အစိုးရနဲ့ တပ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကုလကို AA တိုက်တွန်း

ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ အရေးယူပေးဖို့ ရခိုင့်တပ်တော် AA က ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေကို အောက်တိုဘာ ၂၂ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM မှာတွေ့ရစဉ်

၂၀၁၁ ခုနှစ် ဇန်နဝါရီလကစလို့ ရခိုင့်တပ်တော် AA အပေါ် တပ်မတော်ရဲ့ထိုးစစ်တွေ စတင်ခဲ့ပြီး မြန်မာအစိုးရ အရာရှိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းရင်းသားဒေသတွေက အရပ် သားတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားမဝင်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်ဖမ်းဆီးမှုတွေနဲ့ အရပ်သားတွေ ကို လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိခဲ့တဲ့အတွက် ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေအထွေညီလာခံအစည်းအဝေး ကျင်းပတဲ့နေ့မှာပဲ ရခိုင့်တပ်တော် AA က ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။

တပ်မတော်ဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ AA က စွပ်စွဲထားပါတယ်။

အဲဒီစစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိအောင် တပ်မတော်ကို တရားစွဲဆိုပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံတာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

"ရွာသားတွေကို ဖမ်းဆီးတာကအစ စစ်ဆေးတာကအစ အဲဒီ ဥပဒေကြောင်းအရ တကယ့် တရားနည်းတကျလုပ်တာ ဘာမှ မရှိဘူး၊ တချို့ဆိုလို့ရှိရင် ဖမ်းဆီးတဲ့အချိန်မှာ လက်လွန်ပြီးတော့ သေသွားတဲ့သူတွေလည်း အခုဆိုရင် မနည်းတော့ဘူး၊ ၂၀ ဝန်း ကျင်လောက်ရှိသွားပြီ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေလည်း သူတို့ ဒါတောက်လျှောက်လုပ်နေတယ်၊ အရပ်ဖက်ပစ်မှတ်တွေကို ဦးတည်တာ၊ ဒါဟာဆိုရင်တော့ ဂျီနီဗာကွန်ဗန်းရှင်းကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်သလို ဒါဟာ လူသားတွေကို ပြစ်မှု ကျူးလွန်တာပဲ၊ လူတွေကို သူ့နေရာကနေ သက်သက်မဲ့မောင်း ထုတ်နေတာ၊ နောက်ပြီးလို့ရှိရင် နောက်တစ်ခုရှိတာက ဒီလို၊ အဲလိုလက်နက်ကြီးနဲ့ ပစ်လို့ ရွာသားတွေပြေးသွားပြီဆိုတာနဲ့ သူတို့ကရွာသားတွေပိုင်တဲ့ ပစ္စည်းတွေကို ရသမျှခိုးယူတာ၊ နွားတွေ ကျွဲတွေကိုလည်း ရွာသားတွေမရှိတဲ့အခိုက် အကုန်လုံးခိုးယူသတ် စားနေတာ၊ ဒီဟာတွေဟာ မြေလှန်စနစ်ကျင့် သုံးနေတာဆိုတော့ အဲတာကြောင့်မလို့ ကျွန်တော်တို့ကနေပြီးတော့ ဒီဟာတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်း ကနေပြီးတော့ ဝိုင်းဝန်းတားဆီးပေးကြဖို့ လိုတယ်ဆိုတာကို ဒါနိုင်ငံတကာကို မေတ္တာရပ်ခံတာဖြစ်တယ်၊ နိုင်ငံတကာက အရေးမယူဘူးဆိုရင် မြန်မာစစ်တပ်ဟာ နောက်ထပ်လည်းပဲလုပ်နေဦးမှာပဲ"

မြန်မာအစိုးရနဲ့ တပ်မတော်ဟာ လှည့်စားမှုတွေ၊ လှုံ့ဆော်မှုတွေနဲ့ မမှန်ကန်တဲ့ သတင်းအချက်အလက်အတုတွေ ကိုဖြန့်ဝေပြီး ရခိုင့်တပ်တော်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေအပေါ် ထောက်ခံမှုတွေကျဆင်းအောင် လုပ်ဆောင်နေတဲ့ အပြင် ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် ဖြတ် လေးဖြတ်စနစ်နဲ့ တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

AA ကြေညာချက်ပါအချက်တွေဟာ စွပ်စွဲချက်တွေသာဖြစ်လို့ ထူးပြီး ချေပစရာမရှိဘူးလို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

