နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဇိုမီး အမျိုးသားကွန်ဂရက် တောင်းဆို
ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် အိမ်မှာ ဒီကနေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့ပြီး ဒီအခမ်းအနားမှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
-
2011-10-24 -
-
-
၂၀ဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုတွင် ဇိုမီး တိုင်းရင်းသားများလည်း အတူ လက်တွဲ ပါဝင်ကာ စီတန်းလှည့်လည်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
အများပြည်သူ တင်မြောက်တဲ့ ပြည်သူ့အစိုးရကို အဓိက ဦးတည်ထားပေမယ့် ဒီကနေ့အထိ မပေါ်ပေါက်သေးကြောင်း၊ ကြားကာလမှာ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ကြောင်း၊ ရှမ်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဒေါက်တာ တင်မင်းထွန်း၊ ဦးညီပု နဲ့ ဇိုမီးလူငယ်အဖွဲ့က ဖမ်းဆီးထားတဲ့ အဖွဲ့ဝင်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုထားကြောင်း ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးကမ်လျမ်က အာအက်ဖ်အေကို ပြောပါတယ်။
ဒီ ကြေညာချက်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့ကိုလည်း ပြန်လည် လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေ ပပျောက်ပြီး ရေရှည် ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် ပင်လုံစာချုပ်ပါ သဘောတူချက်တွေကို ပြန်လည် အကောင်အထည် ဖော်သင့်တယ်လို့လည်း ဦးကမ်လျမ်က ပြောဆိုပါတယ်၊
ဇိုမီး အမျိုးသား ကွန်ဂရက် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တီးတိန်၊ တွန်းဇံ၊ ကလေးနဲ့တမူးမြို့နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပါတယ်။
ဇိုမီးအမျိုးသား ကွန်ဂရက်ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးပူကျင့်ရှင်းထန် ဟာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။