စစ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရား AA အသက်သွင်းဖို့ ကြိုးပမ်း

ရခိုင့်တပ်တော် AA က စားနပ်ရိက္ခာသယ်ယူမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေး ထောက်ခံချက်ရယူကြဖို့ ထုတ်ပြန် ထားပါတယ်။ တနည်းအားဖြင့် ဒီကြိုးပမ်းမှုဟာ လူထုအခြေပြု အုပ်ချုပ်ရေးယန္တရားကို စတင်အကောင်အထည်ဖော် နေတာလို့ သုံးသပ်နေကြပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့ကနေ ချင်းပြည်နယ်စပ် ပလက်ဝမြို့ကို စားနပ် ရိက္ခာတွေ သယ်မယ်ဆိုရင် ရပ်ကျေးဥက္ကဋ္ဌ တွေရဲ့ထောက်ခံစာရယူကြဖို့ ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနေ့တုန်းက ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ကို တချို့က AA ဟာ လူထုအခြေပြု အုပ်ချုပ်ယန္တရားကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စတင် အသက်သွင်းနေတာလို့ ယူဆကြပါတယ်။ ရခိုင့်တပ်တော်က စစ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားကို စတင်ဆောင်ရွက် တယ်လို့ နားလည်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျုအဖွဲ့ ISP-Myanmar  ရဲ့ ပြင်ပ ဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။

ရခိုင့်တပ်တော် AA က ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းတော့မယ်လို့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ တုန်းက ထုတ်ပြန် ထားဖူးပါတယ်။ ဒါပေမဲ့ တိကျရေရာတဲ့ ရှင်းလင်းချက်မျိုးနဲ့ ဘယ်လိုလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မယ်လို့ လူသိရှင်ကြားထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

AA ရဲ့ လှုပ်ရှားနေရာမှာ အုပ်ချုပ်ရေးယန္တရား ထူထောင်တာ လက်ခံနိုင်ပေမယ့်၊ ချင်းမျိုးနွယ်စုအများစုနေထိုင်ရာ ပလက်ဝမြို့နယ်ကိုလည်း အလားတူအသက်သွင်းမှာကိုတော့ လက်ခံနိုင်စရာမရှိဘူးလို့  ချင်းပြည်နယ် စည်ပင် သာယာဝန်ကြီးဟောင်း ဆလိုင်း အိုင်းဇက်ခင် က ပြောပါတယ်။

ရခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကတော့ လူထုအဆင်မပြေဖြစ်နေတာကို အဆင်ပြေအောင် AA ဘက်က တာဝန်ယူဆောင်ရွက်ပေးရတာလို့ပဲ ဖြေပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်ဟာ ခူမီးမျိုးနွယ်စုမျာရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ တိုက်တွန်းချက်နောက်ပိုင်းထွက်ပေါ်လာခဲ့တာပါ။ တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်လူထုတွေ စားနပ်ရိက္ခာတွေ ပြတ်တောက်နေတာကြောင့် ကူညီပေးဖို့ ခူမီးမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက အဲဒီ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားတာပါ။

AA ကြိုးပမ်းချက်နဲ့ပတ်သက်ပြီး RFA က တပ်မတော်ရဲ့ မှတ်ချက်ရယူဖို့ ဒီကနေ့ ဆက်သွယ်ပေမယ့်မရခဲ့ပါဘူး။

ကုလားတန်မြစ်တလျှောက် တပ်မတော်နဲ့ AA တို့ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ကျောက်တော်-ပလက်ဝ ကားလမ်းတလျှောက်မှာလည်း နှစ်ဖက်အပြင်းအထန် ပစ်ခတ်နေတာ နှစ်ပတ်လောက်ကြာမြင့်နေပါပြီ။ ပလက်ဝမြို့နဲ့ သုံးလေးမိုင်သာဝေးတဲ့ တပ်မတော် တပ်စွဲထားတဲ့နေရာတွေမှာ  AA နဲ့တိုက်ပွဲပြင်းထန်နေတာ ရက်ပေါင်း ၁၀ ကျော်ရှိလာတာကိုလည်း AA က ထုတ်ပြန်ထားပါတယ်။

ပလက်ဝဟာ ချင်းပြည်နယ်ထဲရှိပေမယ့်၊ ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့နယ်ကို အားထားနေရတဲ့ မြို့ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အဆက်ပြတ်နေချိန်မှာ လူဦးရေ ၁၀,၀၀၀ ခန့်ရှိတဲ့ ပလက်ဝမြို့နယ်အတွင်း ဆန်နဲ့ လူနာတွေကို ဆေးရုံ အရေးပေါ်ပို့ဆောင်နိုင်ဖို့လည်း ခက်ခဲနေပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်က အာမခံနိုင်မှု အားနည်းတာကြောင့် ယုံကြည်ဖို့ခက်တယ်လို့ ပလက်ဝမြို့ဒေသခံ ခူမီးချင်းမျိုးနွယ်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

တိုက်ပွဲလျော့ကျရေး၊ ဒါမှမဟုတ် နှစ်ဖက်ပြေလည်မှုရရှိရေးအတွက် လက်ရှိ NLD အစိုးရဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာတာမရှိလို့ တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေဦးမယ်လို့ ISP Myanamar အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် အများစုမှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် ၁ နှစ် ကျော်ရှိလာပြီးတော့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ တိုးလာနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org