"စစ်ရာဇဝတ်မှုမြောက်နိုင်တယ် မမြောက်နိုင်ဘူးဆိုတာ လုပ်တဲ့သူ အပေါ် လုပ်တဲ့သူတွေက ပိုသိပါတယ်ဗျ၊ ဒီစွပ်စွဲချက်တွေဟာ အမြဲ တမ်းစွပ်စွဲနေတဲ့ စွပ်စွဲချက်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ထူးပြီးတော့ချေပစရာမရှိပါဘူး၊ အဲမှာရှိနေတဲ့ အခုလောလောဆယ် တင်ပဲ မီးသတ်တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတာတွေ၊ စစ်မှု ထမ်းဟောင်းတွေ သတ်ဖြတ်သွားတာတွေ၊ နေ့ခင်ကြောင်တော င်သတ်ဖြတ်သွားတာတွေက အေအေလုပ်နေတဲ့လုပ်ရပ်တွေက စစ်ရာဇဝတ်မှုမဟုတ်လို့ ဘာတွေလည်း၊ တပ်မတော်ကတော့ အင်အားအချိုးညီစွာ အသုံးပြုခြင်းဆိုတဲ့ဟာတွေ၊ ရွာနားလေးမှာ တိုက်ပွဲရှောင်ရှားတာတွေကို အမြဲတမ်းလိုက်နာဆောင်ရွက်လျက် ရှိပါတယ်၊  အဓိကကတော့ ရခိုင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ပြဿ နာတွေ မတည်ငြိမ်မှုတွေ တရားဥပဒေ စိုးမိုးမှု လျော့နည်းနေ တာတွေရဲ့ နံပါတ်တစ်တရားခံက အေအေ ပဲဗျ"

တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ဘာမှဖြတ်တောက်ထားတာမရှိဘဲ ကူညီကယ်ဆယ်ရေးတွေ အမြဲလုပ်ပေးနေ တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

AA ရဲ့ ကြေညာချက်အပေါ် လက်မခံသူတွေလည်း ရှိပါတယ်။

နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက AA ရဲ့ထုတ်ပြန်ချက်ဟာ နိုင်ငံရေးဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်အတွက် သက်ရောက်မှုရှိနိုင်လို့ ကိုယ့်ပြည်တွင်းပြဿနာကို ကိုယ့်ဘာသာပဲ ဖြေရှင်းသင့်တယ်လို့ သုံးသပ် ပါတယ်။

"အင်းသက်ရောက်မှုရှိနိုင်တာပေါ့၊ ဒီလိုထုတ်ပြန်တဲ့အတွက်ကြောင့် အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းကတော့ ကြိုက်မှာတော့ မဟုတ်ပါဘူး၊ ကောင်းတာကတော့ ကိုယ့်ပြည်တွင်းပြဿနာကို ကိုယ့်ဘာသာရှင်းတာ အကောင်းဆုံးပါပဲ၊ ရခိုင်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ စစ်ရာဇဝတ်မှုကျုးလွန်တယ် မကျူးလွန်ဘူး ဆိုတာတော့ အပြန်အလှန်စွပ်စွဲမှုတွေရှိတာပေါ့၊ ကျွန်တော်တို့ကျတော့ တကယ်တမ်းစစ်ရာဇဝတ်မှုမြောက် သလား မမြောက်သလား ပြောဖို့ခက်ပါတယ်၊ ဒါပေမဲ့ စစ်မြေပြင်မှာတော့ တိုက်ပွဲတွေက ပြင်းထန်လာပြီ ဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲမှုရှိမယ်ဆိုတာတော့ အမှန်ပါပဲ"

AA ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းကို သူတို့အနေနဲ့ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီကလည်း ရခိုင်ပြည်နယ် မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့တိုက်ပွဲတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ တနင်္လာနေ့ကပြုလုပ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေအထွေညီလာခံ အစည်းအဝေးရဲ့ အစီရင်ခံစာမှာ တင်သွင်းခဲ့ပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ တပ်မတော်ကို အကာအကွယ်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတကာက စစ်ဆေးတဲ့အခါ အမှုတွဲအနေနဲ့ ထည့်သွင်းသင့်တယ်လို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

