AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ပြီး ရခိုင်မှာ စစ်မီးပိုတောက်ဖွယ်ရှိ

AA အဖွဲ့ကို မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကိုပိတ်ပြီး စစ်ဘောင်ချဲ့လိုက် တာမို့ ရခိုင်မှာ စစ်မီး ပိုတောက်လောင်ဖို့ရှိတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက မနေ့က တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါဟာ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကိုပိတ်ပြီး စစ်ဘောင်ကို ချဲ့လိုက်တာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ စစ်မီးပိုတောက်လောင်ဖို့ရှိတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ AA အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အန္တရာယ်ဖြစ်စေတယ်လို့ သမ္မတက ယူဆတဲ့အတွက် မတရားအသင်း အက်ဥပဒေပုဒ်မ (၁၆) အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း ပြည်ထဲရေးဝန်ကြီး လက်မှတ်နဲ့ မနေ့က အစိုးရ သတင်းမီဒီယာတွေကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါဟာ စစ်ဘောင်ကိုချဲ့လိုက်တာမို့ မဆုံးနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာဖို့ရှိတယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ ပြောပါတယ်။

"ဆွေးနွေးပွဲနဲ့ပဲ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ဖြေရှင်းရမယ့် အချိန်အခါမျိုးမှာ အခုလို ထပ်ပြီးတော့ စစ်မီးအရှိန်ကို မြှင့်လိုက်တဲ့အခါမှာ စစ်ဘောင်က ပိုကျယ်ပြီးတော့ ဆွေးနွေးရေးလမ်းကြောင်းက ပိတ်သွားတဲ့အတွက် ကျွန်တော်တို့ဘက်က ရခိုင်ပြည်သူတွေအတွက် တော်တော့်ကို စိုးရိမ်ကြောင့်ကြစရာ ဖြစ်တယ်။ ဒါ မဆုံးနိုင်သော မပြီးနိုင်သော တိုက်ပွဲတွေ ရှေ့ဆက်ပြီးတော့ ဖြစ်ပေါ်လာမယ့် အလားအလာတွေ မြင်နေရတယ်ပေါ့"

ပြည်ထဲရေးဝန်ကြီး ကြေညာချက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ပုဒ်မခွဲ (င) အရ ပြည်ထောင်စုအစိုးအဖွဲ့ရဲ့ သဘောတူညီချက်နဲ့  လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော် AA နဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမှာရှိတဲ့ တပ်မတော်ရဲ့ အမှတ်(၉) တန်းမြင့် လေ့ကျင့်ရေးကျောင်းကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် သုံးနေရာလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံး ရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး မတ်လ ၂၃ ရက်နေ့ညပိုင်းမှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ်က မီးဝဒေသဘက်မှာလည်း တပ်မတော်ရဲ့ တပ်စခန်းတစ်ခုကို AA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ရက်ပေါင်း လေးဆယ်ကျော် ဝိုင်းပိတ် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က အကျအဆုံး ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

AA အဖွဲ့က သုံးလနီးပါးကြာ ဖမ်းဆီးထားတာ ခံခဲ့ရပြီးနောက် လွတ်မြောက်လာတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) က  NLD ပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး‌ဝှေ့တင်းက... ပလက်ဝဒေသဘက်မှာ တိုက်ပွဲအရှိန် မြင့်လာနိုင်ခြေရှိလို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

"ဒီလိုမျိုး အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်လိုက်တဲ့ နောက်ပိုင်းမှာတော့ ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ် ဒေသတွေမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမယ့် အရိပ်အယောင်တွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့ မှန်းလို့ ရပါတယ်။ အဲဒါကြောင့် ဒေသခံ ပြည်သူတွေကလည်း ဒီအပေါ်မှာ စိတ်မချမ်းမသာနဲ့ ဘယ်လိုမျိုး အသက်ရှင်ရမလဲ ဆိုတဲ့ဟာလေး ကျွန်တော့်ဆီကို ဖုန်းလှမ်းဆက်တာ ရှိပါတယ်"

အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ကတော့... အစိုးရဲ့ထုတ်ပြန်ချက်က ရခိုင်က လုံခြုံရေးအဖွဲ့တွေကို အကျိုးကျေးဇူးများစေမယ်လို့ ယူဆပါတယ်။

"AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပေးတယ်။ ဒါက ဘာပဲပြောနေနေ နိုင်ငံတော်ကာကွယ်ရေး နယ်မြေဒေသ အေးချမ်းရေးအတွက် လုပ်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအတွက်တော့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်လို့ ပြောရတာပေါ့"

