ဖားကန့်မှာ ကျောက်တူးသမားအယောက် ၅ဝ နီးပါးဖမ်းဆီးခံရ
ဖမ်းသွားတဲ့သူတွေကို တစ်ယောက်ကို သိန်းငါးဆယ်နဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း နေမင်းကမ္ဘာကုမ္ပဏီမှာ အလုပ်လုပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023-05-29 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ရေမဆေးကျောက်လုပ်ကွက်ကုမ္ပဏီသုံးခုကို ဧပြီလ ၂၉ ရက် မနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်လာပြီး အလုပ်သမားအယောက် ၅ဝ လောက်ကိုဖမ်းသွားတယ်လို့ မျက်မြင်ကြုံတွေ့သူတွေက RFA ကို ပြောပါတယ်။
နေမင်းကမ္ဘာ၊ မြန်မာ့တကောင်း၊ ကျော်နိုင်နဲ့ ညီများဆိုတဲ့ ကုမ္ပဏီသုံးခုကို ဝင်စီးပြီး အလုပ်သမားတွေကို ဖမ်းသွားတာလို့ ဆိုပါတယ်။
"ဖမ်းပြီးတော့ ခေါင်းပေါ်မှာ လက်တင်ခေါင်းငုံနေရတယ်။ ဖမ်းလာတဲ့သူအများစုက အရပ်ဝတ်တွေနဲ့၊ ယူနီဖောင်းက အနည်းငယ်ပဲ ပါတယ်။ ခေါင်းမမော့နဲ့ ခေါင်းမော့ရင် ပစ်မယ်ဆိုပြီးပြောတာ"
နေမင်းကမ္ဘာကုမ္ပဏီမှာ အလုပ်လုပ်သူတစ်ဦး ပြန်ပြောပြတာပါ။ သူတို့တွေကို ပုံစံထိုင်ခိုင်းပြီးနောက် ဘတ်ဖိုးကားမောင်းတဲ့သူ၊ လုပ်ကွက်ကျင်းခေါင်းနဲ့ ယမ်းကားသမားအပါအဝင် ၁၁ ယောက်ကိုဖမ်းဆီးသွားသလို၊ ကျောက်တူးရာမှာသုံးတဲ့ ယမ်းကားနှစ်စီးကိုလည်း ယူသွားတယ်လို့ သူက ပြောပါတယ်။
ကျန်တဲ့အဖမ်းခံရသူတွေက တခြားကုမ္ပဏီနှစ်ခုကဖြစ်ပြီး အဲဒီကုမ္ပဏီတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ သူတို့ကုမ္ပဏီကနေ အဖမ်းခံရသူ ၁၁ ယောက်ထဲက အားရင်ကောလို့ခေါ်တဲ့ အသက် ၄ဝ အရွယ် အမျိုးသားတစ်ယောက်ဟာ ခြေထောက်ကို သေနတ်နဲ့ ပစ်ခတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။
ဖမ်းသွားတဲ့သူတွေကို တစ်ယောက်ကို သိန်းငါးဆယ်နဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
"တပ်မချိန်းတာပဲဖြစ်ဖြစ်၊ ဗျူဟာချိန်းတာပဲဖြစ်ဖြစ်လုပ်တဲ့အချိန်မှာ ပြည်သူဆီကနေရသလောက် ပိုက်ဆံညစ်တာပဲ။ လူတွေဖမ်း၊ စက်ယန္တရားတွေယူပြီးရင် တန်ဖိုးတစ်ခုတပ်ပြန်ရွေးခိုင်းတာ၊ အခု ၁၁ ယောက်အဖမ်းခံရတာဆို တစ်ယောက်ကို သိန်းငါးဆယ်နဲ့ ပြန်ရွေးဖို့ မန်နေဂျာဆီ အကြောင်းကြားတယ်"
လာဖမ်းတဲ့သူတွေထဲမှာ စစ်ကောင်စီဘက်က အယောက် ၅ဝ လောက်ပါပြီး၊ အများစုက အရပ်ဝတ်တွေနဲ့လို့လည်းဆိုပါတယ်။ ပုံစံထိုင်ခိုင်းထားလို့ ဘယ်တပ်ကလဲဆိုတာ သေချာမမြင်ရဘူးလို့ သူကပြောပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီရော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကပါ အခွန်အခတွေကောက်နေပါတယ်။ စစ်ကောင်စီကတော့ အခွန်မပေးရင် ဖမ်းဆီးပြီး ဒီနှစ်ထဲမှာ ဖမ်းဆီးခံရတာတွေ ပိုများလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။