"အခုဒေါ်စု အစိုးရလက်ထက်မှာ သူတို့လုပ်နိုင်တဲ့ဟာက ကျွန်တော်တို့တွေ့တာ နှစ်ခုပဲရှိတယ်၊ တစ်ခုက အဲဒီစစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ဗမာစစ်တပ်ကို သူတို့အသေအလဲ အကာအကွယ်ပေးတယ်၊ နောက်တစ်ခုက ပြည်သူတွေကို မတရားပုဒ်မတွေတပ်ပြီးတော့ ဖမ်းဆီးထောင်ချတာတွေလုပ်တယ်ဆိုတော့ အဲလိုမျိုးတွေလုပ်တာ က အခုပြောနေတဲ့ပြုပြင်ပြောင်းလဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြန်ပြီးတော့ ရင်ကြားစေ့ရေးတွေ အတွက် ဒါတော်တော်လေး အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်တယ်၊ စစ်ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဗမာစစ်တပ်က စစ်ခေါင်းဆောင်တွေကို သူတို့အကာအကွယ်ပေးလို့ရှိရင် သူတို့လည်းပဲ စစ်ရာဇဝတ်မှုကျုးလွန်တဲ့အထဲမှာ ဒါအမှုတွဲအနေနဲ့ ပါကိုပါသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်ခိုင်းလို့တိုက်ရပါတယ်လို့ သမ္မတရုံးက ပြောပြီးတဲ့နောက်ပိုင်း အခုကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအားလုံးဟာ ဒါဒေါ်အောင်ဆန်းစုကြည်မှာလည်းပဲ တာဝန်ရှိတယ်၊ ဒီစစ်ရာဇဝတ်မှုကျုးလွန်ရာမှာ သူလည်းပဲ ပူးပေါင်းပါဝင်တာပဲ၊ သူအမိန့်ပေးလို့ ဟိုကတိုက်တာ၊ ဒီစစ်ရာဇဝတ်မှုကျူးလွန်တဲ့ဟာ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်မှာလည်း တာဝန်ရှိတယ်၊ အဲတာကြောင့် နိုင်ငံတကာကနေပြီးတော့ ဒီစစ်ရာဇဝတ်မှုကို စစ်ဆေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်ပြီးတော့ ဒါအမှုတွဲအနေနဲ့ပါသင့်တယ်လို့ ကျွန်တော်တို့ကတော့ အဲလိုပဲမြင်တယ်"

AA ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို RFA က ဆက်သွယ်ပေမယ့် ဒီကနေ့ညနေပိုင်းအထိ ဖုန်းလက် ခံဖြေကြားတာမရှိပါဘူး။

စစ်ခေါင်းဆောင်တွေကို  အကာအကွယ်ပေးလို့ရှိရင် သူတို့လည်းပဲ စစ်ရာဇဝတ်မှုကျုးလွန်တဲ့အထဲမှာ အမှုတွဲအနေနဲ့  ပါကိုပါသင့်တယ်၊

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၀၀၀၀ ကျော်ရှိနေပေမယ့် မြန်မာအစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လျစ်လျူ ရှုထားသလို ကူညီကယ်ဆယ်ရေးတွေကိုလည်း ငြင်းပယ် ခဲ့တယ်လို့ AA ရဲ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးမယ့်အပေါ် ငြင်းပယ်ခံထားရတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အစိုးရအနေနဲ့ ဖြေရှင်းပေးသင့်တယ်လို့ နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က ဆိုပါတယ်။

"အဓိကကတော့ ရခိုင်မှာ အခုစစ်ဘေးရှောင်ဒုက္ခသည် ၇၀၀၀၀ လောက်ရှိပြီ၊ ဒီဒုက္ခသည်တွေ အကူအညီပေးဖို့နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် တခြားဘက်ကနေ လာရောက်အကူအညီပေးတာတွေနဲ့ ပတ်သက်လို့ ဟန့်တားတာတွေ ပိတ်ဆို့တာတွေရှိသလို အစိုးရအနေနဲ့ ကောင်းကောင်းမကူညီဘူးဆိုတဲ့ စွပ်စွဲချက်တွေရှိနေတယ်ဗျ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းပေးဖို့ လိုအပ်မယ်လို့ ထင်ပါတယ်"

ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးကာလမှာ တပ်မတော်နဲ့ AA နှစ်ဘက်စလုံးက စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖဲ့ွ AI က ပြီးခဲ့တဲ့ မေလအတွင်း ထုတ်ပြန် တဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအစီရင်ခံစာအပေါ်မှာတော့  AA နဲ့ တပ်မတော်က အထောက်အထားမဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာ့တပ်မတော်က ဦးစီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် တာဝန်ရှိတဲ့ တပ်မတော်ခေါင်းဆောင်တွေကို သီးခြားဖယ်ထုတ် အရေးယူပိတ်ဆို့ဖို့နဲ့ လုံခြုံရေးကောင်စီ ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပေးပြီး အရေး ယူဖြေရှင်းဖို့ ဒါမှမဟုတ် အရေးယူနိုင်မယ့် နိုင်ငံတကာခုံရုံး တစ်ခုတည်ထောင်ပေးဖို့ မစ္စယန်ဟီးလီက မနေ့က တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့စုံစမ်းရေးမစ်ရှင်အဖွဲ့ FFM ဥက္ကဋ္ဌ မာဇူးကီ ဒါရုစ်မန်းကလည်း တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ကူညီပံ့ပိုးပေးနေတယ် ဆိုတဲ့စုံစမ်းမှုတွေရရှိထားတဲ့အတွက် တပ်မတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org