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက အစိုးရရဲ့ ထုတ်ပြန်ချက်အရ ပဋိပက္ခတွေ ပိုပြင်းထန်လာဖို့ ရှိတယ်လို့ ပြောပါတယ်။

"အစိုးရရော ၊ တပ်မတော်ဘက်ကပါ AA နဲ့ ပတ်သက်ပြီးတော့၊ လက်နက်ကိုင်ပြီးတော့ အင်အားသုံးပြီးတော့ ချေမှုန်းရမယ်ဆိုတဲ့ အနေအထားမျိုးကို ယူဆထားပုံ ရတာပေါ့။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ AA အနေနဲ့ အခြေခံဒေသ တည်ဆောက်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားတဲ့အပေါ် လက်မခံနိုင်ဘူး ဆိုတာကို ပြတဲ့ အနေအထားလို့တော့ ကြည့်လို့ရတာပေါ့နော်။ ဒါကိုကြည့်လို့ရှိရင် လာမယ့်လတွေမှာလည်း တိုက်ပွဲအရှိန် အများကြီး ပိုပြင်းထန်လာဖို့ရှိတယ်"

ဒီကြေညာချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ... တပ်မတော်အနေနဲ့  AA နဲ့ပတ်သက်လို့ အကြမ်းဖက် နှိမ်နင်းရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

"အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်မှာပေါ့။ အကြမ်းဖက်လုပ်ရပ်ကြီးပဲ လုပ်နေတဲ့သူကို အကြမ်းဖက်အဖွဲ့လို့ မသတ်မှတ်ရင် ဘာသတ်မှတ်မှာတုံး။ အမေရိကန်မှာတောင်မှပဲ အယ်လ်ကိုင်ဒါကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့တာပဲ။ သူ့တိုင်းပြည်နဲ့ သူ့လူမျိုး အကျိုးစီးပွားကို ထိခိုက်လာတဲ့သူတွေ၊ ဒေသခံ ပြည်သူလူထု အကျိုးစီးပွား ထိခိုက်လာတဲ့သူကို အကြမ်းဖက်အဖွဲ့လို့ မသတ်မှတ်လို့ ဘာသတ်မှတ်ရမှာလဲ။ ဒါနဲ့ ပတ်သက်ပြီးတော့မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတယ်၊ သတ်မှတ်ထားတဲအတွက်ကြောင့်မို့လို့ သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေး ၊ အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေးနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမှာပဲ"

AA အဖွဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့လမ်းကြောင်း ပိတ်သွားပြီလားဆိုတဲ့ မေးခွန်းကိုတော့... ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးအဖွဲ့ (NRPC) ကသာ တိတိကျကျ ဖြေနိုင်မှာဖြစ်ပြီး၊ ဥပဒေကြောင်းအရ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်လိုက်ပြီဆိုရင် နိုင်ငံရေးဆွေးနွေးဖို့ လမ်းကြောင်းက ခဲယဉ်းသွားပြီလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အစိုးရက အင်အားသုံးဖြေရှင်းမယ့် နည်းလမ်းကိုရွေးလိုက်ပြီလို့ ဝေဖန်ပါတယ်။

"ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားမျှတမှု ရှိစွာဖြင့် ဖြေရှင်းမယ်ဆိုတဲ့မူဝါဒ မရှိဘူးဆိုတာ ဖော်ပြနေတာဖြစ်တယ်။ တစ်ဖက်က ပြောမယ်ဆိုလို့ရှင် သူတို့ဘက်ကနေပြီး အင်အားသုံးဖြေရှင်းမယ့် နည်းလမ်းကို ရွေးချယ်တယ်လို့ပဲ ကျွန်တော်တို့က ယူဆလို့ရတာပေါ့။ ဒီလိုမျိုး မြန်မာစစ်တပ်ဘက်ကနေ အင်အားသုံး ဖြေရှင်းမယ့် လမ်းကြောင်းကို ရွေးချယ်လိုက်တဲ့အတွက်ကြောင့် နောက်ဆက်တွဲကတော့ နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အနေအထားတွေတော့ ရှိတာပေါ့"

ကုလသမဂ္ဂ အတွင်း‌‌ရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က... အခုလို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ဆိုက်နေတဲ့အချိန်မှာ ကမ္ဘာ့‌နေရာ အနှံ့အပြားမှာ ဖြစ်ပွား‌နေတဲ့ စစ်ပွဲတွေကို ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org