"လိုင်းကြေးပုံစံတောင်းတယ်။ အလှူငွေဆိုပြီး၊ မပေးနိုင်ရင်မလုပ်နဲ့ ဖမ်းတယ် ပစ်တယ် ထုတယ်။ သူတို့ လိုချင်တဲ့ပစ်မှတ်ကို မပေးရင် သူတို့က ဖမ်းတာ၊ ကုမ္ပဏီတစ်ခုကို ကျပ်သိန်းသုံးသောင်း၊ သုံးရာ၊ သုံးထောင် စသဖြင့်တောင်းတယ်။ ကုမ္ပဏီတွေကလည်း မပေးနိုင်ဘဲ ဆက်လုပ်တယ်။ အဲဒီလိုမပေးနိုင်ရင် ဝင်ဖမ်းသိမ်းတာပဲ၊ ဒီလထဲ ဒီ ၂ဝ၂၃ ခုနှစ်ထဲမှာ ပိုများလာတယ်"
၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဖားကန့်ကနေဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ကိုအောင်ဟိန်းမင်းကလည်း အခုလိုပြောပါတယ်။
'ဖားကန့်မှာ ကျောက်တူးနေတဲ့ ကုမ္ပဏီတွေက သူတို့နဲ့မကင်းပါဘူး။ အခွန်အခပေးရင် အေးဆေးတူးလို့ရတယ်။ မပေးရင်တော့ လက်နက်ကြီးနဲ့ပစ်၊ ခြိမ်းခြောက်၊ရမ်းကားတာရှိတယ်။ ကုမ္ပဏီတင်မကဘူး။ ရပ်ရွာထဲလည်းအဲဒီလိုပဲ၊ လောင်းကစားကိစ္စတွေဆို ပိုလုပ်တယ်။ အကျိုးစီးပွားအခွန်အခတွေပေါ့ဗျာ"
ဖမ်းမိတဲ့သူတွေထဲက တချို့ကိုပြန်လွှတ်ပေးပေမဲ့ တော်တော်များများကို ပြန်မလွှတ်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ အဲဒီသူတွေကို ဖမ်းပြီးရင် လူသားဒိုင်းအဖြစ် စစ်တပ်ကပြန်သုံးတာလည်းရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံကပြောပါတယ်။
"လှမ်းပစ်တာခတ်တာတွေ ရှိမှာကြောင့်လို့ သူတို့က လူတွေကိုဖမ်းပြီး လူသားဒိုင်းသုံးတာ၊ အဲဒီကျတော့ ဘယ်လိုမှဟိုဘက်ကလည်း လုပ်လို့မရဘူး"
အဲဒီဒေသမှာဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ကြားတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ဖားကန့်ဒေသခံတွေကို လူသားဒိုင်းအဖြစ် သုံးနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။
ဒီလိုလူသားဒိုင်းအဖြစ်သုံးတဲ့ လုပ်ရပ်ကိုရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW)က ထုတ်ပြန်ထားပါတယ်။
ဒီလူသားဒိုင်းသုံးတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ ပြောရေးဆိုခွင့်ရှိသူလူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို ဒီလအစောပိုင်းမှာ RFA ကမေးမြန်းခဲ့ပေမဲ့ သူမသိဘူးလို့သာ တုံ့ပြန်ပါတယ်။
မနေ့က ကျောက်တူးသမားတွေ အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရဆီ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလိုင်းဆက်သွယ်လို့ မရပါဘူး။
ကချင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဧပြီလတစ်လတည်းမှာ ဖားကန့်မြို့နယ်က ဒေသခံလေးရာနီးပါး စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရပါတယ်။