးရှိခဲ့ပါတယ်။

အဲဒီအထဲ ၂၀၂၁ ခုနှစ်မှာ ၆၃ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၆၀ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၆၁၃ ဦးနဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လအထိ ၈၁၃ ဦး သေဆုံးခဲ့တာလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။